ပြည်တွင်းသတင်း — မုံရွာ၊ မတ် ၁၆၊ ၂ဝ၁၃
အစီအရင်ခံစာနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့သည်

အစီအရင်ခံစာနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့သည်

ကြေးနီစီမံကိန်း ဆက်လက် လုပ်ဆောင်ရန် အစီရင်ခံစာ တင်ပြခဲ့သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ကော်မရှင် အစီရင်ခံစာ ထွက်ပေါ်ပြီး နောက်တစ်ရက်ဖြစ် သည့် မတ်လ ၁၃ ရက် နံနက်ပိုင်းမှ စတင်ကာ ဒေသတွင်းကျေးရွာနှစ်ရွာမှ တောင်သူများက အပြင်းအထန် ကန့်ကွက် ရှုတ်ချခဲ့ကြ သည်။

စီမံကိန်း လုံးဝ ရပ်ဆိုင်းရေးနှင့် အကြမ်းဖက်မှုဖြစ်စဉ် အမှန်အတိုင်းပေါ်ပေါက်ရေး အတွက် ကော်မရှင် အစီရင်ခံစာ စောင့်မျှော် ခဲ့ကြသည့် ဒေသတွင်းရှိ ကျေးရွာများ အနက် တုံရွာနှင့် ဆည်တည်းကျေးရွာဟောင်း မှတောင်သူများက ကော်မရှင် အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် တောင်းဆိုချက်များ မရရှိခဲ့သည့် အတွက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်အား အပြင်းအထန် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

”တရုတ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ ညှိနှိုင်းစရာ ရှင်းပြစရာ မလိုဘူး။ စီမံကိန်း အပြီးသတ် ရပ်ဆိုင်းပေးဖို့နဲ့ အကြမ်းဖက် သမားတွေကို တိတိကျကျဖော်ထုတ်ပေးဖို့ ကိုပဲ ကျုပ်တို့ လိုလားတယ်” ဟု ဆန့်ကျင် ကန့်ကွက်သည့်ကျေးရွာ နှစ်ရွာ အနက်မှ တုံရွာတောင်သူ တစ်ဦးက မြန်မာအင်ဒီပဲန့်ဒင့်သို့ ပြောသည်။

ယင်းတို့ အနေနှင့် အစီရင်ခံစာ မထွက်ပေါ်မီကလည်း ကြီးမားသော မျှော်လင့်ချက် အပြည့်အ၀ ရှိခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ မျှော်လင့်မထားသည့် အစီရင်ခံစာ ထွက်ပေါ်လာသည့် အတွက်ကိုလည်း အံ့သြဝမ်းနည်းမှု ဖြစ်ရကြောင်း၊ ယခု အခါတွင် အဆိုပါ စီမံကိန်း လုံးဝ ရပ်ဆိုင်းသွားရန်မှာ မိမိတို့ အစီအစဉ်ဖြင့်သာ ဆက်လက် လုပ်ဆောင်ရတော့ မည်ဖြစ်ကြောင်း အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သတ်၍လည်း  ဥပဒေနည်းလမ်း များဖြင့်တောင်းဆို တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း  ယင်းက ဆက်လက်ပြောသည်။

”မြေလျော်ကြေးလည်း မလိုချင်ဘူး။ ကျုပ်တို့ကတောင်ကြီးပဲ လိုချင်တာ။ နောက်ပြီးတော့ ဒီနေရာဒီဒေသကနေ ဘယ်ကိုမှ ထွက်သွားကြမှာ မဟုတ်ဘူး။ တောင်သူတွေ ဆိုတာတောင်ယာပဲ လုပ်စားတတ်တယ်။ စီမံကိန်း အပြီးဖျက်ပေးဖို့ကိုပဲ ဆက်လက်တောင်းဆိုသွားမှာ” ဟု တောင်သူနောက်ထပ် တစ်ဦးကဝင်ရောက်ပြောဆိုသည်။

