အယ်ဒီတာ့စကား — September 20, 2012

သတင်းစာများသည် သမိုင်းကို ပြောကြသည်ဟု ဆိုကြပေသည်။ နိုင်ငံပိုင် မဟုတ်သည့် ပုဂ္ဂလိက နေ့စဉ် သတင်းစာများ မကြာမီ ထုတ်ဝေခွင့် ရမည်ဟုလည်း ကြားသိနေရပေသည်။ သမိုင်းကို ပြောခွင့် ရနိုင်မည့် အခွင့်အရေးကို မီဒီယာ လောကသားများ မက်မောကြသည်မှာ သဘာဝပင်။ စိစစ်ရေး လွန်ခေတ် မြန်မာ့မီဒီယာ အခင်းအကျင်းတွင် အဓိကစိန်ခေါ်မှုမှာ ကျင့်ဝတ်နှင့် စွမ်းရည်ဟု ဆိုကြပြန်သည်။ မကြာမီ ထုတ်ဝေခွင့် ရတော့မည် ဆိုသည့် နေ့စဉ် သတင်းစာများ အတွက်ရော အဓိက စိန်ခေါ်မှုသည် မည်သည့်အရာများ ဖြစ်ကြ မည်နည်း။

မီဒီယာ ဥပဒေသစ် မထွက်ပေါ်မချင်း ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေကိုပင် မီဒီယာသမား တို့က သမ္မာကျမ်းစာ သဖွယ် လက်ကိုင်ပြု နေရဦးမည်။ ထို့ပြင် မဂ္ဂဇင်း၊ ဂျာနယ်များ အဖြစ် ထုတ်ဝေနိုင်ရန် မှတ်ပုံတင်ရမည့် စည်းမျဉ်း စည်းကမ်း ကလည်း ယနေ့တိုင် အသက်ဝင်နေဆဲ။ တစ်ဖန်ထိုကဲ့သို့ မှတ်ပုံတင် ရာတွင်လည်း မည်သူမဆို တင်နိုင်သည့်တိုင် မည်သူများကသာ မှတ်ပုံတင်ကို လက်ဝယ် ပိုင်နိုင်သည်၊ မည်မျှမြန်မြန် ထုတ်ပိုင်ခွင့် မှတ်ပုံတင် ကျနိုင်သည် ဆိုသည်မှာလည်း နှစ် ၅ဝ နီးပါး အတွေ့အကြုံများ အရ မီဒီယာသမားတို့ သိကြသည် ပင်။ လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်မျှသော ကာလတို ကလေးအတွင်းမှာမှ မှတ်ပုံတင် ချပေးမှုများ အတော် များများက ရခဲ့ကြသည်။ ထိုသို့ လုပ်ပိုင်ခွင့် ရခဲ့ကြသူများမှာလည်း အချို့က မီဒီယာသမား စစ်စစ်များ မဟုတ်ကြဘဲ မီဒီယာကို အတိုက်အခံ တန်ပြန်ရေး လက်နက်အဖြစ် လည်းကောင်း၊ ဝါဒ ဖြန့်ချိရေး လက်နက် အဖြစ် လည်းကောင်း၊ ငွေဖြူဖွပ် လက်နက်အဖြစ် လည်းကောင်း၊ ကိုယ်ပိုင်ဩဇာရှာ လက်နက်အဖြစ် လည်းကောင်း၊ ငွေရှာကောင်းသည့် စီးပွားရေး လက်နက်အဖြစ် လည်းကောင်း အသုံးချကြမည့် ပတ်သက်ရာ ပတ်သက်ကြောင်း မကင်းသူများ၊ ဩဇာရှင်ကြီး များ ဖြစ်ခဲ့ကြသည်။ ထိုသူတို့က သူတို့ကိုယ်တိုင် မီဒီယာကို မကိုင်တွယ် နိုင်သည့်အတွက် မီဒီယာသမား စစ်စစ်များကို လုပ်ခစား အယ်ဒီတာ၊ သတင်းသမားများ အဖြစ် အသွင်ပြောင်းပေး ခဲ့သကဲ့သို့ သူတို့ကိုယ်တိုင်လည်း မီဒီယာဦးသျှောင်များ အဖြစ် ဥခွံပြောင်း လာခဲ့ကြသည်။ ထိုဖော်မြူလာမှာ နှစ်ကြာလာသောအခါ ထိုနှယ် ဝင်ကစွပ်များကို မြန်မာ့မီဒီယာလောက၏ အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်စွက်ဖက်ခွင့်ကို စာဖတ်ပရိသတ်နှင့် မီဒီယာလောကသား အချို့ကပင် ကြည်ဖြူစွာ အပ်နှင်း လာခဲ့ကြပေသည်။ ထိုသို့သော အခင်းအကျင်းများကို ဖြတ်သန်းလိုက်သည့် ကာလသည် ဆယ်စုနှစ်များ ချီကာ ကြာမြင့်လာသည့်အခါ ထို ဝင်ကစွပ် မီဒီယာသမားတို့မှာ အတွေ့အကြုံ ရှိပြီး အားကောင်းသော မီဒီယာ လုပ်ငန်းပိုင်ရှင်များ ဖြစ်လာကြတော့သည်။ သို့ဖြင့် အလားအလာ ရှိသော မီဒီယာ ဟူသည်မှာလည်း ထိုဝင်ကစွပ်များ ကသာ အများစု ဖြစ်လာကြသည်။

