စီးပွားရေးသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁၃

မေတ္တာလှိုင်း မော်တော်ယာဉ်များ အတွက် လိုအပ်သည့် CNG ဓာတ်ငွေ့ကို ယခင်က ၆ဝ၅ လီတာနှုန်းဖြင့် တရားဝင် ချမှတ်ပေးခဲ့သော်လည်း ယခုအခါ အဆိုပါ ယာဉ်လိုင်းများအတွက် ယာဉ်လိုင်းတစ်စီးလျှင် ၂ဝဝ လီတာနှုန်းသာ ပေးရန် ကန့်သတ်လိုက်ခြင်း ကြောင့် မေတ္တာလှိုင်း မော်တော်ယာဉ် များမှာ CNG ဓာတ်ငွေ့ မလုံလောက်သဖြင့် ဆက်လက် မပြေးဆွဲနိုင်ဘဲ ရပ်ဆိုင်းထားရခြင်း နှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၅ ရက်၊ နေ့လယ် ၂ နာရီ တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ မော်တော်ယာဉ် လိုင်းအသင်းကို ၂ဝ၁၂ ခုနှစ်၊ စက်တင် ဘာလတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံတော်မှ ချမှတ်ပေးခဲ့သည့် ယာဉ်အို ယာဉ်ဟောင်း လဲလှယ်မှုစနစ်ဖြင့် ယာဉ်ဟောင်းများကို အပ်နှံကာ ယာဉ်လိုင်းသစ်များကို အစားထိုး တင်သွင်းခဲ့ကြောင်း၊ ထိုသို့ ယာဉ်လိုင်းသစ်များ ကို အစားထိုး တင်သွင်းခဲ့ ပြီးနောက် ရန်ကုန်မြို့တွင်း အခြေခံလူတန်းစား များ နေထိုင်ကြသော လှိုင်သာယာရှိ အရှေ့၊ အနောက်၊ တောင်၊ မြောက် နေရာများကို အခြေပြုကာ ခရီးစဉ် အကွာအဝေးကို လိုက်၍ တစ်ဦးလျှင် ၅ဝ ကျပ်၊ ၁ဝဝ ကျပ်နှုန်း တို့ဖြင့် ကောက်ခံခဲ့ကြောင်း၊ မေတ္တာလှိုင်း ယာဉ်လှိုင်း ၁ ကို စတင်တည်ထောင်ခဲ့ပြီး နောက်တိုးလာ သည့် ယာဉ်အစီး ၂ဝ အတွက်လည်း ၆ဝ၅ လီတာနှုန်း ဖြင့် CNG ဓာတ်ငွေ့ အလုံအလောက် ပေးနိုင်ခဲ့ရုံ သာမက ရန်ကုန်မြို့အတွင်း၌ ရှိသော ဘတ်စ်ကားများ အတွက်လည်း ထိုနည်းတူ ၆ဝ၅ လီတာနှုန်း ဖြင့် ထုတ်ပေးခဲ့ကြောင်း OMNI FOCUS ကုမ္ပဏီ လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟ က မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။

ထို့ပြင် မေတ္တာလှိုင်း ယာဉ်လိုင်း အသင်းများတည်ထောင်ခဲ့ခြင်းနှင့် ပတ်သက်၍ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သီဟက “မူလ ယာဉ်ပိုင်ရှင်တွေက ယာဉ်အို ယာဉ်ဟောင်းတွေကို သံရည်ကျိုစက်ကို အပ်ပြီးတဲ့အခါမှာ စလစ်ရတယ်။ တင်သွင်းခွင့်ရတယ်။ ဒါပေမယ့် ငွေကြေးပိုင်ဆိုင်ရာ မတတ်နိုင်ဘူး။ အဓိကတော့ နောက်ထပ် ယာဉ် အသစ်တစ်စီးကို သူတို့ ဘယ်ပုံဘယ်နည်းနဲ့ ဝယ်မလဲဆိုတော့ CIF တန်ဖိုးဈေးတွေ သတ်မှတ်ထားတဲ့ အတိုင်း အခြားတင်ပို့မှု စရိတ်တွေရော အားလုံးပေါင်းပြီးတော့ ဝယ်ယူနိုင်တဲ့ အနေအထားမှာ မရှိဘူး။ ပြန်လည် အစားထိုး တင်သွင်းဖို့ ခက်တယ်။ ဒါပေမယ့် ဒီမော်တော်ယာဉ်တွေကို အစားထိုး စလစ်နဲ့ မော်တော်ယာဉ်လဲ လှယ် တင်သွင်းပေးခွင့် လိုက်တယ်။ အဲဒီလို တင်သွင်းခွင့် ပေးလိုက်ပြီးမှ သူတို့ မတတ်နိုင်တဲ့ ငွေကြေးကို ဘဏ်နဲ့ ချိတ်ဆက်ပြီးမှ အရစ်ကျ စနစ်နဲ့ ပေးချေခိုင်းတယ်။ ပြီးတော့မှ ဒီမော်တော်ယာဉ်တွေကိုချည်းပဲ  ယာဉ်ဟောင်း ပိုင်ရှင်တွေပါဝင်တဲ့ မေတ္တာလှိုင်း ယာဉ်လိုင်းကို တည်ထောင် လိုက်တာပါ”ဟု ထပ်မံပြောကြား သည်။

