ခေါင်းကြီးသတင်း ဆောင်းပါး ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇

“ဂုဏ်ယူပါတယ် ကိုနေဝင်း။ ဂုဏ်ယူပါတယ် ကိုနေဝင်း”

အဆိုပါ စကားတစ်ခွန်းကို ထပ်ခါ ထပ်ခါ အကြိမ်ပေါင်း ရာနှင့်ချီ၍ ကြွေးကြော်နေသည့် လူအုပ်ကြီးသည် ရေဝေးသုဿ န်အတွင်း လှည့်လည်လာသည်။

ပန်းခွေပေါင်းများစွာကို ကိုင်ဆောင်လာသော လူအုပ်များနောက်တွင် စည်ပင်သာရေး ကော်မတီ၏ လူသေ အလောင်းတင်ယာဉ် တစ်စီးက တစ်ဘီးချင်းလိမ့်၍ လာနေသည်။

ထို့နောက်တွင်မှ ကြွေးကြော်အော်ဟစ်နေသည့် ရာပေါင်း၊ ထောင်ပေါင်းများစွာသော လူအုပ်ကြီးက လိုက်လာခြင်းဖြစ်သည်။

ရေဝေးသုဿ န် နာရေးခန်းမ ၃(က)မှ ဂူသွင်းသင်္ဂြိုဟ်ရာ နေရာသို့ ပေပေါင်း ထောင်ချီနေသော်လည်း လျှောက်လာသော လူအုပ်ကြီးမှာ မဆုံးနိုင်တော့ပေ။

ကိုနေဝင်းသည် သာမန် တက္ကစီ အငှားယာဉ်မောင်း တစ်ဦးမျှသာ ဖြစ်သော်လည်း သူ့အသုဘ အခမ်းအနားသို့ လူပေါင်းများစွာ လာရောက် ဂါရဝပြုခဲ့ကြရသည်။

သူ့နောက်ဆုံး ရုပ်သွင်ကို မြင်ဖူးလို၍ လာသော်လည်း များပြားလှသဖြင့် မမြင်လိုက်သူများပင် ရှိသည်။

“ကျေးဇူးတင်လိုက်တာတော်”

လှည်းကူးမှ လာရောက်သော်လည်း မမြင်လိုက်ရသဖြင့် သတင်းထောက်ဆီမှ ကင်မရာကို ယူကြည့်ခွင့်ရသဖြင့် အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦး၏ ရေရွတ်သံဖြစ်သည်။

“နှမျောစရာကောင်းလိုက်တာ” ဟု ထို အမျိုးသမီးကြီးကပင် ဆိုသည်။

ကိုနေဝင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့ နံနက်ကအထိ သာမန် အငှားယာဉ်မောင်း တစ်ဦးသာ ဖြစ်သည်။ ယခုသူ့အလောင်း ရုပ်ပုံလွှာကို NLD အလံဖြင့် ချုံလွှမ်းထားသည်။ သူ့အသုဘကို နိုင်ငံ၏ ရိုသေ လေးစားထိုက်သူ ဂုဏ်ဒြပ်ရှိသူများ လာရောက် အလေးမြတ်ပြုကြရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်မှ အပြန်တွင် ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး လုပ်ကြံသူသေနတ်သမားကို လက်ရ ဖမ်းဆီးခဲ့သည့် တက္ကစီ အငှားယာဉ်မောင်း ဦးနေဝင်းမှာလည်း သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

“အုတ်နီခဲနဲ့ သူပစ်လိုက်ပြီး သေနတ်သမား ပစ်ကျတဲ့အချိန် ဝင်လုံးဖို့ အပြေးမှာ သေနတ်သမားက လဲရာက ပြန်ပစ်တာ ဆီးခုံကို ထိသွားတာပဲ” ဟု မျက်မြင်တွေ့ရသူ ရွှေပျံလွှား အငှားယာဉ်အသင်းမှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

သေနတ်သမားတစ်ဦး၏ ပစ်သတ်မှုကြောင့် သေဆုံး သွားသည့် အငှားယာဉ်မောင်းသမား ကိုနေဝင်း အသက် ၄၈ နှစ် ကို ရန်ကုန်တိုင်း အစိုးရ အဖွဲ့အစီအစဉ်ဖြင့် ရေဝေးသုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ကိုနေဝင်း၏ နောက်ဆုံးခရီးကို လူထောင်နှင့်ချီ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် စသည်တို့က ဝမ်းနည်းကြောင်း အမှတ်တရ စကားများ ပြောကြား ခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးလည်း ကိုနေဝင်း၏ နာရေးကို လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

