ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၂၈၊ ၂၀၁၂
ခြိမ်းခြောက်ခံရသူပြည်သူကတိုင်ကြား

ခြိမ်းခြောက်ခံရသည့် ဒေါ်သန်းသန်းဌေး(ဝဲပုံ)နှင့် မီးရထားရပ်ကွက်NLDတာဝန်ခံ ဦးမင်းသိအောင်(ယာပုံ)

မင်္ဂလာတောင်ညွန့် မီရထားရပ်ကွက်နေ ဒေါ်သန်းသန်းဌေးက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မင်္ဂလာတောင်ညွန့်မြို့နယ် စည်းရုံးရေးမှူး ဦးဝင်းလှိုင်ကို ခြိမ်းခြောက်ခြင်းနှင့် ပတ်သက်၍ တိုင်ကြားထားမှုအား မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ ယနေ့စတင်စစ်ဆေးသည်။

အဆိုပါအမှု၏ဖြစ်စဉ်မှာ မတ်လ(၇)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ် မီးရထားရပ်ကွက်ရှိ ဓမ္မပါလ ဓမ္မာရုံအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဦးလျှင်ချေးငွေ ၃သောင်းကျပ်စီ ထုတ်ချေးနေစဉ်ဖြစ်သည်။

ထိုအချိန်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်စည်းရုံးရေးမှူး ဦးဝင်းလှိုင်က သူ့ညီမအတွက် ကိုယ်စား ချေးငွေလာထုတ်သူ ဒေါ်သန်းသန်းဌေးအား ““ခင်ဗျားသားက NLD မှာအရမ်းတက်ကြွနေပါလား၊ ခင်ဗျားသားကိုကျုပ်တို့ VCD တစ်ချပ်ရိုက်ထားတယ်၊ အရက်မူးလို့ထောင်ကျရင် (၇)ရက်ပဲ၊ နိုင်ငံရေး လုပ်လို့ထောင်ကျရင် ဘယ်လောက်ကျမယ်မှန်း မသိဘူးနော်”” ဟု ဒေါ်သန်းသန်းဌေးအား ပြောဆိုသည်။

ဆက်လက်၍ ဦးဝင်းလှိုင်က ““ခင်ဗျားသားဝန်ထမ်းကို ရခိုင်ကိုပြောင်းပစ်ရမလား၊ အလုပ်ဖြုတ်ပစ်ရမလား၊ အခု ခင်ဗျားတို့ကို ပိုက်ဆံချေးပေးတာ ကျုပ်တို့ပါတီက၊ ကျုပ်တို့ပါတီကို မဲထည့်ရမယ်”” ဟု ပါတီတံဆိပ်ကိုပြ၍ ပြောကြာင်း ဒေါ်သန်းသန်းဌေးမှ ပြောကြားသည်။ ““ကျုပ်တို့ပါတီကို မဲမထည့်ရင် (၃)သောင်းမချေးဘူး၊ မဲနိုင်ရင် (၅)သောင်းချေးပေးမယ်”” ဟု ဦးဝင်းလှိုင်က ပြောကြားကြောင်း ဒေါ်သန်းသန်းဌေးက ဆက်လက်ပြောကြားသည်။

 ထိုသို့ပြောဆိုမှုများအား ဒေါ်သန်းသန်းဌေး၏ မိသားစုဝင်များက မကျေနပ်သဖြင့် NLD ပါတီ၏ မင်္ဂလာတောင်ညွန့်မြို့နယ်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းထံသို့ အကူအညီတောင်းသည်။ ထိုမှတဆင့် NLD ပါတီ၏ အောင်နိုင်ရေးအတွင်းရေးမှူး ဦးဉာဏ်ဝင်းထံသို့ ရောက်ရှိသည်။ ဦးဉာဏ်ဝင်းထံမှတဆင့် ရဲစခန်းသို့  အမှုဖွင့်တိုင်ကြားရာ တရားရုံးသို့ ဦးတိုက်လျှောက်ထားရန် ညွှန်ကြားသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးသို့  ဦးတိုက်လျှောက်ထားခဲ့သည်။

  တရားလိုသက်သေ ၆ ဦးထဲမှ တစ်ဦးဖြစ်သူ မခိုင်စုတင်၏ မိခင်ဒေါ်ထွေးထွေးမြတ်ကိုလည်း လက်ဖက်ရည်ဆိုင်သို့ ခေါ်ကာ ဦးဝင်းလှိုင်က ခြိမ်းခြောက်ခဲ့ကြောင်း သက်သေ မခိုင်စုတင်ထံမှ သိရသည်။

  ခြိမ်းခြောက်ရာ၌ “နင်တို့ ပဲစားနိုင်လို့လား၊ ထောင်ကျရင် နင်တို့ပဲကျမှာ၊ ရစရာရှိရင် သူတို့ပဲရမှာ ဘာမသိညာမသိနဲ့ ဘာကို သက်သေ လိုက်တာလဲ” ဟု ဦးဝင်းလှိုင် ကပြောကြောင်း သက်သေမခိုင်စုတင်က ပြောကြားသည်။

 တိုင်ကြားခံရသူများထံသို့ ရဲစခန်းမှတဆင့် စစ်ချက်ခံယူရန် ခေါ်သောအခါ ဆင့်ခေါ်စာ ၂ စောင် ပို့ပြီးသောအချိန်အထိ လာရောက်​ တွေ့ဆုံခြင်းမရှိကြောင်း သိရသည်။

တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ တရားလိုက မဲဆန္ဒရှင်ပြည်သူတစ်ဦး၏ ခံစားခွင့်နှင့် အခြေခံဥပဒေ၏ ခိုင်မာတောင့်တင်းသော အကာအကွယ်ပြုမှုကို ပြည်သူများသိစေရန် ဟူသည့် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း မီးရထားရပ်ကွက်မှ NLD တာဝန်ခံ ကိုမင်းသိအောင်မှ ပြောကြားသည်။

 အဆိုပါအမှုကို မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံး၌ ယနေ့ရုံးချိန်းအဖြစ် ခေါ်ယူစစ်ဆေးရာ တိုင်ကြားခံရသူများဘက်မှ မည်သူမျှ လာရောက်ခြင်းမရှိကြောင်း တရားရုံးမှသိရသည်။ ထို့ကြောင့်တရားရုံးမှ ရုံးချိန်းကိုဧပြီလ ၆ ရက်နေ့ နံနက် ၁၁ နာရီသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။

၀၀၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.