သတင်းဆောင်းပါး — ဖေဖော်ဝါရီ၊ ၂ဝ၁၃

မှိုင်းညို့ရီဝေ ရခိုင်ရိုးမတောင်စွယ် အရိပ်က ပြာလဲ့တောက်ပနေသော ကျောက်ဖြူမြစ်ရေပြင်ပေါ်မှာ လူးလိမ့် ဆော့က စားနေဆဲ။ တိမ်စ ကင်းစင်တဲ့ သူရိန်နေမင်းက ကျွန်မတို့ စီးလာတဲ့ ဟွန်ဒါ စက်လှေကလေးကို အပူချိန် ပြင်းပြင်းနဲ့ ဆင်းသက်နေဆဲမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၈ မိုင်အကွာမှာရှိတဲ့ မြဒေးကျွန်းလေး ကို လှမ်းမြင်နေရပြီ။ မြဒေး ကျွန်းလေးပေါ်မှာ တရုတ်ရေနံကုမ္ပဏီ CNPC ရဲ့ စီမံကိန်း လုပ်ငန်းခွင် အဆောက်အဦးတွေ ကလွဲရင် ကျန်တဲ့ ဒေသခံ တဲအိမ်လေးတွေကို ရိုးတိုးရိပ်တိတ်သာ တွေ့မြင်နေရတယ်။ မြစ်ပြင်မှာတော့ တံငါလှေတွေက ထူးဆန်းစွာ ပျောက်ကွယ်နေ တယ်။

“ဒီမှာက ငါးဖမ်းခွင့် မရှိတော့ဘူးဗျ။ ကုမ္ပဏီတွေ ရောက်လာ ကတည်းကစပြီးတော့ သူတို့လုပ်ငန်းတွေ အနှောင့် အယှက် ဖြစ်တယ် ဆိုပြီး ငါးဖမ်းခွင့်ကို ပိတ်ထားတယ်။ ကျွန်တော်တို့ မြဒေးကျွန်းက လူတွေက ရေလုပ်ငန်းကို အဓိက ထားကြရတာ။ ဒီနေရာက ကျောက် ဖြူမြို့နယ်မှာ ငါးအရဆုံးနေရာ ဖြစ်တယ်။ မြဒေးကျွန်းရဲ့ ဆန်အိုးကြီးပါ။ အခု ငါးမဖမ်းရတော့ ဆန်အိုးကြီးလည်း ကွဲသွားတော့ အခက်တွေ့နေတော့ တာပေါ့ဗျာ။ ဥယျာဉ်၊ ခြံ၊ မြေနဲ့ လယ်ယာ စိုက်ပျိုးကြတာ အနည်းအကျဉ်းပဲ ရှိတဲ့အထဲမှာမှ ပိုက်လိုင်း စီမံကိန်းထဲ ပါသွားပြန်တော့ အားလုံး ဒုက္ခရောက် ကုန်တာပေါ့” ဆိုပြီး ဟွန်ဒါပေါ်မှာ လိုက်ပါလာတဲ့ မြဒေး ကျွန်း ဒေသခံတစ်ဦးက ကျွန်မတို့ကို ရှင်းပြတယ်။

ကျွန်မရင်ထဲမှာ စိတ်မကောင်း စွာနဲ့ပဲ ဒေသခံတွေ အခုဘာတွေ လုပ်ကိုင်စားသောက်နေကြလဲလို့ မေးပါတယ်။ အဲဒီတော့ သူက “အလုပ်အကိုင်မရှိတော့ နိုင်ငံခြား ထွက်ကြတာပေါ့ဗျာ။ တချို့က တခြားနေရာ သွား အလုပ် လုပ်ကြတယ်။ သူတို့ရဲ့ စီမံကိန်းလုပ်ငန်းမှာ အောက်ခြေ ဝန်ထမ်း ဝင်လုပ်သူတွေလည်း ရှိတယ်။ သူတို့ အလုပ်ထဲ မြဒေးကျွန်းသားတွေ အလုပ်လုပ်ခွင့် မရလို့ ဟိုတလောက ဆန္ဒပြမယ် လုပ်တော့မှ ခုနောက်ပိုင်း နည်းနည်း တာဝန်ပေးတာ တွေ့ရတယ်” လို့ ပြောတယ်။

