ခေါင်းကြီးသတင်း တွေ့ဆုံ​မေးမြန်းခြင်း — နယူးယောက်၊ စက်တင်ဘာ ၊ ၂ဝ၁၂
ဆန်ဖရန်စစ္စကို တက္ကသိုလ်တွင် အမေရိကရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ဆန်ဖရန်စစ္စကို တက္ကသိုလ်တွင် အမေရိကရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ဆန်ဖရန်စစ္စကို မြို့တော်ဝန်က ဂုဏ်ထုးဆောင် မြို့တော်သူအဖြစ် သော့တံဆိပ်အပ်နှင်းခဲ့သည်

ဆန်ဖရန်စစ္စကို မြို့တော်ဝန်က ဂုဏ်ထုးဆောင် မြို့တော်သူအဖြစ် သော့တံဆိပ်အပ်နှင်းခဲ့သည်

နယူးယောက်တိုင်းမ်စ် သတင်းထောက် ဘီလ်ကဲလ်လာနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ပြုပြင်ပြောင်းလဲရေး အတွက် မက်လုံးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်နိုင် ကြောင်း၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် တပ်အတွက် အာဏာကို ပိုင်ဆိုင်လျက်သား ရှိနေနိုင်စေသည့် အတွက် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ယင်းတွေ့ဆုံဆွေးနွေးခန်းမှ အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

မေး။ ။ ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတာက မနှစ်က ဆိုရင် စိတ်မကူးနိုင်တဲ့ အနေအထား ဆိုတော့ အစိုးရဟောင်း ကို ဘာကများ ပြောင်းလဲသွား စေတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျွန်မထင်တာကတော့ သူတို့ အချိန်ကျလို့ သူတို့ပြောင်းသွားတာပါ။ အပြောင်းအလဲကို သိပ်မြန်မြန်ကြီး မရွေ့ချင်ကြဘူး ထင်တယ်လေ။ ဒါပေမယ့် ကျွန်မရဲ့ပါတီက ရွေးကောက်ပွဲ ဝင်မယ်လည်း ဆုံးဖြတ်ပြီးရော အစိုးရသစ် ကလည်း ဆန္ဒရှိတာနဲ့ အခုလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာပေါ့။ နောက်တော့ ဥပဒေပြုရေး မဏ္ဍိုင်ပါ ပြောင်းလဲလာ တယ်ပေါ့။ အဲဒီမှာလည်း ကျွန်မထင်ထားတာ ထက်တောင် ဒီမိုကရေစီ နည်းကျ ပြောင်းလဲလာ ခဲ့ပါတယ်။ အဲဒါတွေ အကုန်လုံးက သူ့ဘာသာသူပဲ အချိန်ကျလို့ ဖြစ်လာတာပါ။ ဒီလိုဒီနှုန်းမျိုးနဲ့ ပြောင်းလဲမယ် လို့တော့ ဘယ်သူကမှ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူးလို့ ထင်ပါတယ်။

မေး။ ။ စီးပွားရေး ပိတ်ဆို့မှုတွေက အလုပ်ဖြစ်ခဲ့တယ် ဆိုရင် မှန်မလား။

ဖြေ။ ။ မှန်ပါတယ်။ ကျွန်မ အမြဲပြော ပါတယ်။ ပိတ်ဆို့မှုတွေက အလုပ်ဖြစ်ပါတယ်။ လူတွေထင်သလို အလုပ် ဖြစ်တာ မျိုးတော့ မဟုတ်ဘူး။ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး ပြောင်းလဲသွားတာမျိုးလို အလုပ်ဖြစ်တာမျိုး မဟုတ်ဘူး။ ကျွန်မက အမြဲပဲ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့ရဲ့ အစီရင်ခံစာတွေမှာ အစဉ်တစိုက် ဖော်ပြနေခဲ့သလို ပိတ်ဆို့မှုတွေ ဟာ မြန်မာ့စီးပွားရေးကို နည်းနည်းလေးပဲ ပြောင်းလဲစေတာ ဖြစ်ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းချက်ကသာ ဆိုးဆိုးရွားရွား ပြောင်းလဲစေတာပါ ဆိုတာ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အစိုးရဟောင်း ကလည်း သူတို့ ဝါဒဖြန့်ခဲ့တာကိုပဲ သူတို့က ပြန်ယုံလာကာ တိုင်းပြည် ဒုက္ခရောက်လာတာ ပိတ်ဆို့မှုတွေမှာ တာဝန်ရှိတယ်လို့ ထင်လာပါတယ်။ ဒါလည်း ဖြစ်တတ်တာပဲ။ စီးပွားရေးအရ ရှေ့ဆက်လှမ်းဖို့ ဆန္ဒပြင်းပြကြ တာကလည်း စီးပွားရေး တိုးတက်ရင် အရာရာလည်း တိုးတက်လိမ့်မယ်လို့ ထင်လာတာကိုး။ ကျွန်မကတော့ အဲဒီလို လိုက်မယုံကြည်ပါဘူး။ ကျွန်မကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နည်းတူ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုလည်း လုပ်ရမယ်လို့ ထင်ပါတယ်။ ဒါကြောင့် တိုးတက်ဖို့အတွက် အတားအဆီး တစ်ခုလို လူအများစု မြင်နေကြတဲ့ ပိတ်ဆို့မှုကို ဖယ်ရှားဖို့ လိုပါတယ်။