သည်အနေအထား မျိုးတွင် မှတ်ပုံတင် လျှောက်ထားရန် မလိုဘဲ နေ့စဉ် သတင်းစာ လုပ်ပိုင်ခွင့် ပေးမည် ဟူသည့် ဥပဒေမျိုး မရှိလျှင် မီဒီယာ ဘုစုခရုများ အပါအဝင် မီဒီယာသမား စစ်စစ်တို့၏ မီဒီယာလုပ်ငန်း အချို့မှာ ရှေးယခင်ခေတ် တန်းစီဇယားအရ ဘိတ်ချေးတန်းမှာပင် နေရာရဦးမည် ဖြစ်ပြီး ဝင်ကစွပ် မီဒီယာ သမားကြီးများ၏ မီဒီယာ လုပ်ငန်းကြီး များက ဦးဦးဖျားဖျား လုပ်စားနိုင်ခွင့်ကို တပျော်တပါး ရကြပေဦးမည်။ ကျင့်ဝတ်နှင့် စွမ်းရည်ကို ငါးပါးသီလ ခါးဝတ်ပုဆိုးကဲ့သို့ လည်းကောင်း၊ ဓမ္မကျမ်းများ ကဲ့သို့လည်းကောင်း အလေးအနက် ထားမည့် မီဒီယာများ ပေါ်ထွက်ရေးနှင့် မီဒီယာသမား အားလုံးအတွက် ခိုင်မာသော ကျင့်ဝတ်ဆိုင်ရာ မူဝါဒများ သတ်မှတ်ပြဋ္ဌာန်း နိုင်ရေးတို့ကို မဆောင်ကျဉ်းနိုင်သေးဘဲ ဈေးကွက်အလိုကို ရှေ့တန်း တင်ကာ နေ့စဉ်သတင်းစာဟူသည့် လုပ်ပိုင်ခွင့် မှတ်ပုံတင်ကို ပေါက္ခရဝဿမိုးနှယ် ဝင်ကစွပ် မီဒီယာ သမားကြီးများအတွက်သာ ရွာချဦးမည် ဆိုလျှင် မြန်မာ့မီဒီယာ လောကသည် ဗွက်ထနေသည့် အဆင့်မှ မြေမြိုသည့် အဆင့်သို့ ရောက်သွား နိုင်ကြောင်း သတိပြု သင့်ကြပါသည်။