နေ့လယ် ၁ နာရီလောက်မှာ မြဒေးကျွန်း ဆိပ်ကမ်းကို ကျွန်မတို့ တက်ကြည့်တော့ ရခိုင်အမျိုးသမီးတွေ ပင်ပင်ပန်းပန်း နဲ့ ကျောက်ထမ်းနေတာ တွေ့ရတယ်။ သူတို့အရွယ် တွေက ကလေးအရွယ်ကစ သက်ကြီးပိုင်းထိ အရွယ်စုံပါပဲ။

“ဒီဒေသက လူတွေ လုပ်ခွင့်ရတာက ကျောက်လုပ်ငန်း ပါပဲရှင်။ ကျွန်မတို့က ထမ်းဗူးနဲ့လာစောင့်နေရတယ်။ အလုပ်ပေါ်မှ ခိုင်းတယ်။ တစ်နေကုန် ထိုင်စောင့်ပြီး မလုပ်ရရင် အိမ်ပြန်ရတယ်။ လုပ်အားခ ကြတော့လည်း တစ်နေ့ကို နှစ်ထောင်ပဲ ပေး တယ်။ အမျိုးသားတွေကြတော့ သုံး ထောင်ကျော်ရတယ်။ အလုပ်လုပ် တာချင်း အတူတူ ကျွန်မတို့ အမျိုးသမီးတွေကို တမင်ခွဲခြားပေးနေတာ” လို့ ကျောက်တန်းရွာကနေ အလုပ်ကြမ်း လာလုပ်နေတဲ့ အသက် ၅ဝ ကျော်အရွယ် ဒေါ်အောင်လှနု က ကျွန်မကို ပြောတယ်။

မြဒေးကျွန်းပေါ်မှာ လှည့်ပတ် ကြည့်တော့ ဒေသခံတွေ အတော့်ကို နွမ်းပါးနေတာ တွေ့ရတယ်။ ထူးခြားတာ က နိုင်ငံခြားသား လုပ်သားတွေအတွက် နေစရာ အဆောက်အဦး တိုက်ခန်းလေးတွေမှာ ရေမီးအစုံနဲ့ သပ်သပ် ရပ်ရပ်လေး ထားပြီးတော့ မြန်မာတိုင်းရင်းသား လုပ်သားတွေ လမ်းဘေးမှာ ဖုန်တထောင်းထောင်း ထပြီး တဲစုတ်လေးတွေ နဲ့ ဖြစ်သလို နေကြရတာကို ရင်နင့်စွာ တွေ့မြင်ခဲ့ရတယ်။ စီမံကိန်းကြီး ကျွန်းပေါ်မရောက်မီ အခါတုန်းကတော့ ပြည်သူတွေ မှာ စိတ်အေးချမ်းစွာ နေထိုင် ခဲ့ရပေမယ့် စီမံကိန်းကြီး ရောက် ရှိလာတော့ ပြည်သူတွေမှာ သောကတွေ အပြည့်နှင့် ရတက်မအေး နိုင်သော် လည်း ရေနက်ဆိပ်ကမ်း စီမံကိန်း ကြီးကား နေ့မအား ညမအား ဂုဏ်ယူ ဝင့်ကြွားစွာ ဆောက် လုပ်နေကြတော့တယ်။ တစ်နာရီခန့်ကြာတဲ့ အခါ ကျွန်မတို့ ဟွန်ဒါကလေး ဟာ မြဒေးကျွန်းကို ကျောခိုင်းထွက်ခွာ လာခဲ့ကြပြီး ကပိုင်ချောင်းရွာသို့ ဦးတည် ခုတ်မောင်းလာ ခဲ့ကြတယ်။ ညနေ ၃း၃ဝ လောက်မှာပဲ လှေဆိပ်ကိုရောက် တယ်။ လှေဆိပ်မှာပဲ အိန္ဒိယနိုင်ငံ Punj Lloyd ကုမ္ပဏီရဲ့ စီမံကိန်း လုပ်ငန်းခွင်ကို တွေ့ရတယ်။ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ အတူ တိုင်းရင်းသား လုပ်သားတွေ၊ လုံခြုံရေး တပ်သားတွေကို တဲအိမ် ဆယ်လုံးခန့် မှာ တွေ့ခဲ့ရတယ်။

အဲဒီမှာ မနက်စာ ထမင်းကျွေးတဲ့ ရခိုင်မိတ်ဆွေက “အရင်တုန်းကဆိုရင် အလုပ်သမားတွေ အများကြီးပဲဗျ။ အခုက ပိုက်ဆက် လုပ်ငန်း ပြီးတော့မှာ ဆိုတော့ လူအရမ်း နည်းသွားပြီလေ” ဟု ကုမ္ပဏီလုပ်ငန်း အခြေ အနေကို ပြောပြတယ်။