စွမ်းအင်ဝန်ကြီးဌာနမှ CNG Gas ထည့်သည့် ကားတစ်စီးကို ယခင်က ၆ဝ၅ လီတာနှုန်းဖြင့် ထည့် သွင်းခွင့် ပေးထားရာ တစ်နေ့လျှင် ၃ ခေါက်မှ ၄ ခေါက်နှုန်းအထိ ပြေးဆွဲ နိုင်ကြောင်း၊ သို့ရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ မေတ္တာ လှိုင်း ၂ တွင်ရှိသော မော်တော်ယာဉ် ၂၆ စီးနှင့် အခြားသော မ.ထ.သ ယာဉ် ၂ စီးအပါအဝင် စုစုပေါင်း ၂၈ စီးတို့အား ယာဉ်လိုင်းတစ်စီးလျှင် ၂ဝဝ လီတာနှုန်း(သို့မဟုတ်)သံရည် ကျိုစက်သို့ ပို့စဉ်က ချပေးသည့် နှုန်း ထားအတိုင်းသာပေးရန် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း၊ သို့ဖြစ်၍ ယခုပြောင်းလဲ သတ်မှတ်ပေးလိုက်သည့် ၂ဝဝ လီတာနှုန်းဖြင့်သာ ဆက်လက် ပေးသွားမည်ဆိုပါက CNG Gas  ဖြည့်ရသော မော်တော်ယာဉ်များမှာ ဆက်လက် ပြေး ဆွဲနိုင်မည် မဟုတ်ကြောင်းနှင့်  လုံလောက်သည့် ဓာတ်ငွေ့မရရှိသဖြင့် ယခုအခြေအနေတွင် လည်း မေတ္တာလှိုင်း မော်တော် ယာဉ်လိုင်းများ အနေဖြင့်လည်း ရပ်ဆိုင်းထားရကြောင်း ယင်းက ဆက်လက်ပြောကြား ခဲ့သည်။

ထိုသို့ ပြောင်းလဲသတ်မှတ်လိုက် ခြင်းနှင့်ပတ်သက်၍ ဦးကျော်သီဟက ““ကျွန်တော်တို့ ဒီကားကြီးတွေက အင်ဂျင် ပါဝါ ၁၁၁၄၉ စီစီ ရှိတယ်။ ယခင်က သံရည်ကြိုစက် ပို့လိုက်စဉ် အင်ဂျင်က ၃ဝဝဝ စီစီပဲရှိတယ်။ အဲဒီ တော့ အင်ဂျင်ပါဝါအားဖြင့် ၃ဝဝဝ စီစီနဲ့ ၁၁၁၄၉ စီစီ ကွာခြားတယ် ဆိုတော့ CNG ဓာတ်ငွေ့ကလည်း လုံ လောက်စွာ ရရှိမှ ဖြစ်မယ်။ ရန်ကုန် တစ်မြို့လုံးမှာရှိတဲ့ ယာဉ်လိုင်းတွေကို ၆ဝ၅ လီတာနဲ့ပေးတယ်။ အခုကြမှ မေတ္တာလှိုင်း ယာဉ်လိုင်းတွေကို ၂ဝဝ လီတာ ပြောင်းပေးတာ။ ဘာကြောင့်လဲဆိုတာ မသိရဘူး။ ဘာအကြောင်း ပြချက်မှလည်း မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ က နိုင်ငံတော် သမ္မတ ဆီကို ဖေဖော်ဝါရီ ၂ဝ ရက်က အသနားခံစာ တင်ထားပါတယ်”ဟု ဆိုသည်။