မြန်မာ့မီဒီယာ လောကတွင် ရသစာပေနှင့် သတင်းစာပေကို ယှဉ်ကြည့်လျှင် သတင်းလောကသည် ခါးဆက်ပြတ် ဝေဒနာကြောင့် နုမှည့် ဖြစ်နေပါသေးသည်။ ထို့ကြောင့် ခိုင်မာသော ကျင့်ဝတ်ဆိုင်ရာမူဝါဒကို မီဒီယာသမား စစ်စစ်များ ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခြင်း၊ သတင်းမီဒီယာ လုပ်ပိုင်ခွင့်ကို ပေါက္ခရဝဿ မှတ်ပုံတင်မျိုး မဟုတ်ဘဲ မည်သူ့ကိုမဆို တစ်ပြေးညီ ခွင့်ပြုသည့် လွတ်လပ်သော ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေ ပေါ်ထွက်ရန် ကြိုးစားခြင်း နှင့်အတူ ဝင်ကစွပ် မီဒီယာသမားများ၏ အခန်းကဏ္ဍကို သင့်လျော်မည့် ကုထုံးဖြင့် ဖြေရှင်းရန် အားထုတ်ကြခြင်းတို့ကို ဦးစွာပထမ ကြိုးပမ်းသင့်ကြသည်ဟု မြန်မာအင်ဒီပဲန်ဒင့်က မြင်ပါသည်။ မည်သူတို့ကို စာနယ်ဇင်းသမားဟု သတ်မှတ်မည်နည်း ဆိုသည့်အချက်ကို အကောင်းဆုံး ဖြေရှင်းနိုင်မှသာ မီဒီယာသမား စစ်စစ်နှင့် ဝင်ကစွပ်များအကြား လူလုံးကွဲ ထင်သာမြင်သာ ရှိလာမည်ဖြစ်ပါသည်။ သို့မှသာ နောက်တစ်ဆင့် တက်ကာ မီဒီယာသမားတို့ကို အကာအကွယ် ပေးသော အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ ကွန်ရက်များကို နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ တည်ထောင်နိုင် ပါလိမ့်မည်။ သို့မဟုတ်လျှင် သမိုင်းကို ရေးခွင့်၊ ပြောခွင့်သည် မီဒီယာသမား စင်စစ်များ လက်တွင်မရှိမူဘဲ ဝင်ကစွပ်များ၏ လက်တွင်းသို့သာ ကျရောက်မည် ဖြစ်ရာ စာပေလွတ်လပ်ခွင့်ကို ဆုံးရှုံးမြဲ ဆုံးရှုံးကြရပေဦးမည် ဖြစ်ပါသည်။ မီဒီယာ လုပ်ပိုင်ခွင့် အားလုံးကို မီဒီယာသမား စစ်စစ်များ ကိုယ်တိုင် စီမံခန့်ခွဲ ဆုံးဖြတ်ပိုင်ခွင့် မရမချင်း  မြန်မာ့စာနယ်ဇင်း လောက၊  မီဒီယာလောကသည်  လွတ်လပ်နိုင်ဦးမည် မဟုတ်ပါသဖြင့် နေ့စဉ်သတင်းစာ မှတ်ပုံတင် အရေးနှင့်အတူ မီဒီယာ ဥပဒေ၊ ကျင့်ဝတ်စည်းမျဉ်း သတ်မှတ်ခြင်းများ အပါအဝင် စာနယ်ဇင်း သမားများအဖြစ် အသိ အမှတ်ပြု နည်းနာတို့အား စာနယ်ဇင်း သမားများ ကိုယ်တိုင် အလေးအနက်ထား ဖြေရှင်းသင့်ပါကြောင်း တင်ပြလိုက် ပါသည်။

လွတ်လပ်သော နိုင်ငံသားစိတ်ဓာတ်ဖြင့် ပြည်သစ်တည်အံ့။

အယ်ဒီတာ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*