ဆိပ်ကမ်းကနေ ကပိုင်ချောင်းရွာသို့ တစ်နာရီအကြာ လမ်းလျှောက် ကြရတယ်။ လမ်းတစ်လျှောက်မှာ လယ်မြေတွေ ပျက်စီးနေပြီး ဆားငန် ရေငွေ့ဖုံးလွှမ်းခြင်း လက္ခဏာ နီကျင့်ကျင့် အရောင်ကို နေညိုချိန်မှာ အထင်းသားတွေ့မြင်ရတယ်။ ဂုဏ်ဝင့်စရာ မြင်ကွင်းမဟုတ်ပေမယ့် ပါလာတဲ့ သတင်းထောက်တွေက အမိအရ ဓာတ်ပုံရိုက်ကြတယ်။

ညမှောင်ရီဝိုးတဝါးမှာ အိမ်ခြေ ထောင်ကျော်ရှိတဲ့ သမ္ဗာန်ချောင်းရွာကို ကျွန်မတို့ ပင်ပန်းနွမ်းလျစွာပဲ ရောက်ခဲ့ ပါတယ်။ ရန်ကုန် ဂျာနယ်တိုက်ကို ဖုန်းဆက်မယ် လုပ်တော့ ရွာသားတစ်ဦးက “ဆရာမဖုန်းက ဂျီလား၊ ဂျီဆို ဒီမှာမရဘူး” တဲ့။

ကျွန်မတို့ သတင်းထောက်တွေ  ရောက်လာတာနဲ့ ရွာသားတွေ စုဝေး ပေါက်ချလာကြတယ်။ အဲဒီမှာ “ကျွန်တော်တို့ ရွာနားက ပျက်နေတဲ့ ဆည်ကြီးက လက်ခွာဒွေဆည် လို့ ခေါ်တယ်။ လယ်သမား ၁၆၁ ယောက် လုပ်ကိုင် စားသောက်နေ တာပါ။ ကျွန်တော်တို့ ဆည်ကိုဖြတ်ပြီး ပိုက်လိုင်းသွယ်တန်းတဲ့အခါ ပိုက်လိုင်း လမ်းကြောင်း တစ်လျှောက်ပဲ လျော်ကြေးပေး တယ်။ တကယ်တမ်း ဖောက်လုပ်တဲ့အခါကျတော့ ဆည်ပေါင်တွေ ကို ချိုးဖျက်လိုက်လို့ ဆည် တစ်ခုလုံး ရေငန်တွေပြည့် သွားလို့ လယ်သမား အားလုံး စပါးစိုက်လို့ မရခဲ့ဘူး။ နစ်နာကြေး တောင်းလည်း ဂရုမစိုက်ဘူး။ မယက၊ ခယကကို တိုင်ပြန်တော့လည်း ဘာမှအရေးမယူဘူး။ ဝမ်းစာအတွက် ရှိသမျှ ရွှေစ ငွေစလေးတွေရောင်း၊ နွားတွေရောင်းနဲ့ အခုဆို ဒုက္ခ ပင်လယ်ဝေနေကြရပြီ” ကပိုင်ချောင်း ရွာသား အသက် ၇၇ နှစ်အရွယ် လယ်သမားကြီး ဦးအောင်ကျော်ထွန်းက ညှိုးမျက်နှာနဲ့ ဆိုလာတယ်။

“နိုင်ငံတကာမှာ ဒီလို ဆောင်ရွက်တဲ့အခါ လုပ်ငန်း မစတင်မီ ကတည်းက ဒေသခံတွေရဲ့ နစ်နာချက်တွေ ကို ဖြည့်ဆည်းပေးရတယ်။ ပြီးတော့ ဒေသဖွံ့ဖြိုးရေးကို ဆောင် ရွက်ပေးရတယ်။ ပြီးတော့မှ သူတို့ရဲ့ လုပ်ငန်းကို ဆောင် ရွက်တယ်။ ဒီမှာ ဖြစ်နေတာက ဒေသဖွံ့ဖြိုးရေး မဆိုထားနဲ့ ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးမှု တွေကို လုံးဝ လျစ်လျူရှု ထားတယ်။ အထူးသဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို လေးစားတန်ဖိုးထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ကုမ္ပဏီကြီး တစ်ခုက ဒီလိုသိက္ခာမဲ့တဲ့ လုပ်ရပ်မျိုး ပြုမူ လုပ်ဆောင်နေတဲ့ အပေါ် အကြီးအကျယ် စိတ်ပျက် မိတယ်” မြို့ချောင်း တိုက်နယ် ဒေသဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ဝင် ဦးထွန်းကြွယ်က ကျွန်မတို့ကို ရှင်းပြပါတယ်။