CNG Gas  အလုံအလောက် မရသည့်အတွက် မေတ္တာလှိုင်း ယာဉ်လိုင်းများ အနေဖြင့် ယာဉ်လိုင်းပြေးဆွဲချိန် အတွင်း အခက်အခဲ ဖြစ်ရပုံတို့ကို လည်း “ကျွန်တော်တို့ CNG ကား ဆိုတာ Gas  ဆိုင်မှာ ထည့်ရတာဖြစ်တဲ့ အတွက် လမ်းမှာ ရပ်သွားရင် အဆင်မပြေဘူး။ စွမ်းအင်ဝန်ကြီးဌာန က CNG သဘာဝ ဓာတ်ငွေ့သုံးဆိုင် ဆိုပြီး ရန်ကုန်မြို့မှာ ချထားပေးတယ်။ လိုင်းကားတွေကို အဲဒီဆိုင်မှာ ထည့်ရတယ်။ Pressure အားနဲ့ ထည့်ရတာ ဖြစ်တယ်။ ဒီအတိုင်း လောင်းထည့်လို့ မရဘူး။ Gas ဆိုင်ကြီးကို ရွှေ့လို့ ရတာမဟုတ်ဘူး။ Gas ဆိုင်ကို ရောက်ဖို့ လည်း ဒီကားကို ကျွန်တော်တို့က ဘယ်လိုပို့ရမလဲ။ ကားကြီးက အကြီးကြီးဆိုတော့ တွန်းလို့မှမရ တာ။ ဓာတ်ဆီကား၊ ဒီဇယ်ကားဆို တာက ရပ်တဲ့နေရာမှာ နီးစပ်ရာဆိုင်ကို သွားထည့်လို့ရတယ်။ ပြေးဆွဲနေ တဲ့အချိန်မှာ CNG Gas  ပြတ်သွားပြီ ဆိုတာနဲ့ ဒီခရီးသည်တွေကို ဘယ်နား မှာ သွားချထားရမလဲ။ အဲဒီအတွက် အများနည်းတူ ၆ဝ၅ လီတာရမှ ကျွန်တော်တို့အတွက် အဆင်ပြေမှာပါ”ဟု မန်းနေဂျင်းဒါရိုက်တာ ဦးကျော်သီဟ က ယခုကဲ့သို့ ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း၌ ယာဉ်အစီးရေ ၁၃၇ စီးခန့် လဲလှယ် တင်သွင်းပြီးခဲ့ပြီ ဖြစ်ရာ “တကယ်လို့သာ နိုင်ငံတော် အစိုးရက နေပြီးတော့ မူလယာဉ်အို ယာဉ်ဟောင်းတွေကို အပ်နှံလိုက်တဲ့ အတိုင်းအတာအတိုင်း ဘာတင်သွင်း၊ ဘာတင်သွင်း ဒါပဲပြန် ရမယ်လို့ တရားဝင်ကြေညာပေးခဲ့ရင် ဘယ်သူမှ မလုပ်ဘူး။ ပထမကားအစီး ၂ဝ လောက်ကိုပဲ အများနီးတူ ခံစားခွင့်ရ လိုက်ပြီးတော့ နောက်ကားတွေကို အများနည်းတူ ခံစားခွင့်မရှိတာ။ ဘာကြောင့်လဲဆိုတာ နားမလည်ဘူး။ ကျွန်တော်တို့မှာ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်တွေကို ပေးရတဲ့လစာ တွေလည်းရှိပါတယ်။ CNG ရရှိမှု မမျှတတဲ့အတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ဝင်ငွေ တစ်စုံ တစ်ရာ မရရှိဘဲ ဘယ်နှစ်နှစ် ကြာအောင် တောင့်ထားနိုင်မှာလဲ။ အဲဒီ အတွက် ကျွန်တော်တို့ ယာဉ်လိုင်း တစ်စီး ကို ၂ဝဝ လီတာရယ်နဲ့ မလုံလောက် ပါဘူး။ အများနည်းတူ ၆ဝ၅ CNG လီတာရမှသာ ဆက်လက် ပြေးဆွဲနိုင် မှာပါ” ဟု ဦးကျော်သီဟက ပြောကြားခဲ့သည်။

ဝ၁၅

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*