ထို့နောက် ပိတ်ဆို့မှု အပါအဝင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် သမ္မတ အဖြစ် အရွေးခံလိုစိတ် ရှိ မရှိတို့ကို မေးမြန်း ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် က သံတမန် အဖြေများဖြင့် တုံ့ပြန်ခဲ့သည်။

မေး။ ။ နောက် ရွေးကောက်ပွဲမှာ စစ်တပ်အတွက် နေရာချန် ထားပြီးသား ရှိနေဦးမလား။ သူတို့ကို ကိုယ့်လမ်းထဲ ဝင်လျှောက်လာအောင် ဘယ်လို ခေါ်ယူမလဲ။

ဖြေ။ ။ အခြေခံ ဥပဒေအရ လွှတ်တော်မှာ တပ်မတော်သားက ၂၅% ရှိရပါမယ်။ ကျွန်မတို့က အခြေခံဥပဒေ အနေနဲ့ အနှစ်သာရ အရရော၊ လက်တွေ့ မှာပါ ပိုပြီး ဒီမိုကရေစီနည်း ကျသင့်တယ် လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့ပြီးပါပြီ။ ဒီကိစ္စကိုလည်း တပ်မတော်ရဲ့ ပူးပေါင်းမှုနဲ့ပဲ ဖြစ်အောင် လုပ်သွားချင်ပါတယ်။ အဲဒီလို လုပ်မှလည်း ရမှာပါ။ ဒါကြောင့် ကျွန်မတို့ လက်တွဲလုပ် ကြရပါမယ်။ ဒါကို ဘယ်လို လုပ်လို့ရမှာလဲ၊ ဥပဒေပြုရေးမှာ တပ်က ဝင်စွက်နိုင်နေပြီမို့ ဒီဟာကို လက်လွှတ်ခံနိုင်မှာလားလို့ တချို့က ပြောကြပါမယ်။ ဒါပေမယ့် ကျွန်မ ထင်တာက သူတို့အနေနဲ့ ဒီမိုကရက်တစ် ဥပဒေပြုရေးမှာ တစ်စုတစ်ဖွဲ့က နေရာတွေ အများကြီး ယူထားတာဟာ သဘောမကျစရာဘဲလို့ နားလည်လာရင်တော့ ဒီကိစ္စကို သူတို့ ပြန်တွေးလာမှာပါ။ ဒါက အခြေခံ ဥပဒေထဲက အပြင်သင့်ဆုံး အချက်လို့တော့ ကျွန်မ မထင်ပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်က အစိုးရ တာဝန်အားလုံးကို ယူနိုင်တဲ့ ရပိုင်ခွင့်မျိုး ရှိနေတာတွေ အဲဒီလို စစ်တပ်နဲ့ဆိုင်တဲ့ အချက်တွေကို အခြေခံ ဥပဒေထဲမှာ ပြင်ကြရပါမယ်။ ပြီးတော့ လွှတ်တော်ထဲကို ကျွန်မတို့ ရောက်ပြီး ၂ လအတွင်းမှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။ အခုအထိ တရင်းတနှီး မရှိကြသေးဘူး ဆိုပေမယ့် အင်မတန် ယဉ်ကျေးစွာ ဆက်ဆံဖူး ပြီးကြပါပြီ။

ကျွန်မကတော့ တွေ့ဖူး ဆက်ဆံဖူးရာက ဆက်ဆံရေးတွေ ပိုကောင်းလာမယ်၊ နားလည်မှုတွေ ပိုရှိလာမယ်လို့ အတော်ကြီးကို မျှော်လင့်မိပါတယ်။ စသိတည်းကဆိုရင် ဆက်ဆံရေးက ပိုမဆိုးလာဘဲ ပိုကောင်းလာတာ တော့ ရှိနေပါပြီ။