တင်းမာနေသည့် ကျေးရွာနှစ်ရွာသို့ ကော်မရှင် ဥက္ကဌရောက်ရှိစဉ် ကလည်း အဆိုပါကျေးရွာနှစ်ရွာမှ တောင်သူများဘက်က လက်ခံတွေ့ဆုံလိုခြင်း မရှိသည့်အပြင် ဆည်တည်းကျေးရွာဟောင်း တောင်သူများ အနေနှင့် ဆိုးဆိုးရွားရွား တုန့်ပြန်ရန်ပင် စီစဉ်ခဲ့ကြပြန်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၄ ရက် နံနက်က သဘောတင်းမာလျက်ရှိသည့် အဆိုပါကျေးရွာနှစ်ရွာသို့ ရောက်ရှိလာရာ ပထမဦးဆုံး အနေနှင့် တုံရွာရှေ့သပိတ်စခန်းတွင် တုံရွာတောင်သူများနှင့် တွေ့ဆုံ ရှင်းလင်းပြောကြား ရာတွင် ပြေလည်မှု မရရှိခဲ့ဘဲ ဝိုင်းဝန်း အော်ဟစ် ဆန္ဒပြမောင်းထုတ်ခြင်း ခံခဲ့ရသည်။ ထို့နောက် ဆည်တည်းကျေးရွာဟောင်းသို့ ဝင်ရောက်ရန် ကြိုးစားပြန်သော်လည်း လူအင်အားဖြင့် ဝင်ခွင့်မပြုဘဲ  နောက်ဆုံးတွင်မှ လုံခြုံရေး ငါးဦးခန့်ဖြင့် ဝင်ခွင့်ရခဲ့သည်။

သို့ရာတွင် ယင်းအနေနှင့် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ ညှိနှိုင်းဆွေးနွေး ခဲ့သော်လည်း တောင်သူများ ဘက်က သဘောထား တင်းမာလျက်သာ ရှိခဲ့သည့် အတွက် ပြေလည်မှု မရရှိခဲ့ပဲ ပြန်လည် ထွက်ခွာခဲ့ရပြန်သည်။

ကန့်ကွက်သည့် ကျေးရွာနှစ်ရွာမှ တောင်သူများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ကပြောရာ၌ တောင်သူများ အနေနှင့် မိမိ ထုတ်ပြန်ကြေငြာလိုက်သည့် အစီရင်ခံစာပါ အကြောင်း အချက်များအား ပြီးပြည့်စုံအောင် ဖတ်ရှုရန် လိုကြောင်း၊ မိမိအနေနှင့် တောင်သူများ၏ အခက်အခဲ အကြပ်အတည်းများအား ရှင်းလင်းပေးလိုသည့် အတွက် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေး အတွက် မိမိကြိုးစားဆောင် ရွက်နေကြောင်း ယခုပြဿနာတွင် အပြေလည်ဆုံး နည်းလမ်းနှင့်ဖြေရှင်းဆောင်ရွက် ရန်မှာ တောင်သူများ နစ်နာခဲ့ရသည့် မြေယာလျော်ကြေးငွေ အပြည့်အဝ ပြန်လည် ရရှိရေးနှင့် တောင်သူများ၏ ဘဝ အန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချနိုင်ရေး တောင်သူများ၏ လူနေမှု အဆင့်အတန်းမြှင့်တင်ရေး သည်သာ အဓိက ကျမည်ဟု မိမိအနေနှင့် ယူဆကြောင်း ထိုသို့သော အကြောင်းများကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ပြောဆို ရှင်းလင်းခဲ့သည်။

”အမေကတော့ တောင်နဲ့လူနဲ့ဆိုရင် လူကိုပဲရွေးပါတယ် လူကိုပဲ တန်ဖိုးထားပါတယ် လူကိုပဲ ချစ်ပါတယ် တစ်ချိန်မှာတောင်တွေပျောက်သွားနိုင်တယ် ဆိုတာ အမေ မသိလို့မှ မဟုတ်ဘဲ။ တောင်တွေအစား ပတ်ဝန်းကျင် ပြန်လည် စိမ်းလန်းစိုပြည်ရေး အတွက်ကို သူတို့ဘက်ကို တောင်းဆိုထားပါတယ်။ ဒေသခံတွေရဲ့ ကျန်းမာရေး ကစပြီး လူနေမှု အဆင့်အတန်းမြင့်မားရေး ကိုပဲအဓိကထား ဆောင်ရွက်ပေးဖို့တိုက်တွန်းထားပါတယ်” ဟု ကော်မရှင်ဥက္ကဌက ဆိုသည်။

