ဆောင်းပါး နိုင်ငံတကာသတင်း — ဇန်နဝါရီ ၆၊ ၂၀၁၇

မြောက်ကိုရီးယား အနေနဲ့ ဘယ်တော့မှ တိုက်ချင်းပစ် ဒုံးကျည်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ဒေါ်နယ်ထရမ့်က ဒီတစ်ပတ် အတွင်းမှာပဲ ဆိုရှယ် မီဒီယာကနေ တိုတိုတုတ်တုတ် ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က သူတို့ တိုင်းပြည်ဟာ နျူးထိပ်ဖူးတပ်ပြီး အမေရိကအထိ ရောက်ရှိနိုင်မယ့် တိုက်ချင်းပစ် ဒုံးကျည်တွေ ထုတ်လုပ်မှု နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပြီး ထရမ့်ကတော့ “ဒါမျိုးဖြစ်လာမှာ မဟုတ်ဘူး” လို့ တုန့်ပြန်လိုက်တာပါ။

ဒီလုပ်ရပ်ကို တားဖို့ဆိုတာက အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ထရမ့်က မြောက်ကိုရီးယားရဲ့ လက်နက် စီမံကိန်းတွေကို ဘယ်လို ဟန့်တားမလဲ ဆိုတာကို အရိပ်အမြွက်တောင် မပြောသေးပါဘူး။ ဒါမျိုး လုပ်နိုင်ရင်တော့ ခေတ်အဆက်ဆက်က ဒီမိုကရက်တွေ ရီပက်ဘလစ်ကန်တွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်နိုင်တဲ့သူ ဖြစ်လာမှာပါ။

အမေရိကန် အာဏာပိုင်ဟောင်းတွေနဲ့ ကျွမ်းကျင်သူတွေက မြောက်ကိုရီးယားရဲ့ နျူးနဲ့ ဒုံးကျည် စီမံကိန်းတွေကို တားဆီးဖိုး ကြိုးစားရာမှာ ရွေးချယ်မှု နှစ်ခုရှိပြီး ဆွေးနွေးမလား၊ တိုက်မလား ဆိုတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်လမ်းကြောင်းမဆို လုံးဝ အောင်မြင်နိုင်တယ်လို့ အာမခံချက် မရှိသလို စစ်ရေးအရ ဆိုရင်တော မြောက်ကိုရီးယား နားမှာ ကပ်နေတဲ့ အမေရိကန်ရဲ့ မဟာမိတ် ဂျပန်နဲ့ တောင်ကိုရီးယားတို့ အတွက်ပါ တော်တော် အန္တရာယ် ရှိပါတယ်။

ထရမ့်က ထပ်ပြီး မြောက်ကိုရီးယားရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ လက်နက် စီမံကိန်းတွေကို တားဆီးရေး ကူဖော်လောင်ဖက် ဖြစ်မှာမဟုတ်ဘူး လို့လည်း ရေးသားခဲ့ပါတယ်။ တရုတ်ဟာ မြောက်ကိုရီးယား အပေါ် ကုလက ပြုလုပ်တဲ့ ပိတ်ဆို့မှု တော်တော်များများကို ထောက်ခံထားသူပါ။

မကြာခင် ရာထူးက ဆင်းတော့မယ့် သမ္မတ အိုဘားမား အပါအဝင် ဝေဖန်သူ တော်တော်များများက တရုတ်ဟာ မြောက်ကိုရီးယားကို ပိုပြီး ဖိအား ပေးနိုင်မယ်လို့ ယူဆထားပြီး၊ ထရမ့်ရဲ့ တရုတ်က အသုံးမဝင်ဘူးဆိုတဲ့ စကားကို သဘောမတူဘူးလို့ လက်ရှိ အမေရိကန် အစိုးရက ပြောကြားထားပါတယ်။

နောက်ပြီး ထရမ့်ရဲ့ ထိုင်ဝမ်နဲ့ ကုန်သွယ်မှုတွေ လုပ်မယ်ဆိုတဲ့ ရပ်တည်ချက်ကလည်း မြောက်ကိုရီးယား အရေးမှာ တရုတ်ရဲ့ ပူးပေါင်း ပါဝင်မှုကို အဟန့်အတား ဖြစ်စေမယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။