ထို့နောက် ရခိုင်အရေးနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ ယင်းအနေဖြင့် ထုတ်ဖော် ပြောကြားမှု မရှိသည့် အကြောင်း မေးမြန်းခဲ့ရာ တစ်ဖက်အစု အဖွဲ့ကိုသာ ကန့်ကွက်လျှင် သူ့အပေါ်ကို ငြိုငြင်ခြင်းထက် တစ်ဖက်နှင့် တစ်ဖက် ပိုမို အမျက်သိုနိုင်ကြောင်း၊ ယခုဖြစ်ရပ်တွင် နှစ်ဖက်စလုံးမှ အကြမ်းဖက် မှုများ ကို ကျူးလွန်ခဲ့ကြကြောင်း၊ ထို့ကြောင့် မည်သည့်ဖက်ကိုမျှ ကန့်ကွက် ပြောဆိုခြင်း မပြုခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ ဆက်လက်၍ မေးမြန်းသည် များမှာ..။

မေး။ ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဘယ်လို ဆောင်ရွက်မှာ ပါလဲ။

ဖြေ။ ။ ဒါဟာ သိပ်မြန်မြန်တော့ မဖြစ်နိုင်ဘူးပေါ့။ လက်တွေ့ကျရမယ်လေ။ ဒီလူစုတွေကြားက ပြဿနာက ဆယ်စုနှစ် များစွာဆိုတော့ တစ်ညတည်း နဲ့တော့ ပြန်သင့်မြတ်အောင် ဘယ်လို လုပ်ပေးနိုင်ပါ့မလဲ။ ဒါကြောင့် ကျွန်မက တရားဥပဒေ စိုးမိုးရေးကို အာရုံစိုက်ဖို့ ပြောတာပေါ့။ စဖြစ်တုန်းက မုဒိန်းမှု ကျူးလွန်သူတွေအပေါ်  ထိထိရောက်ရောက် အရေးယူမှုကို ချက်ချင်း လုပ်နိုင်ရင် ဒီလောက်ထိ ဖြစ်ချင်မှဖြစ်မှာ။ ခုတော့ တရားမျှတမှု မရှိဘူးထင်ပြီး သူတို့လက်နဲ့သူတို့ တရားစီရင်ချင်တဲ့အတွက် ခုလိုတွေ ဖြစ်လာတာပဲ။ ဒါဟာ တရားမျှတတဲ့ အလုပ် မဟုတ်ပါဘူး။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးကို ပြောနေတာပါ။ တင်းမာမှုတွေ လျော့သွားရင်တောင် ဘယ်လိုဆက်ပြီး စခန်းသွားရမယ် ဆိုတာ စဉ်းစားရပါမယ်။ ခိုင်မာတဲ့ နိုင်ငံသား ဥပဒေ ရှိရပါမယ်။ ဒီလူတွေဟာ မြန်မာပြည်နဲ့ မသက်ဆိုင်ဘူးလို့ ဆိုကြတယ်။ ဒါဆို သူတို့ ဘယ်သူတွေလဲ။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလူတွေက သူတို့လူတွေ မဟုတ်ဘူးတဲ့။ နယ်စပ်မှာ လုံခြုံရေး မခိုင်မာတာ ကို ပြတာပဲ။ နှစ်ဖက်စလုံးက ဒီလူတွေနဲ့ မပတ်သက်ချင်ဘူး ဖြစ်နေကြတယ်လေ။

ထို့နောက် ဖယ်ဒရယ်ဝါဒအပေါ် အမြင်၊ နျူကလီးယား လက်နက်အရေး၊  ကူးပြောင်းရေး ကာလအတွေ့အကြုံ နှင့် အမေရိကန်၏ အခန်းကဏ္ဍတို့ အကြောင်း ဖြေကြား ခဲ့ပြန်သည်။