လယ်သမားတွေ တစ်ယောက်ပြီး တစ်ယောက် ပြောပြချက်တွေအရ ကပိုင်ချောင်းကာရီခေါ် လက်ခွာဒွေဆည် မှာ အမည်ပေါက် ဧက ၇၅ဝ ရှိသော်လည်း အမှန်တကယ် မှာ လယ်မြေ ဧက ၁၈၂၄ ဧကရှိကြောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွယ်တန်းမှုကြောင့် ဆည်ပေါင် ပျက်စီးရာက တစ်ဆင့် ဆားငန်ရေ အတွင်း ဆည်တွင်း ဝင်ရောက်၍ ပျက်စီးခဲ့ကြောင်း၊ ဆည်ပေါင်များ ပြန်လည် ဆည်ဖို့ပေးခြင်း မရှိသလို ၂ နှစ်တာ ကာလ စပါးပျက်စီးမှု နစ်နာကြေးလည်း မပေးကြောင်း၊ လယ်သမားများ အတိဒုက္ခ ရောက်နေရကြောင်း သိရတယ်။

နောက်နေ့မနက်မှာ ကပိုင်ချောင်း ဆရာတော်ကို လျှောက်ထားတော့ ဆရာတော်က “ကုန်ခဲ့တဲ့လက ဦးဇင်း Punj Lloyd ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ သူတို့က နစ်နာသူလယ်သမားတွေရဲ့ လိုအပ်ချက်တွေ ကိုလည်း ဖြည့်ပေး မယ်။ ဒေသဖွံ့ဖြိုးရေးလည်း လုပ်ပေးမယ်လို့ ကတိပေးသွားတယ်။ စီမံကိန်းပြီးဆုံးမယ့် ၂ လသာ လိုတော့တဲ့ ဒီနေ့ အထိ ဆောင်ရွက်ပေးတာ မတွေ့ရတော့ သူတို့ပေးတဲ့ ကတိအပေါ်မှာ ဦးဇင်းတော့ သံသယ ဖြစ်မိတာ အမှန်ပါပဲ။ နောက်ထပ် ဦးဇင်းကြားရတာ ကတော့  ဘိလပ်မြေအိတ် ၂ဝဝ နဲ့ ငွေ ၅ သိန်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးဆီ ကို ပေးတယ်တဲ့။ ဒါနဲ့ ရေပိုက်ခေါင်း  တစ်ခုကို ရွာသားတွေ လုပ်အားပေးနဲ့ ဆောက်လုပ် ခိုင်းတယ်။ မလာတဲ့ လူကို ငွေ ၅ဝဝဝ ထောင် အလျှော်ဒဏ် တပ်တယ်။ တကယ်တော့ သူတို့က စေတနာနဲ့ ပေးတာ မဟုတ်ဘူး။ သူတို့ ပိုက်လိုင်း တည်ဆောက်တဲ့အခါ အထောက်အကူပြုဖို့ အတွက် ရွာသားတွေရဲ့ လုပ်အားကို တစ်ဖက်လှည့်နှင့် ယူလိုက်တာ သာဖြစ်တယ်။ သူတို့ကြောင့် ပျက်စီးသွားတဲ့ ဆည် ပေါင်တွေ ကို ပြန်လုပ်ပေးမယ် ဆိုရင် ဆည်တစ်ခုလုံးကို သူတို့ငွေကြေးနဲ့ ပြန်လည်ပြုပြင်ပေးရမှာဖြစ်တယ်။ ရွာသားတွေကို ခိုင်းစရာမလိုဘူး” ဆိုပြီး ဆည်နဲ့ ပတ်သက်လို့ အကျယ်တစ်ဝင့် မိန့်ကြားပါတယ်။

