လူမှုရေးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဧပြီ ၂၈၊ ၂ဝ၁၂

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချနိုင်ရေးအတွက် ပညာပေးဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးသုံးစွဲသူ အချို့မှာ အသက် ၁၅ နှစ် အောက်အရွယ် လူငယ်များ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန်မြို့၊ ကျွန်းတောလမ်း ရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) မှ ဒုဥက္ကဋ္ဌ ဦးသာထွန်းက ဧပြီလ ၂၇ ရက်နေ့ က မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။

စိတ်ကြွရူးသွပ်ဆေးပြားဟုခေါ်သော ATS ဆေးပြားများကို အခြေခံပညာကျောင်းအချို့၏ အနီးပတ်ဝန်းကျင်တွင် ရောင်းချနေ ခြင်းများ တွေ့ရကြောင်း၊ ရန်ကုန်မြို့တွင် အသက် ၁၅ နှစ်အောက် လူငယ်လေးများ ATS ဆေးပြားများ သုံးစွဲနေခြင်းကို အများဆုံးတွေ့ရကြောင်း ဦးသာထွန်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့သည် ဘိန်းအများဆုံးထွက်ရှိ သုံးစွဲသည့် ရှမ်းပြည်နယ်နှင့် နယ်နိမိတ် ဝေးကွာခြင်း၊ ဘိန်းရရှိရန် ခက်ခဲခြင်းတို့ကြောင့် စိတ် ကြွရူးသွပ်ဆေးပြားများကိုသာ အဓိကသုံးစွဲကြခြင်း ဖြစ်သည်ဟု အဆိုပါ ဒုဥက္ကဋ္ဌက သုံးသပ်ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ထွက်ရှိမှုအများဆုံးဒေသသည် ရှမ်းပြည်နယ်ဖြစ်ကြောင်း၊ လားရှိုးမြို့နယ် တစ်ဝိုက်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုအများဆုံးဖြစ်သည်ကို တွေ့ရကြောင်း၊ ထို့အပြင် မူဆယ်မြို့နှင့် ကွတ် ခိုင်မြို့များတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများလာခြင်းကို တွေ့ရကြောင်း ဦးသာထွန်းက ဆက်လက်ပြောကြားသည်။

မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂအေဂျင်စီတစ်ခု ဖြစ်သည့် 3D Fundမှ ဒေါက်တာစစ်နိုင်က မူးယစ်ဆေးဝါး သုံးစွဲရာမှ HIV ရောဂါပိုးးစက်မှုသည် အလွန်အရေးကြီးသည့် ကဏ္ဍဖြစ်သည့်အတွက် ပညာပေးမှုအပိုင်းမှာ အားနည်းသွားပါက မူးယစ်ဆေးသုံးစွဲရာမှ HIV ပိုး ကူးစက်မှုနှုန်းသည် မြင့်တက်လာနိုင်ကြောင်း ပြော ကြားသည်။

မူးယစ်ဆေးဝါး သုံးစွဲရာမှတစ်ဆင့် HIV ရောဂါပိုး ကူးစက်ခံရမှု လျော့နည်းလာစေရန် မူးယစ်ဆန့်ကျင်ရေးအသင်း (MAMA) မှ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ကူးစက်နှုန်းအနည်းငယ်သာ လျော့နည်းကြောင်း (MAMA) မှ ဒုဥက္ကဋ္ဌ ဦးသာထွန်းက ပြောသည်။

မူးယစ်ဆေး သုံးစွဲခဲ့ဖူးသူဖြစ်ပြီး မူးယစ်ဆေးဆန့်ကျင်ရေးအသင်း၏ လူငယ့်အားမာန်အဖွဲ့မှ အဖွဲ့ဦးဆောင်သူ စိုင်းအောင်ခမ်းက ““လူငယ်တွေကို ကျွန်တော်တို့လို မူးယစ်ဆေးမစွဲရအောင် အသိပေးတယ်။ မူးယစ်ဆေးစွဲနေတဲ့ သူတွေကိုလည်း ဖြတ်ချင်အောင် ဆွဲဆောင်မယ်၊ ဖြတ်မယ့်သူတွေကိုလည်း သက်ဆိုင်ရာဆေးရုံကို လွှဲပေးမှာပါ”ဟု ပြောသည်။

စိုင်းအောင်ခမ်းက မူးယစ်ဆေးဝါးကို အစလုပ်၍ မသုံးစွဲသင့်ကြောင်း၊ ယင်းသည်လည်း တစ်ကြိမ်တည်း သုံးမည်ဟု ဆုံးဖြတ်ကာ စမ်းသပ်သုံးစွဲမိရာမှ ဆယ်နှစ်ကျော် မူးယစ်ဆေး၏ သားကောင်ဘဝရောက်ခဲ့ရကြောင်း ပြောသည်။

