ပြည်တွင်းသတင်း — မန္တလေး၊ ဒီဇင်ဘာ ၁၇၊ ၂ဝ၁၂

မြေနေရာရွှေ့ပြောင်းခြင်းနှင့် လျော်ကြေးပေးမှု ကိစ္စများသည် မြန်မာနိုင်ငံ အစိုးရနှင့်သာ သက်ဆိုင်ပြီး မြန်မာ ဝမ်ပေါင် ကုမ္ပဏီအနေဖြင့် သတ္တုတူးဖော်ရေး လုပ်ငန်းပိုင်း ကိုသာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စီမံကိန်း တာဝန်ခံ တစ်ဦး က မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

ဒီဇင်ဘာ ၁၃ ရက်၊ နံနက် ၁ဝ နာရီအချိန်က ဆားလင်းကြီးဒေသ ကြေးနီဓာတ် သတ္တုတူးဖော်ရေး စီမံကိန်း တာဝန်ရှိသူများ အပါအဝင် ဝန်ထမ်းအချို့တို့နှင့် မြန်မာ အင်ဒီပဲန်ဒင့် တွေ့ဆုံရာတွင် စီမံကိန်း တာဝန်ခံ အရာရှိ တစ်ဦးက “မြေလျော်ကြေး ကိစ္စက တိုင်းဒေသကြီးအစိုးရ နဲ့ပဲဆိုင်တယ် ကုမ္ပဏီနဲ့ တိုက်ရိုက် မဆိုင်ဘူး။ ကုမ္ပဏီက အော်ပရေးရှင်း လုပ်တယ်၊ ကြေးနီ ထုတ်တယ်။ တကယ့် လျော်ကြေးတွေနဲ့ ဘယ်သူ့ကို ဘယ်နားထား မလဲ၊ ရွာကို ဘယ်နား တည်မလဲ ဆိုတာတွေက တိုင်းဒေသကြီး အစိုးရက လုပ်တာပါ။ ဦးပိုင်နဲ့ အာဏာပိုင်တွေ လုပ်တာပါ။ ကုမ္ပဏီက ကြေးထုတ်လုပ်တဲ့ အပိုင်းကိုပဲ လုပ်ပါတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းရှေ့ သပိတ်စခန်း ဖြိုခွင်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ သိရှိလိုသည် များ မေးမြန်းနိုင်ရန် အတွက် အဆိုပါစီမံကိန်း ဝင်းအတွင်းသို့ မြန်မာအင်ဒီပဲန်ဒင့်မှ သွားရောက်ခဲ့ရာ နိုင်ငံခြားသား ကုမ္ပဏီ တာဝန်ရှိသူ များနှင့် တွေ့ခွင့်မရဘဲ စီမံကိန်း တာဝန်ခံ အချို့တို့နှင့်သာ တွေ့ဆုံခွင့် ရရှိခဲ့သည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုဖြစ်သည့် ကြေးနီဓာတ်သတ္တု တူးဖော်ရေး စီမံကိန်းကို အဆိုပါ ဒေသ အတွင်း လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်ကာလ ၁၉၈ဝ ခုနှစ်ခန့်ကပင် စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယခုကာလ ပွင့်လင်း လာချိန်တွင် လုပ်ငန်းတိုးချဲ့ရန် မြေယာများ ချဲ့ထွင်လာရာမှ အခက်အခဲ ပြဿနာ များနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရခြင်းဖြစ် သည်ဟု ယင်းတို့က ဆိုသည်။

“(SK Project) ကတော့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက မြေသိမ်းတာတွေ ဘာတွေ လုပ်ခဲ့တာကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်ကတည်းက လုပ်ခဲ့တာ ဆိုတော့ ဒါတွေက ပြဿနာ ကြီးကြီး မားမား မရှိဘူး။ ဒီလက်ပံတောင်းမိုင်းကျတော့ အဲဒီလို မဟုတ်ဘူး။ တကယ့် ပွင်းလင်းကာလမှာ လုပ်ရတဲ့ အတွက် မြေလျော်ကြေးဆိုတဲ့ ကိစ္စလေးတွေ ရှိလာတာပေါ့၊ အဲဒီကနေ စခဲ့တဲ့ ဇာတ်လမ်းပါ” ဟု လက်ပံ တောင်းအရေး ဖြစ်ရပ်များ စတင်ခဲ့ပုံနှင့် ပတ်သက်ပြီး အဆိုပါတာဝန်ခံ အရာရှိတစ်ဦးက အကျဉ်းချုံးရှင်းပြ သည်။

