ပြည်တွင်းသတင်း — ရန်ကုန်၊ ဒီဇင်ဘာ ၂၄၊ ၂ဝ၁၂

ရွှေပြည်သာမြို့နယ် တော်ဝင် သစ်အချောထည် စက်ရုံဝင်းအတွင်း၌ ဒီဇင်ဘာ ၂၄ ရက်က ဆန္ဒထုတ်ဖော်သူ အလုပ်သမား အယောက်  ၁၅ဝ ကျော်နှင့် စက်ရုံ တာဝန်ရှိသူများ အကြား ပြဿနာများ ဖြစ်ပွားခဲ့သည်။

ယခုဆန္ဒ ထုတ်ဖော်သည့် အလုပ်သမားများကို မိမိတို့တော်ဝင် ကုမ္ပဏီမှ ကုမ္ပဏီပိုင် အခြားစက်ရုံတစ်ခုသို့ အလုပ် ရရှိရန် ရွှေ့ပြောင်းပေးခြင်းကို မကျေနပ်သဖြင့် ဒီဇင်ဘာ ၂၄ ရက်က ရွှေပြည်သာမြို့ နယ် ဝါးတစ်ရာရှိ တော်ဝင် သစ်အချောထည် စက်ရုံဝင်းအတွင်းသို့ ဝင်ရောက်၍ ကုမ္ပဏီပိုင် ပစ္စည်းများကို ရိုက်နှက် ဖျက်ဆီး ခဲ့ကြောင်း၊ တော်ဝင် ကုမ္ပဏီ စက်ရုံ ဒါရိုက်တာ ဦးညွန့်သိန်းက မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ ဦးညွန့်သိန်းက “ကျွန်တော်တို့ ဘက်က ကုမ္ပဏီနဲ့ ပြဿနာဖြစ်ခဲ့တဲ့ အလုပ်သမား တွေကို ကုမ္ပဏီပိုင် တခြားစက်ရုံတစ်ခုမှာ အလုပ် နေရာတွေ ပြန်ပေးခဲ့ပါတယ်။ အဲဒါကို သူတို့က အလုပ်မဆင်းဘဲ ဝါးတစ်ရာ စက်ရုံရှေ့ကို ရောက်လာပြီး စက်ရုံ ဂိတ်တံခါးကို အတင်းရိုက်ဖွင့်ပြီး စက်ရုံထဲမှာ ရှိတဲ့ ကားတွေ၊ တီဗီကင်မရာတွေနဲ့ ရုံးခန်းတွေကို ရိုက်နှက် ဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က သက်ဆိုင်ရာ မျက်မြင်သက်သေတွေ ဆီက အကူအညီယူပြီး တရားဥပဒေ အရ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အလုပ်သမား အခွင့်အရေး ကာကွယ်ရေးအဖွဲ့သို့ မြန်မာအင်ဒီပဲန်ဒင့်မှ ဆက်သွယ် မေးမြန်းရာ “အလုပ်သမားတွေက နဂိုမူရင်း အလုပ်လုပ်နေတဲ့ စက်ရုံထဲကို သက်ဆိုင်ရာ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ ပြန်ဝင်ခဲ့တာ ပါ။ အဲဒါကို သူတို့ဘက်က အလုပ်သမားတွေကို ရိုက်နှက်ပြီး မောင်းထုတ် ခဲ့ပါတယ်။ နောက်ပြီး အလုပ်သမားတွေကို အလုပ်လုပ်ဖို့ ရွှေ့ပြောင်းပေးခဲ့တဲ့ တော်ဝင်ကုမ္ပဏီပိုင် သစ်အချောထည်စက်ရုံ ဆိုတာ ကလည်း ငှားထားတဲ့ စက်ရုံတစ်ခုပါ။ အခုလို တော်ဝင်ကုမ္ပဏီရဲ့ အခြေအနေ တွေ မငြိမ်းချမ်းတာ အလုပ်ရှင်ဘက်က ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာလို့ပါ” ဟု ဆိုပါသည်။

ထိုသို့ အကြမ်းဖက် လုပ်ရပ်များ ဖြစ်ပွားခဲ့ရခြင်းအပေါ် တော်ဝင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက မြန်မာ အင်ဒီပဲန်ဒင့် သို့ ပြောကြားရာ “အဓိက ကတော့ အလုပ်လုပ်မယ် ဆိုပြီး ပြန်ခန့်ထားတဲ့ အလုပ်သမား တွေဟာ တကယ် အလုပ်လုပ်ချင်တဲ့ သူတွေ မဟုတ်ပါဘူး။ အခုဟာက သူတို့ကို အလုပ်လုပ်ခိုင်းထားတဲ့ စက်ရုံ မဟုတ်တဲ့ ပင်မစက်ရုံကို လာပြီး ဒါရိုက်တာတွေရဲ့ ကားတွေ၊ စာရင်းအခန်းက ကွန်ပျူတာတွေနဲ့ ရုံးခန်းတွေ ကိုပါ ဖျက်ဆီးခဲ့ပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်တိုင် ကျူးလွန်တဲ့သူတွေက ကျူးလွန်သလို နောက်ကွယ် ကနေ လှုံ့ဆော် ပေးနေတဲ့ သူတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ဘက်က အလုပ်သမား တွေကို လျော်ကြေး မပေးဘူး ဆိုပြီး အသံလွှင့်လိုက်လို့ စက်ရုံထဲကိုဝင်ပြီး ဖျက်ဆီးခိုင်းတဲ့ သဘောပါ။ ဒီပြဿနာ ကိုလည်း တရားစွဲဆို ထားပါတယ်” ဟု ပြောကြားခဲ့သည်။

ဝဝ၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*