“မူးယစ်ဆေးသုံးစဉ်ကတော့ မူးယစ်ဆေးက အကောင်းဆုံးအဖြစ်မြင်ခဲ့တယ် ထောင်ထဲရောက်သွားတော့ အဲဒါတွေ ခံစားလို့မရတော့ဘူး…အဲဒီမှာ အသိတစ်ချက် ဝင်လာခဲ့တယ်။ နောက်ပြီး မူးယစ်ဆေးရဲ့ဆိုးကျိုးအစစ် အမှန်တွေကို တကယ်မြင် လာခဲ့တယ်” ဟု စိုင်းအောင်ခမ်း က မူးယစ်ဆေးပြတ်သွားပုံကို ပြောသည်။

ဆက်လက်၍ “မူးယစ်ဆေးဆိုတာ နောက်ထပ်သုံးမိရင်လည်း ထောင်ကျမှာပဲ ဒီလိုပဲထပ်ခံစားရမယ်ဆိုတဲ့ အတွင်းအသိစိတ်နဲ့ မသုံးဖြစ်တော့တာပါ”ဟုပြောသည်။

မူးယစ်ဆေးတွင် “အငြိမ်”ဟုခေါ်သော ရာဘ(ခေါ်) ကြယ်သီးဟု အမည်တွင်သည့်စိတ်ကြွရူးသွပ်ဆေးများလည်း လူငယ်များအကြားတွင် အသုံးပြုမှုများကြောင်း သိရသည်။

၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလတွင် အလင်းဝင်ခဲ့ပြီးဖြစ်သည့် ဦးခွန်ဆာခေါင်းဆောင်သည့် မော်ထိုင်းတပ်မတော် (MTA) တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ မြန်မာနိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းကို ယခုလ စတုတ္ထပတ်တွင် လာအိုစစ်တပ်က ဖမ်း ဆီးရမိသည့် သတင်းနှင့်စပ်လျဉ်း၍ ဦးသာထွန်းက “ခေါင်းဆောင်ကို ဖမ်းမိတယ် ဆိုရင် မူးယစ်ဆေးရောင်းဝယ် မှုတွေမှာ ဆုတ်ယုတ်သွားမယ်လို့ ထင်ပါတယ်။ မူးယစ်ဆေးရောင်းချနေကြတဲ့ ခေါင်းဆောင်တွေကို မိဖို့ အရေးကြီးပါတယ်… သူတို့ ကိုမိမှသာ လုံးဝလျော့နည်းသွားနိုင်မှာပါ” ဟုပြောသည်။

ရန်ကုန်တွင် နိုက်ကလပ်များ ခေတ်စားလာသည့်  ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှစ၍ မူးယစ်ဆေးကို ပုန်းလျှိုးကွယ်လျှိုးသုံးသူ လူငယ် များလာကြောင်း လူငယ့်အားမာန် အဖွဲ့မှ ကိုလှထွန်းမျိုးက ပြောသည်။

ကိုလှထွန်းမျိုးက မူးယစ်ဆေးဝါးစတင်သုံးစွဲဖြစ်နိုင်သည့် အခြေအနေများမှာ မိသားစုနှင့်အဆင်မပြေသူများ ငွေကြေးချမ်းသာသည့်သူများ ပတ်ဝန်းကျင်မှ သူငယ်ချင်းများက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် မိမိပါသုံးစွဲခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် စတင်သုံးစွဲခြင်းမှာလည်း အဆိုပါအချက်များကြောင့် သုံးစွဲမိခဲ့ခြင်းဖြစ် ကြောင်းပြောသည်။

ယခုနောက်ပိုင်းတွင် မိဘမဲ့၊ အခြေအနေမဲ့ ကလေးသူငယ်များအကြား မူးယစ်စေသည့် ကော်ရှူခြင်းပြုလုပ် နေကြသည်ကို တွေ့ရကြောင်း၊  ဖိနပ်ကပ်ရာတွင် သုံးသော အဆိုပါကော်ရှူရခြင်းနှင့်စပ်လျဉ်း၍ ဥပဒေတစ်စုံတစ်ရာ မရှိသေးကြောင်း လူငယ့် အားမာန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ကော်ရှူသည့် ကလေးငယ်များအား မူးယစ်စေသည့် ကော်ရှူသုံးစွဲမှုကို လျော့နည်းအောင် လူငယ့်အားမာန်အဖွဲ့က လုပ်ဆောင်ပေးလိုကြောင်း၊ အစိုးရက ခွင့်ပြုပေးမည်ဆိုပါက ပညာပေးဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း အဆိုပါတာဝန်ရှိသူ က ဆက်လက်ပြောကြားသည်။

ယခုနှစ် မတ်လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၂၈၉ မှု့ ဖမ်းဆီးအရေးယူခဲ့ပြီး၊ ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားမှုမှာ အများ ဆုံးဖြစ်ကြောင်း ဧပြီလ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့သည်။

 

 

MIJ 002

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.