“အလွန်တရာညံ့ဖျင်းတဲ့၊ အလွန်တရာ မိုက်မဲတဲ့ လူတစ်ယောက်ကြောင့် အင်မတန်တန်ဖိုးရှိတဲ့ လူ ၂ ယောက် အသက်ဆုံးရှုံးခဲ့ရတာပါ။ ကျွန်တော် ဒီကနေ့ ဒီနေရာကို ရောက်လာတာဟာ ဒီမိုကရေစီကို လိုလားသော၊ အခြားခြားသော၊ ငြိမ်းချမ်းရေး လိုလားသော ပြည်သူတွေအားလုံး ကိုယ်စား အလေးဂါရဝ လာရောက်ပြုခြင်းဟာ အလေးအမြတ်ဆုံးသော ဂုဏ်ပြုခြင်းနဲ့ လာရောက် ဂုဏ်ပြုတာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးက ပြောသည်။

အသက် စွန့်လွှတ်သွားခဲ့သည့် ကိုနေဝင်းကြောင့် နိုင်ငံအန္တရာယ်ကို တားဆီးနိုင်ခဲ့ကြောင်း ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။

“တကယ်လို့သာ အဲဒီနေ့က သူအသက်နဲ့ရင်းပြီး မစွန့်စားခဲ့ဘူးဆိုရင် ဒီကနေ့ အခြေအနေဟာ တစ်မျိုးတစ်ဖုံ ဖြစ်နေနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

တရားခံကို လက်ရဖမ်းဆီးမိခြင်း မရှိပါက ယုံကြည်မှု တည်ဆောက်နေသော လူ့အဖွဲ့အစည်းအကြား သံသယများကြောင့် ပြဿ နာရပ်များ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့အားလုံး အချင်းချင်းအလယ်မှာ သံသယတွေကြီးစွာနဲ့ တစ်ဖက်နဲ့တစ်ဖက်ဟာ စွပ်စွဲချက်တွေ၊ ပုတ်ခတ်မှုတွေနဲ့ အင်မတန် စိုးရိမ်စရာ ဖြစ်နေနိုင်ပါတယ်။ အဲဒီတော့ သူပေးလိုက်ရတဲ့ အသက်ဟာ ထိုက်တန်တယ် မတန်ဖူး မပြောရက်ပေမယ့် ကျွန်တော်တို့ နိုင်ငံအတွက် ကြီးစွာသော အန္တရာယ်ကို တားမြစ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ကိုနေဝင်းသည် လသားအရွယ် လူမမယ်ကလေးငယ် တစ်ဦးအပါအဝင် ကလေးငယ် ၃ ဦးနှင့် ဇနီးကို ချန်ရစ်ထားခဲ့ရသည်။ ပထမအိမ်ထောင်နှင့် သမီးကြီးတစ်ဦးလည်း ကျန်ရစ်ခဲ့သည်။

“ကျွန်မ ဘာမှ မပြောတတ်တော့ဘူးရှင်”ဟု ဇနီးသည်က ဆိုသည်။

ကိုနေဝင်းသည် သာမန်ပြည်သူ တစ်ဦးအနေဖြင့် သူ့တာဝန်ကို သူ့သမိုင်းဖြင့် ကျေအောင်ရေးခဲ့သူဟု ကင်ပွန်းတပ်ကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်၊ သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

“ရပ်ကွက်ထဲမှာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကျောင်းအတူတူ တက်ခဲ့တယ်။ ကျွန်တော်တို့ သုံးရောင်ခြယ် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ခဲ့တာ။ ကျွန်တော်တို့ လမ်းမတော် အလက ၂ က ကျောင်းသား ဟောင်း” ဟု သုံးရောင်ခြယ်အဖွဲ့မှ ကိုကျော်စိုးနိုင်က ဆိုသည်။

လာရောက်ပို့ဆောင်သူ ထောင်ချီနေသည့်အထဲတွင် လုပ်ဖော်ကိုင်ဖက် အငှားယာဉ်မောင်း ရာချီကလည်း ၎င်းတို့၏ ဝတ်စုံပြည့်ဖြင့် လာရောက် ဂါရဝပြုကြသည်။ သူ့အခေါင်းကို အလုအယက် ထမ်းကြသည်။ သူ့ပန်းခွေများကို အလုအယက် သယ်ဆောင်ပေးကြသည်။

လာရောက် ကြည့်ရှုသူများ စည်းကမ်းတကျ ဖြစ်စေရန် ကူညီ အားထုတ်ကြသည်။ များပြားလှသော လူအုပ်ကို ကြည့်ရင် သူတို့ကို ချန်ရစ်ခဲ့သော ဂုဏ်ပြုထိုက်သည့် လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းအတွက် သူတို့၏ တစ်ခွန်းတည်းသော ကြွေးကြော်သံက “တစ်၊ နှစ်၊ သုံး ဂုဏ်ယူပါတယ် ကိုနေဝင်း” ဟုသာဖြစ်သည်။