လက်ပံတောင်း စီမံကိန်း အကောင်အထည် မဖော်ခင် လွန်ခဲ့သောနှစ်ပေါင်း ၃ဝ ကျော် ၁၉၈ဝ ခန့်က အဆိုပါ ဒေသအတွင်း ကြေးစင်တောင် စီမံကိန်းဆိုပြီးရှိခဲ့ကြောင်း၊ ၁၉၈၉ မှ ၁၉၉၈ ခုနှစ်ကာလတွင် မြန်မာ အိုင်ဘင်ဟိုး ကုမ္ပဏီ ဝင်ရောက်လာပြီး MICCL (Myanmar Ivanho Copper Co.,Ltd) စီမံကိန်းတစ်ခု အနေဖြင့် လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစဉ်က အဆိုပါဒေသ အတွင်း စံပယ်တောင်မိုင်း၊ ကြေးစင်တောင်မိုင်း ဟူ၍ လုပ်ကွက် နှစ်ခုဖြင့် လုပ်ဆောင်ခဲ့ကြကြောင်း၊ S-Project ဆိုသည်မှာ၊ စံပယ်တောင်ကို ခေါ်ခြင်း ဖြစ်ပြီး K-Project ဆိုသည်မှာ ကြေးစင်တောင်ကို ခေါ်ကြောင်း၊ အဆိုပါ လုပ်ကွက် နှစ်ခုပေါင်းကို SK Project အဖြစ်သတ်မှတ်ပြီး ၂ဝ၁၁ ခုနှစ် ဇန်နဝါရီတွင် Myanmar Yangtse Copper Co,.Ltd အဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ မြန်မာဝမ်ပေါင် ဆိုသည်မှာလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ပေး ထားသည့် အမည်ဖြစ်ပြီး အဆိုပါ စီမံကိန်း ကိုတော့ L-Project ဟု အတိုကောက် သုံးနှုန်းကြောင်း၊ စံပယ်တောင်မိုင်းနှင့် ကြေးစင်တောင်မိုင်း SK Project သည် ယခုအချိန်ထိ ဆက်လက် လည်ပတ်နေပြီး လက်ပံတောင်းတောင်မိုင်း L-Project အနေဖြင့်မူ ပြဿနာရပ် အချို့တို့ကြောင့် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါလုပ်ကွက် ၃ ခု (LSK Project) သည်လည်း အခြေအနေ ပေးပါက တစ်စုတစ်စည်းတည်း အဖြစ် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းက နှစ်ခုရှိတယ်။ စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်း ဆိုတာက MICCOL ကနေ Carry လုပ်လာခဲ့တာ လတ်တလော ကြေးနီသတ္တုတွင်း ဆိုတာ က မြန်မာဝမ်ပေါင် ကနေပြီးတော့ New Project အနေနဲ့ လုပ်မယ့်ဟာပါ” ဟု တာဝန်ခံ မန်နေဂျာ တစ်ဦးက ရှင်းပြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်စဉ်က ကျေးရွာ အချို့ ရွှေ့ ပြောင်းခိုင်းခဲ့ရာမှ အိမ်ရာ ပြန်လည် တည်ဆောက်ပေး သည့် ကိစ္စရပ်များ အပါအဝင် မြေလျော်ကြေးနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ကြောင်း ယင်းတို့၏ ပြောပြချက်အရ သိရသည်။

အဆိုပါ မြေလျော်ကြေးကိစ္စ များနှင့်ပတ် သက်၍လည်း စီမံကိန်း တာဝန်ရှိသူတစ်ဦးက “အမှတ်(၁) သတ္တုတွင်း ကနေ ဦးပိုင်ကို လွှဲလိုက်တာပေါ့ဗျာ၊ ဦးပိုင်ကမှ ဝမ်ပေါင်ကို ကြေးထုတ်ခိုင်းတာ။ ဦးပိုင်နဲ့ တိုင်းဒေသကြီးက ဖြေရှင်း ပေးရမယ့် ကိစ္စပါ” ဟု ဆိုပြီး မြေယာ သိမ်းဆည်း ခံရသူ များအားပေးအပ်သည့် လျော်ကြေးငွေ များနှင့် ပတ်သက်၍ မြန်မာ အင်ဒီပဲန်ဒင့်က မေးမြန်းရာတွင် အဆိုပါ ပြဿနာ စတင်ဖြစ်ပွားပုံများနှင့် လျော်ကြေးငွေ မည်မျှ ရရှိကြောင်းများကို ယင်းတို့ အနေဖြင့် မသိရကြောင်းနှင့် အဆိုပါ ကိစ္စများသည်လည်း ယင်းတို့နှင့် သက်ဆိုင်မှု မရှိကြောင်း ပြောပါသည်။

“ဒါကကျွန်တော်တို့ အလုပ် မဟုတ်ဘူး။ ခုနကကျွန်တော်ပြောသလိုပါပဲ၊ ဒီဟာကို လုပ်တာက အစိုးရနဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် ကနေ လုပ်တဲ့ကိစ္စပါ။ အဲဒီဒေတာတွေ လိုချင်ရင်တော့ မြန်မာ့စီးပွားရေး ဦးပိုင်တို့၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတို့ဆီမှာ ဆက်သွယ်ရမှာပါ” ဟုဆိုသည်။