နောက်ထပ် ထပ်မံဖွဲ့စည်းလိုက်သည့် ကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကော်မတီ အနေဖြင့် တောင်သူများ နစ်နာခဲ့ရ သည့် မြေယာလျော်ကြေးငွေ များအား ကာလတန်ဖိုးနှင့်အညီ အမြန်ဆုံးပေးအပ် သွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသခံတောင်သူများ အနေနှင့် လည်း ခိုင်မာသည့် အထောက်အထားများနှင့် တင်ပြပြီး မြေယာလျော်ကြေးငွေများအား အခက်အခဲမရှိ ပြန်လည်တောင်းယူနိုင်ကြာင်း ယင်းက ထပ်လောင်း ရှင်းလင်းပြောဆိုပြန်သည်။

သို့ပါသော်လည်း အကြောင်း အမျိုးမျိုးကြောင့် သဘောထား တင်းမာနေသည့် အဆိုပါကျေးရွာနှစ်ရွာရှိ တောင်သူများ အနေနှင့် ရှင်းလင်းပြောကြားချက် များအား နားဝင်ခြင်း မရှိဘဲ မိမိတို့အနေဖြင့် မြေလျော်ကြေးကိုလည်း အလိုမရှိ ကြကြောင်းနှင့် စီမံကိန်း အမြန်ဆုံး ဖျက်သိမ်းပေးရန်ကိုသာ ဆန္ဒပြတောင်းဆိုကြသည်။

ကန့်ကွက်ကျေးရွာနှစ်ရွာ အနက် ကျေးရွာ တစ်ရွာလျှင် အနည်းဆုံး နှစ်နာရီနီးပါးခန့် ရှင်းလင်းပြောဆိုခဲ့ပါသော် လည်း ပြေလည်မှု မရရှိခဲ့သည့် ကော်မရှင် ဥက္ကဌနှင့် အဖွဲ့တို့သည် တစ်ခြားသော ကျေးရွာများဖြစ်ကြသည့် ဆည်တည်းကျေးရွာသစ်၊ ကျော်ရွာ၊  မိုးကြိုးပြင်ကျေးရွာ  စသည့်ကျေးရွာများသို့ သွားရောက် ရှင်းလင်းပြောကြား ရာတွင် ဒေသခံတောင်သူများနှင့်ပြေလည်မှုရရှိခဲ့သည်။

ဆက်လက်၍ ကော်မရှင် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့တို့သည် စီမံကိန်းဒေသ အတွင်းရှိ လုပ်ငန်းခွင်များသို့ ဆက်လက် ကြည့်ရှု စစ်ဆေးကာ ညနေပိုင်း အချိန်တွင် မုံရွာမြို့သို့ ဆက်လက် ထွက်ခွာခဲ့ပြီး ညအိပ် တည်းခိုရာ ဟိုတယ်၌ခေတ္တရပ်နားခဲ့ကြပြီး နေပြည်တော်သို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။

ကော်မရှင် အစီရင်ခံစာနှင့် ပတ်သက်၍ ဟိုတယ်ဝင်း အတွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ကပြောရာ၌ အထူးသဖြင့် ဒေသခံတောင်သူ များအနေနှင့် ကော်မရှင် အစီခံစာအား နားလည် သဘောပေါက်စွာ ဖတ်ရှုရန် လိုအပ်ကြောင်းနှင့် မိမိအနေဖြင့်မူ အစီရင်ခံစာနှင့် ပတ်သက်၍ အပြည့်အဝ တာဝန်ယူကြောင်း အဓိကထားပြောကြား သွားခဲ့သည်။

မြန်မာအင်ဒီပဲန်ဒင့်

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*