အီဂျစ်ကဲ့သို့သော နိုင်ငံများတွင် အသွင်ကူးပြောင်းရေးကာလ၌ အဓိက ရင်ဆိုင်ရသော ပြဿနာမှာ စပ်ဘက်မှ  ယင်းတို့၏ ပိုင်ဆိုင်မှုများနှင့် ဩဇာတို့ ဆုံးရှုံးရမည်ကို စိုးရွံ့နေခြင်းဖြစ်ရာ မြန်မာတွင်လည်း ထိုအရေးကို မည် ကဲ့သို့ ကိုင်တွယ်မည် နည်းဟု အမေးကိုမူ တစ်ဦးချင်းက သူတို့၏ အနာဂတ်အတွက် လုံခြုံမှု ရှိသည်ဟု ယူဆ လာလျှင် စီးပွားရေး အဆောက်အအုံများကို ညှိနှိုင်းနိုင်လာ မည်ဖြစ်ကြောင်း၊ အရပ်သား အစိုးရအနေဖြင့် သူတို့ကို ကျရှုံးအောင် မရည်ရွယ်ဘဲ သူတို့အပါအဝင် တစ်တိုင်းပြည်လုံး ကောင်းကျိုးအတွက် အတူလက်တွဲ ဆောင်ရွက်သွားနိုင်ကြောင်း ဖြေကြားခဲ့သည်။ ဆက်လက်၍ “ဒါဆို သူတို့ ရဲ့ ပိုင်ဆိုင်မှုတွေကို မသိမ်းဘူး ဆိုပါ တော့”ဟု မေးရာ “သူတို့မှာ ဘာတွေ ပိုင်တယ်ဆိုတာ မသိဘဲနဲ့ ကျွန်မတို့ က ဘယ်သူ့ပိုင်ဆိုင်မှုကိုမှ မသိမ်း နိုင်ပါဘူး။ ကျွန်မတို့ရဲ့ စာမျက်နှာ တွေမှာ လက်စားချေတာတွေ၊ အပြစ်ပေးတာတွေကို အရှေ့ဆုံးမှာ ထား ထားတယ် လို့ ကျွန်မကတော့ မထင်ဘူး။ ကျွန်မတို့ လိုချင်တာက ညှိနှိုင်း ဆွေးနွေးအဖြေရှာပြီးတော့ပဲ သဘော တူညီမှု တစ်ခုရမယ့် လူ့အဖွဲ့အစည်း တစ်ခုကို တည်ဆောက်နိုင်ဖို့လေ။ ဒါ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့။ လွှတ်တော်မှာ အတွေ့အကြုံတွေ ဖလှယ်ရင်းနဲ့ ဒီလိုမျိုးတွေ လုပ်နိုင်ပါတယ်” ဟု ဖြေခဲ့သည်။

စစ်ဗိုလ်ချုပ်ကြီးများကို စစ်ခုံရုံး တင်သင့်သည်ဟုလည်း အကြုံပြု လာကြသဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားကို မေးရာ သူ့အနေ ဖြင့် မလုပ်လိုကြောင်း၊ သို့သော် လုပ်လိုသူများ ရှိနိုင်ကြောင်း၊ အများစုကမူ ထိုသို့ လုပ်လိုကြမည် မဟုတ်ကြောင်း၊ မြန်မာတို့သည် လက်တွေ့ကျသော်လည်း အညှိုးကြီးသောလူမျိုးများ မဟုတ် ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သူသည် နိုင်ငံရေး သမားဘဝမှ ပြယုဂ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲခဲ့သော်လည်း သူ့သဘောအရ နိုင်ငံရေး သမား တစ်ဦး အဖြစ်သာ ရပ်တည်သွားလိုကြောင်းလည်း ထည့်သွင်း ဖြေဆိုခဲ့သည်။ အခြားသော နိုင်ငံတကာ၏ ဆက်ဆံရေးနှင့် အတွေ့အကြုံများအပေါ် အတွေးအမြင်များကိုလည်းကောင်း၊ သမ္မတ ဦးသိန်းစိန် အပေါ် အမြင်ကိုလည်းကောင်း မေးမြန်းခဲ့ပြန်ရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ တွေးသမျှကို အပြုသဘောဆောင် အကျယ်တဝင့် ပြောကြားခဲ့သည်။