ပိုက်လိုင်း ဖြတ်သန်းမြေ နစ်နာကြေးကိစ္စ ရင်ဖွင့်သံတွေကို နားထောင်ကြည့်တဲ့အခါ လျော်ကြေး မရသူထက် လျော်ကြေးကို ပိုင်ရှင် အစား တခြားသူ တစ်ဦးကို ပေးထားတဲ့အပေါ် ဘဝင်မကျမှုတွေ၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) က သတ်မှတ်ပေးပြီးဖြစ်တဲ့ လျော် ကြေးငွေ အပြည့်မရတဲ့ အခြေအနေ တွေက ပိုများနေတာ တွေ့ရတယ်။ ထူးခြားတာက လျော်ကြေးမရတဲ့ အထဲမှာ တပ်မတော်သား မိသားစုဝင်တွေ၊ တပ်မတော် အငြိမ်းစားတွေ လည်း ပါဝင်တာတွေ့ရတယ်။

“ကျွန်မယောက်ျား တပ်က ထွက်လို့ရှိရင် အမေရယ်၊ မောင်လေးရယ် အပြင်မှာ အတူတူနေပြီး စိုက်ပျိုး မွေးမြူရေး လုပ်စားကြမယ်ဆိုပြီးတော့ ကိုယ်ပိုင်ငွေလေးနဲ့ ၂ဝဝ၇ မှာ ဦးတုံ ဝယ်ထားခဲ့တာပါ။ အဲဒီ မြေကွက် လေး ပိုက်လိုင်းဖောက်တဲ့အထဲပါသွားတော့ MOGE ဆီမှာ ကျွန်မ လျော်ကြေး သွားတောင်းပါတယ်။ သူတို့က ကျွန်မကို မရတော့ဘူးလို့ ပြောတယ်။ ဟိုတိုင်ဒီတိုင် လုပ်ရင် နင့်ယောက်ျား တပ်ကြပ်ကြီးဘဝကနေ အရာခံဗိုလ် မဖြစ်ဘဲ အလုပ်ပြုတ်သွားလိမ့်မယ် ဆိုပြီးတော့လည်း ခြိမ်းခြောက် လွှတ်လိုက်တယ်။ ကျွန်မလည်း ကြောက်ကြောက်နဲ့ ပြန်လာခဲ့ ရတာပေါ့ရှင်” ဆိုပြီးတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခမရ ၃၇၂ မှ တပ်ကြပ် ကြီးတစ်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်ချယ်ရီမိုးက မချင့်မရဲ ပြောပြပါတယ်။

အမ်းမြို့အောက်ရွာနေ တပ် မတော်တပ်ကြပ်ဘဝမှ အငြိမ်းစားယူ ထားတဲ့ ဦးဝဏ္ဏစောကလည်း “ကျွန်တော့်ပိုင် မြေက ကွင်းအမှတ် (OSS)ကြေး တိုင်ပြင်ဖြစ်ပြီးတော့ ဦးပိုင်အမှတ် N/25, N/45, N/63, N/75 တို့ဖြစ်တယ်။ စုစုပေါင်း ပိုင်ဆိုင်မြေ ၂ ဧကရှိပါတယ်ဗျာ။ အဲဒါ ပိုက်လိုင်းဖြတ်မယ်လုပ်တော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ကျွန်တော် မပါဘဲ တိုင်းထွာတယ်။ ကျွန်တော့်ကို အကြောင်းမကြားဘဲ တိုင်းထွာထားတဲ့အတွက် ကျွန်တော် လက်မှတ် မထိုးနိုင်ဘူး ဆိုပြီးတော့ ငြင်းဆိုခဲ့ပါ တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော့်ကို ခေါ်ပြီးတော့ မြေကွက်ကို တိုင်းပါတယ်။ ကျွန်တော့်သီးနှံပင်တွေကို စာရင်းပြုစုတယ်။ အဲဒီမှာ ကြည့်လိုက်တော့ ကျွန်တော့် မြေကွက် ထဲမှာ တခြားရွာက သူတို့နဲ့ နီးစပ်သူ နှစ်ဦးက ကော်ဖီပင် အတုတွေ တိတ်တဆိတ် ဝင်စိုက်ထားတယ်။ သူတို့ စိုက်ထားတဲ့ မြေကြီးအတွက် နစ်နာကြေးတွေ အားလုံးကို သူတို့နှစ်ဦးကိုပဲ ပေးလိုက်တယ်။ ကျွန်တော့်ကိုကျ တော့ ၂ ဧကရှိတဲ့အနက် ဝ.၇၄ ဧက အတွက်ပဲ နစ်နာကြေးပေး တယ်” လို့ စိတ်ပျက်လက်ပျက် ရှင်းပြတယ်။