ဝါရှင်တန်က တတ်သိပညာရှင်များ အဖွဲ့ Carnegie Endowment for International Peace ရဲ့ နျူးကလီးယား ဆိုင်ရာအဖွဲ့က ဂျိမ်းစ် အက်တမ် ကတော့ ၂၀၁၂ ခုနှစ်က သမ္မတ အိုဘားမားဟာ ဓာတုလက်နက် သုံးစွဲမှုနဲ့ ပတ်သက်လို့ ဆီးရီးယားကို သတိပေးသလိုမျိုး ထရမ့်ကလည်း ပတူအုံကို တုတ်နဲ့သွားထိုးသလို ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

ရွေးချယ်မှု ၃ ခု
▬▬▬▬▬
အမည်မဖော်လိုတဲ့ အမေရိကန် အာဏာပိုင်တွေက သမ္မတဆီက အမိန့်ရရင် အမေရိကန် စစ်တပ်အနေနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို တုန့်ပြန်ဖို့အတွက် လမ်းကြောင်း ၃ ခု ရှိတယ်လို့ ဆိုပါတယ်။ တစ်ခုက မစမ်းသပ်ခင် ကြိုတင်လက်ဦးမှု ရယူ တိုက်ခိုက်တာ၊ နောက်တစ်ခုက ဒုံးကျည်ကို ကြားဖြတ် ဟန့်တားတာနဲ့ နောက်ဆုံး တစ်ခုကတော့ စမ်းသပ်မှုကို ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

တာဝန်ရှိသူ တစ်ဦးက ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်မယ် ဆိုရင်တော့ ပစ်မှတ်တွေ မှားတာ၊ မြောက်ကိုရီးယားက ဒေသတွင်း အမေရိကန်ရဲ့ မဟာမိတ်တွေကို တုန့်ပြန် လက်စားချေတာမျိုးတွေလို အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဂျက်ဖရီ လူးဝစ်က အမေရိကန် ဒုံးကျည် ကာကွယ်ရေးစနစ်ဟာ မြောက်ကိုရီးယားရဲ့ စမ်းသပ် ဒုံးကျည်ကို ကြက်ကန်း ဆန်အိုးတိုးတာက လွဲလို့ တကယ်ထိအောင် ပစ်ချနိုင်မလားလို့ မေးခွန်း ထုတ်ခဲ့ပါတယ်။ ပြီးတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် အစီအစဉ်ကို ဖျက်ဆီးတာဟာ တော်တော်လေး အန္တရာယ်ရှိတဲ့ အလုပ်ဖြစ်တယ် လို့လည်း သတိပေးခဲ့ပါတယ်။

စစ်တိုက်မယ် ဆိုရင်တော့ အချိန်ကုန်၊ ငွေကုန်၊ စစ်ပမ်း ဖြစ်မယ်လို့လည်း လူးဝစ်က ဆိုပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်တဲ့ နေရာတွေနဲ့ ဒုံးကျည်ထုတ် စက်ရုံတွေဟာ တိုင်းပြည်ရဲ့ အနေရာ အနှံ့အပြားမှာ ပြန့်ကြဲနေတယ် လို့လည်း ထောက်ပြခဲ့ပါတယ်။

“နျူးကလီးယား စမ်းသပ်တဲ့ နေရာတွေရဲ့ အောက်မှာ လှိုင်ခေါင်းတွေနဲ့ ဆက်ထားတယ်ဗျ။ ဒီလှိုင်းခေါင်းတွေကြောင့် တိုက်ချင်းပစ် ဒုံးကျည်ကို နိုင်ငံရဲ့ ဘယ်နေရာကမဆို ပစ်နိုင်တယ်။ (တားဆီးမယ်ဆိုရင်) တိုင်းပြည်ထဲကို ကျူးကျော်မှ ရမှာပါ”