နောက်ဆုံး ပြုပြင်ပြောင်းလဲရေး များအကြောင်း ပြောကြရာမည်သည့် မက်လုံးကြောင့် ပြုပြင်ပြောင်းလဲခဲ့သည် ဟု ထင်ကြောင်း အမေးကို “ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ဖြစ်မှာပါ။ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေက သူတို့အတွက် အာဏာကို ဆက်ပိုင်ဆိုင်လျက်သား ရစေနိုင်နေတာကိုး။ သူတို့ ရှေ့ဆက်ဖို့ အားရှိတော့တာပေါ့။ လိုအပ်တယ် ထင်ရင် တပ်မတော် အနေနဲ့ အစိုးရ အဖွဲ့အာဏာကို သိမ်းယူနိုင်နေတယ်လေ။ သူတို့ရဲ့ အာဏာက လှုပ်သွား ဖို့ မရှိတဲ့အတွက် သူတို့ ရှေ့ဆက်ဖို့ ယုံကြည်မှု ရှိနေတာပေါ့” ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ပြုပြင်ပြောင်းလဲရေး အတွက် အဓိကကျသော အန္တရယ်အကြောင်း မေးရာတွင် “အုပ်ချုပ်ရေး မဏ္ဍိုင် ထဲမှာပဲ သဘောမတူညီကြတာ ဖြစ်ပါတယ်။ အန္တရာယ် ကြီးလှချည်ရဲ့ မဟုတ်ပေမယ့် ဖြစ်နေတာတော့ အမှန်ပဲ။ နောက်ကြောင်း မပြန်နိုင်ဘူး လို့တော့ ပြောလို့မရပါဘူး။ တစ်ညတည်းနဲ့ ဒီမိုကရေစီကနေ စစ်အာဏာရှင် စနစ် ဖြစ်ခဲ့ကြသေးတာပဲ။ ကျွန်မအနေနဲ့ အဓိက ညွှန်ပြချင်တာက ကျွန်မတို့ ကြိုးစားခဲ့တာဟာ နောက်ပြန်လှည့်မယ် ဆိုရင် လူတိုင်း လက်ခံဖို့ ခက်မယ့် အနေအထား၊ အခြေအနေတစ်ခု ရောက်နေပြီ ဖြစ်ပါ တယ်။ ဒါပေမယ့် နောက်ကြောင်း မပြန်နိုင်တဲ့ အနေအထားရောက်နေ ပြီလို့တော့ မပြောနိုင်သေးပါဘူး။ ဒါ ကြောင့် ရှေ့ကိုတော့ ဆက်ရပါမယ်။  တစ်ကြိမ်မှာ တစ်လှမ်းပေါ့။ ဒီမိုကရေစီ အင်အားစုတွေထဲမှာလည်း အခု  ဖြစ်နေတာတွေကို မကြိုက်တဲ့သူတွေ၊ ပိုပြီးပြင်းထန်တဲ့ လမ်းကို လျှောက်စေချင်သူတွေ၊ လက်ရှိအုပ်ချုပ်ရေး ပိုင်းကို မယုံသူတွေ ရှိနေပါတယ်။ ပိတ်ဆို့မှုတွေ အဆုံးမသတ်ရေး တောင်းဆိုမှုတွေတောင် ရှိနေတာကို ကြားမိ မှာပါ။ ကျွန်မ သဘောမတူပါဘူး။ အခုအချိန်က ကျွန်မတို့အနေနဲ့ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်ရတော့မယ့် အချိန်ပါ။ ဒီမိုကရေစီရဖို့ ပြင်ပက ဖိအားကို တစ်သက်လုံး မှီခိုသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ကျွန်မတို့နဲ့အတူ ရပ် တည်ပေးကြစေချင်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ဖြစ်နေတာတွေကိုလည်း ဂရုပြုမိစေချင်ပါတယ်။ အခုဖြစ်နေ တာတွေက ပြုပြင်ပြောင်းလဲရေးဖြစ် ကိုဖြစ်ရမယ်လို့ အာမမခံနိုင်သေးပါ ဘူး။ ဒီမိုကရေစီ ဖြစ်စဉ်ကြီး ရှေ့ဆက်သွားဖို့ ပိတ်ဆို့မှုပေါ် မှီခိုအားကိုးတာကို ရပ်ဖို့ အချိန်ရောက်ပြီလို့ ထင်ပါ တယ်။ ပိတ်ဆို့မှုတွေ ရပ်သွားမှာကို စိုးရိမ်နေတဲ့သူတွေ အတွက်တော့ စိတ် မကောင်းပါဘူး။ ကျွန်မတို့ ဒီပိတ်ဆို့ မှုအပေါ် ဘယ်အချိန်ထိ ဆက်ပြီး အားကိုးနေကြရမှာလဲ။ ကျွန်မက လူထုအတွက် သူတို့ရဲ့ စီးပွားရေး အခြေအနေ တိုးတက်အောင် အခွင့်အရေးကို ပေးချင်ခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကင်တာကီ ပြည်နယ် ခရီးစဉ်အပြီးတွင် ကွန်နက်တိကက် ပြည်နယ်ရှိ ယေးလ် တက္ကသိုလ်၊ မက်ဆာချူးဆက် ပြည်နယ်ရှိ ဟားဗတ် တက္ကသိုလ်နှင့် ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဆန်ဖရန်စစ္စကို တက္ကသိုလ်တို့ တွင်လည်း ဟောပြောပို့ချမှုများကို ပြုလုပ်ခဲ့ကာ အောက်တိုဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ မည် ဖြစ်သည်။

ဝ၃၆

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*