အမ်းမြို့နယ်မှာ တပ်သိမ်းမြေ အများဆုံး တွေ့ရသလို၊ ပိုက်လိုင်း လျော်ကြေးမှုအပြင် လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ လည်း တွေ့ရတယ်။ နစ်နာသူဒေသခံတွေဟာ ကျွန်မတို့ သတင်းထောက်တွေနဲ့တွေ့ပြီး ရင်ဖွင့် ပြောပြလိုပေမယ့် ယခင်က ဘယ်သတင်းထောက်မှ ရောက်လာတာ မတွေ့ရကြောင်း ပြောသလို၊ ယခု လာရာ လမ်းမှာ လည်း ခြိမ်းခြောက်တဲ့ ပုံစံမျိုး ရှိနေတာမို့ မလာရဲတဲ့ ဒေသခံ တွေလည်းရှိကြောင်း ပြောပြကြပါ တယ်။

ဒါနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး က “ကျွန်မတို့ အမ်းမြို့နယ်မှာက တပ်တွေလည်း အများကြီး။ နောက်ပြီးတော့ အစဉ်အဆက်က အာဏာပိုင်တွေကို ကြောက်လာခဲ့ရ တာပါ။ ဒါကြောင့် တိုင်တန်းတာတို့၊ ပြန် ပြောတာတို့ မလုပ်ခဲ့ကြဘူး။ ကျွန်မ ဆီကိုတော့ တိုင်စာ တွေ အများကြီး ပို့ထားကြပါတယ်” ဟု ရှင်းလင်းချက် ပေးတယ်။

အမ်းမြို့မှာ ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံခဲ့ရသလို၊ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ မြေတွေကို လည်း မှတ်တမ်း ဓာတ်ပုံတွေကို ရိုက်ခဲ့ကြတယ်။ အမ်းမြို့နယ်မှာ ရခိုင် တိုင်းရင်းသားတွေရော၊ ချင်းတိုင်းရင်းသား တွေပါ တွေ့ ရပြီး အမ်းမြို့ရဲ့ သသာဝအလှအပကိုလည်း ကိုယ်တိုင် ကိုယ်ကျခံစားခွင့်ရခဲ့ပါတယ်။

နှစ်ရက်တာနေထိုင်ပြီး အမ်း-တောင်ကုတ်ပြေးဆွဲနေတဲ့ “မိဘဂုဏ်” အမည်ရှိ မော်တော်ယာဉ်နဲ့ တောင်ကုတ်ကို လာခဲ့ကြပါတယ်။ လာရာလမ်း တစ်လျှောက်မှာ ရခိုင်တို့ က “ဖိုးခေါင်တောင်”လို့ခေါ်ကြတဲ့ ရခိုင်ရိုးမတောင်ခြေ အလှ၊ သဘာဝက ပေးတဲ့ သစ်တော၊ ဝါးရုံတောတွေကို တစ်ရိပ်ရိပ်ဖြတ်သန်းရင်း ရခိုင်ပြည် နယ်ရဲ့ သဘာဝ အရင်းအမြစ်တွေ အကြောင်း အတွေးနယ်ချဲ့မိတယ်။ အဖိုးအနဂ္ဂ ထိုက်တဲ့ ဒီအရင်းအမြစ်တွေကို ထုတ်ယူမယ့် တည်ဆောက်ရေး စီမံကိန်းကတော့ မကြာခင် ပြီးဆုံးတော့မယ်။ ရခိုင်မြေမှာ ရွှေသဘာဝ ဓာတ်ငွေ့တွေ အလျှံပယ် ဖြိုးဝေနေပေမယ့် ဘယ်ကြမ္မာဆိုး ဝင်မွှေခဲ့လေမှန်း မသိဘဲ ဒေသခံတွေရဲ့ နစ်နာချက် တွေကတော့ ယနေ့တိုင် ရှိနေဆဲလေ။ ရခိုင်ဒေသ ပိုက်လိုင်းဖြတ်သန်းရာ ကျောက်ဖြူ၊ အမ်းမြို့နယ် နှစ်ခု ခရီးစဉ်သာ ပြီးဆုံးခဲ့ပေမယ့် ကျွန်မနှလုံးသားမှာတော့ ဒေသခံတွေ ရဲ့ ရင်ဖွင့်သံတွေသာ တဖြတ်ဖြတ် စိုးမိုးရိုက်ခတ်နေ ပါတော့တယ်။

မြတ်နိုးသာ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*