ရီပက်ဘလစ်ကန် အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ကိုရီ ဂါဒနာကတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်အစီအစဉ်ကို ကူညီနေတဲ့ အဖွဲ့တွေ၊ လူတွေကို ထရမ့်အစိုးရက ဒုတိယံမိ ပိတ်ဆို့မှုတွေ ပြုလုပ်လိမ့်မယ်လို့ မျှောင့်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလို ကူညီနေတဲ့အဖွဲ့ တော်တော်များများက တရုတ်နိုင်ငံကပါ။

 

ပိတ်ဆို့မှု တင်းကျပ်မည်
▬▬▬▬▬▬▬▬▬
ထရမ့်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ သူ့ရဲ့ ပေါ်လစီကို အသေးစိတ် ချမပြေပေမယ့် သူ့ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့က အကြံပေးက ထရမ့်လက်ထက် ကျရင် ပိတ်ဆို့မှုကို ပိုပြီးတင်းကြပ်မယ်၊ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ အားလုံးအတွက် ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ အမေရိကန် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကီရ်ဘီကတော့ မြောက်ကိုရီးယား အပေါ် နောက်ထပ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ် ဆိုတဲ့ ကိစ္စအတွက် မငြင်းခဲ့ပေမယ့်၊ ဒီထက်ပိုပြီး ရှေ့မတိုးကြပါနဲ့ လို့တော့ ပြောထားပါတယ်။

ရီပက်ဘလစ်ကန် သမ္မတဟောင်း ဂျော့ ဒဘလျူ ဘုရှ်လက်ထက်က အကြံပေးတစ်ဦး ဖြစ်ခဲ့သူ ဗစ်တာ ချာက မြောက်ကိုရီးယား အနေနဲ့ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည် ပိုင်ဆိုင်မှုကို ထရမ့်က လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီကိစ္စကို ဘယ်လို တားဆီးရမလဲ ဆိုတာက သိပ်ခက်တယ်ဗျ။ သံတမန်နည်းလမ်း၊ ပိတ်ဆို့မှုတွေ၊ ကာကွယ်ရေး ပိုကောင်းဖို့ ဒေသတွင်းမှာ စစ်လက်နက် ပစ္စည်းတွေ ထားရှိတာ၊ ခြွင်းချက်မဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်တွေ ပေါင်းစပ် ဆောင်ရွက်ရမှာ ဖြစ်ပြီး တိုက်ခိုက်ရမယ့် နည်းလမ်းကိုလည်း စဉ်းစားထားရပါမယ်”

အမေရိကန် အစိုးရရဲ့ တာဝန်ရှိသူဟောင်း ဖြစ်ပြီး Mansfield Foundation Asia ဆွေးနွေးမှု ဖိုရမ်ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ ဖရန့် ယာနူဇေး ကတော့ မြောက်ကိုရီးယားရဲ့ နျူး နဲ့ ဒုံးကျည်စီမံကိန်းအပေါ်မှာ သည်းခံမှာ မဟုတ်ဘူးဆိုတဲ့ အိုဘားမားရဲ့ ကတိကဝတ်ကို ထရမ့်က အကောင်အထည် ဖော်နိုင်တယ်လို့ ဆိုပါတယ်။

“လက်ရှိ အနေအထားအရ မြောက်ကိုရီးယား ကလည်း အတင့်ရဲလာမယ်။ ဆွေးနွေးမှုလည်း မရှိဘူးဆိုရင် ကျွန်တော် စိုးရိမ်တာက စည်းဖောက်တာမျိုး ပါပဲ။ အခြေအနေကို ထိန်းလို့ ရမယ့်ပုံ မပေါ်ပါဘူး”

နောက်ပြီး မြောက်ကိုရီးယား အနေနဲ့ အမေရိကန်နဲ့ ကုလတို့ရဲ့ ပိတ်ဆို့မှုတွေကို ဖီဆန်ပြီး နျူး နဲ့ ဒုံးကျည် စီမံကိန်းတွေကို ဆက်လက် ဆောင်ရွက်နေကာ ထရမ့်က ဘယ်လိုပဲ လုပ်လုပ် မြောက်ကိုရီးယားက ဒါကို ရပ်တန့်မှာ မဟုတ်ဘူးလို့လည်း ယာနူဇေးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မူရင်း – cnbc.com

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*