“တရားဥပဒေကို အသက်လို တန်ဖိုးထား စွန့်စားခဲ့တဲ့ လုပ်ရပ်ဟာ အင်မတန် မြင့်မြတ်တဲ့ လုပ်ရပ်ဟာ။ သူ့ရဲ့ ဆောင်ရွက်ချက်ဟာ နောင်လာ နောင်သားတွေ အတွက်၊ နိုင်ငံတော်အတွက်၊ တရားဥပဒေ စိုးမိုးရေးအတွက် စံပြုလောက်စရာ ဖြစ်ခဲ့တယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ လာရောက် ဂါရဝပြုတာပါ” ဟု ဦးတင်ဦးက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူ့စိတ်ဓာတ်နှင့် လုပ်ရပ်ကို ပြတ်ပြတ်သားသား ဂုဏ်ပြုစကား ဆိုခဲ့ပြန်သည်။

“ကျွန်တော် ဝမ်းမနည်းပါဘူး။ ဂုဏ်ပြုစကားပဲ ပြောမှာပါ။ အစ်ကို့ကြောင့်ပဲ NLD တစ်ယောက် ဖြစ်နေရတာ ပိုပြီး ဂုဏ်ယူမိတယ်” ဟု သူက ဆိုသည်။

တိုင်းပြည်အတွက် တာဝန်ကျေရန် ဝန်ကြီး တစ်ယောက်၊ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်စရာ မလိုကြောင်း ကိုနေဝင်းက သက်သေပြခဲ့သည် ဟုဆိုသည်။

ခေတ်နှင့် စနစ်ကို တော်လှန်ပြောင်းလဲ နေရသည့် နိုင်ငံ၏ သမိုင်းတစ်လျောက် ကိုနေဝင်းကဲ့သို့ ရဲရင့်သော၊ ဦးညွတ်ထိုက်သော အညတရ သူရဲကောင်းပေါင်းများစွာ ရှိနေကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။

ဦးမင်းကိုနိုင်က ဂုဏ်ပြုစကားပြောနေသည့် အချိန်အတွင်းမှာပင် သမီးကြီးဖြစ်သူ မဥူအောင်၏ ရှိုက်သံက ခန်းမအတွင်း ကျယ်ကျယ်လောင်လောင် ပျံ့နှံ့လာသည်။ ဇနီးဖြစ်သူ၏ နီရဲနေသော မျက်လုံးတို့က ထပ်ကျရန် မျက်ရည်ပင် မရှိတော့ဟန်။ အနည်းငယ် သိတတ်စပြုနေပြီဖြစ်သည့် သားငယ်က ဓါတ်ပုံကို ပိုက်ထားရင် သူတစ်ကြိမ်တစ်ခါမှ မြင်ဖူးဟန်မရှိသည့် ပရိသတ်ကို ကြည့်နေသည်။

“သူဟာ ဘာအတွက်ကြောင့်ဆိုတာ သိပြီးတော့ သူ ယုံယုံကြည်ကြည် စွန့်ခဲ့ပါတယ်။ ဒါပေမယ့် ဘာအတွက်ကြောင့် သူတို့ကို စွန့်သွားမှန်းမသိဘဲ ကျန်ခဲ့တဲ့ ရက်သားကလေးငယ် အပါအဝင် ဒီကလေးတွေအပေါ် များစွာ စာနာမိပါတယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။

သူသည် ထောင်ပေါင်း များစွာသော ပြည်သူများအတွက် စံပြနိုင်ငံသားကောင်း တစ်ယောက်ဖြစ်ခဲ့သည်။ ထိုကလေးငယ်များသည်လည်း နောင်တစ်ချိန်တွင် သိလာလိမ့်မည်ဟု ယူဆရပေသည်။

“ဟောဒီလိုရဲရင့်တဲ့ ကျွန်တော်တို့ နိုင်ငံသားတစ်ယောက် ရှိတယ်ဆိုတာကို သတိရပြီး လေဆိပ်ကို ဖြတ်တိုင်း ဂုဏ်ယူနေပါ” ဟု ကိုမင်းကိုနိုင်က အဆုံးသတ်စကား ဆိုသည်။

ကိုနေဝင်းကာ နိုင်ငံသားတို့၏ အဆုံးစွန်ဆုံးသော ရဲရင့်မှုကို ပြသပြီးနောက် အုတ်ဂူအတွင်း ငြိမ်သက်စွာ လဲလျောင်းနေပေပြီ။ သူ့အုတ်ဂူကိုပင် ဂါရဝပြုနေသူများက လူရှင်းသွားသည့်တိုင် ရှိနေသေးသည်။

အုတ်ဂူသွင်းပြီးချိန် အထိ ဂုဏ်ယူပါတယ် ကိုနေဝင်းဆိုသော ကြွေးကြော်သံများက ပျံ့ဝဲနေပေတော့သည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*