တိုင်းရင်းသားသတင်း — မတ် ၆၊ ၂ဝ၁၃

ပြီးခဲ့သည့် သတင်းပတ်အတွင်းက စတင်ခဲ့သော Shan State Progress Party / Shan State Army (SSPP/SSA) နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများမှာ သမ္မတ ဦးသိန်းစိန်က အစိုးရတပ်များကို စစ်ဆင်ရေး ရပ်တံ့ရန် ဖေဖော်ဝါရီ ၂၃ ရက်က ညွှန်ကြားခဲ့ပြီးဖြစ်သည့်တိုင် ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပေါ်လျက် ရှိနေသေးကြောင်း SSA သတင်းရပ်ကွက်ကို ကိုးကား၍ ရှမ်းသံတော်ဆင့် သတင်းဌာန (S.H.A.N) က ဖော်ပြ သွားခဲ့သည်။

SSPP/SSA အဖွဲ့က အချက် ၆ ချက်ပါ စာတစ်စောင်ကို သမ္မတထံ ဖေဖော်ဝါရီ ၂၃ ရက်က ပေးပို့ခဲ့သည်။ အဆိုပါ စာပေးပို့ခဲ့ပြီးနောက် မြန်မာစစ်တပ်က ဆုတ်ခွာပေး သယောင် ပြုခဲ့သော်လည်း လက်တွေ့တွင်မူ ဆုတ်ခွာခြင်း မရှိကြောင်း S.H.A.N သတင်းဌာနက ဖော်ပြခဲ့သည်။

သမ္မတထံသို့ စာပို့ခဲ့ပြီးနောက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လားရှိုးမြို့ရှိ SSPP/SSA တပ်ဖွဲ့၏ ဆက်သွယ်ရေး အရာရှိထံ သတင်းပေးပို့ကာ စစ်မြေပြင်တွင် ကျဆုံးကျန်ရစ်သည့် စစ်သည် ရုပ်အလောင်းများ ကို မြန်မာစစ်တပ်က ကောက်ယူချိန်တွင် SSA အနေဖြင့် ချုံခိုတိုက်ခိုက်ခြင်း မပြုသင့်ကြောင်း အကြောင်းကြားခဲ့သည်ဟု S.H.A.N ၏ သတင်းတွင် ဖော်ပြခဲ့သည်။

SSA အရာရှိ၏ အဆိုအရ မြန်မာတပ်ဖွဲ့များသည် ဒဏ်ရာ ရရှိသူများနှင့် ကျဆုံး စစ်သည်ရုပ်အလောင်းများ ကောက်ယူရုံ သာမက SSA တပ်ဖွဲ့များ နေရာယူထားရာ အနီးသို့ ချဉ်းကပ်လာခဲ့ကြောင်း၊ စစ်ဆင်ရေး ကွပ်ကဲမှုစခန်း အမှတ် ၂ လက်အောက်ရှိ တပ်ဖွဲ့များသည် မုန်းအော်၊ မုန်းရှူးမြို့နယ်များတွင် အင်အား ဖြည့်တင်းလျက် ရှိကြောင်း ဝမ်လွယ် ကျေးရွာအနီးတွင် စစ်ရေးတင်းမာမှု မြင့်မားနေပြီး လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပါက ရေရှည်စစ်ပွဲ ဖြစ်ပွား လာနိုင်ကြောင်းလည်း သိရှိရသည်။

အစိုးရတပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ရောက်ရှိမည့် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ဖြစ်သည့် DEA အဖွဲ့၏ လုံခြုံရေးကို တာဝန်ယူ ထားကြရကြောင်း DEA ၏ ရဟတ်ယာဉ်များ လုံခြုံစွာ ဆင်းသက်နိုင်ရေး အတွက် တပ်ရင်း နှစ်ရင်း စေလွှတ်ကာ ဒေသတွင်းရှိ SSA တပ်ဖွဲ့များ မလှုပ်ရှားနိုင်စေရန် ဆောင်ရွက် လာခြင်း ဖြစ်ကြောင်း၊ အဆိုပါမုန်းကောင်း ကျေးရွာနယ်မြေ အတွင်းရှိ ပန်ဖီးဒေသသည် မတ်စောက်သော တောင်ကြား ဒေသ ဖြစ်ကာ ရဟတ်ယာဉ် ဆင်းသက်ရန် မဖြစ်နိုင်ကြောင်း၊ DEA အဖွဲ့ အမှန်တကယ် လာရောက်မည် ဆိုပါက မိမိတို့နှင့် ညှိနှိုင်း၍ လုံခြုံရေးပင် ဆောင်ရွက်ပေးနိုင်ပါကြောင်း အဆိုပါ ဆက်သွယ်ရေး အရာရှိကပင် ဆက်လက် ပြောကြားသွားခဲ့သည်။

သမ္မတထံ ပေးပို့ခဲ့သောစာတွင် “မြန်မာစစ်တပ်၏ ထိုးစစ်ရပ်စဲရေး မေတ္တာရပ်ခံခြင်း” ဟု အကြောင်းအရာ ဖော်ပြခဲ့ပြီး SSPP/SSA အဖွဲ့အနေဖြင့် အစိုးရ၏ တောင်းဆိုချက် အရ ၂၀၁၂ ခုနှစ်အတွင်းတွင် မိမိတို့စခန်းသုံးခု ကို ရုပ်သိမ်းပေးခဲ့ခြင်းဖြင့် ငြိမ်းချမ်းရေးလိုလားမှုနှင့် စေတနာ အမှန်ကို ပြသ ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိခဲ့သည့် အပြင် SSA တပ်ဖွဲ့များမှာ တန့်ယန်း မြို့နယ်အတွင်းရှိ တောင်တန်းများတွင် နေရာယူ စခန်းချထားကြောင်း အစိုးရ တပ်ဖွဲ့များ၏ ထိုးစစ်များကို ချက်ချင်း ရပ်ဆိုင်းပါရန် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါကြောင်း ရေးသား ဖော်ပြထားခဲ့သည်ဟု S.H.A.N သတင်းဌာနက ဖော်ပြ သွားခဲ့သည်။

Ref: Despite Presidentis New Cease-fire Directive Burma Army Continues Offensive on SSA S.H.A.N February 26, 2013

ဝ၃၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*