ယင်းတို့အနေဖြင့် စီမံကိန်း အောင်အောင်မြင်မြင်ဖြင့် လုပ်ဆောင် သွားနိုင်ရန်သာ ဆန္ဒရှိကြောင်း၊ အဆိုပါ စီမံကိန်းကြောင့် ဒေသအတွင်း နေထိုင်သူများ၏ စားဝတ်နေရေးကို အဆင်ပြေအောင် ဆောင်ရွက် ပေးနိုင်သည့် အတွက် ဝမ်းမြောက်မိ ပါကြောင်းနှင့် ဒေသတွင်း ဖွံ့ဖြိုးရေး အတွက်ကိုလည်း စီမံကိန်းများချမှတ် ကာလုပ်ဆောင်နေကြောင်း အထက်ဖော်ပြပါ တာဝန်ခံအရာရှိတစ်ဦးက ပြောပါသေးသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက် က ဖြစ်ပွားခဲ့သည့် အဆိုပါကြေးနီ တူးဖော်ရေးစီမံကိန်း ဧရိယာရှေ့ သပိတ်စခန်း ဖြိုခွင်းခံရခြင်းဖြစ်စဉ်နှင့် ပတ်သက်၍ သိရသည်မှာ ဒေသတွင်း နေထိုင်ကြသူများအနေဖြင့် ယင်းတို့ ၏ လယ်ယာမြေများ မတရား သိမ်း ပိုက်ခံရခြင်းနှင့် အဆိုပါ သတ္တု တူးဖော်ရေး စီမံကိန်း သည် ဒေသတွင်း နေသူများအတွက် သာမက မြန်မာပြည်သူ တစ်ရပ်လုံးအတွက် ကိုလည်း အကျိုးဖြစ်ထွန်းနိုင်ခြင်း မရှိသည့် အတွက်ကြောင့် လည်းကောင်း၊ စီမံကိန်းနောက်ဆက်တွဲ အကျိုးဆက် အဖြစ် သဘာဝ ပတ်ဝန်းကျင် ညစ် နွမ်းသွားခြင်းနှင့် အစဉ်အဆက် ပိုင်ဆိုင်လာခဲ့သည့် တောင်တန်းကြီး များ ပပျောက် သွားနိုင်သည်ဟု ယူဆ ကြသဖြင့် လည်းကောင်း၊ အထူးသဖြင့် မြန်မာတို့ တန်ဖိုးထားမြတ် နိုးကြသည့် မြန်မာ့ရေမြေတောတောင် သဘာဝ တစ်ခုလုံး ပြောင်းလဲမှု များ ဖြစ်ပေါ်သွားနိုင်သည်ဟု ယူဆကြပြီး အဆိုပါစီမံကိန်းကြောင့် ဆုံးရှုံးနစ် နာမှုများစွာ ရှိနိုင်သဖြင့် စီမံကိန်း အပြီးသတ် ပိတ်သိမ်းနိုင်ရေးအတွက် တောင်းဆို ဆန္ဒဖော် ထုတ်ရာမှ နောက် ဆုံးတွင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခြင်း ခံခဲ့ရကြောင်း သိရသည်။

ထိုသို့အကြမ်းဖက်နှိမ်နှင်းခံရ မှုကြောင့် သပိတ်စခန်းအတွင်း ငြိမ်း ချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည့် သံဃာတော် အချို့နှင့် လူပုဂ္ဂိုလ် အချို့တို့ သည်လည်း ပြင်းထန်သော မီးလောင်ဒဏ်ရာများဖြင့် ယနေ့အချိန် အထိ ဆေးဝါးကုသမှု ခံနေကြရကြောင်း နှင့် တချို့သော သံဃာတော်များ သည် လည်း ပြည်တွင်း ဆေးဝါး ကုသမှုများနှင့် လုံလောက်မှုမရှိဟု ယူဆသဖြင့် ပြည်ပသို့တိုင် သွားရောက် ကုသရန်စီစဉ်နေကြကြောင်း၊ သပိတ်စခန်းဖြိုခွင်းရာတွင် အသုံးပြုသည့် လက်နက်နှင့် ပတ်သက်၍မူ မည်သို့သော လက်နက်ပစ္စည်းဖြစ် ကြောင်းနှင့် မည်သည့်နိုင်ငံ မည်သည့် အဖွဲ့အစည်း များမှ ထောက်ပံ့ ပေးအပ်သည့် လက်နက် ပစ္စည်း ဖြစ် နိုင်သည် ကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ဆက်လက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း နောက်ဆက်တွဲ သတင်းများအရ သိရသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*