စစ်ရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး

လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများတွင် နှစ်ဘက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ကျဆုံးနေသည်ကို ဝမ်းနည်း ဖွယ် တွေ့ရှိရပါသည်။ သို့ရာတွင် တစ်ဖက်က ကျဆုံးလျှင် တစ်ဖက်က အားရကျေနပ်သည့် အသွင် ဖော်ပြချက်များ ထွက်ပေါ်လာသည်ကိုလည်း ဝမ်းနည်းဖွယ် တွေ့ရဆဲ ဖြစ်ပါသည်။ ကိုယ့်ဘက်က ကျဆုံးလျှင် ဝမ်းနည်း စာနာ ဖွယ် ဖြစ်အောင် ပုံဖော်ကြကာ သူ့ဘက်က ကျဆုံးလျှင် ကိုယ့်အစွမ်းကြောင့် ဟု ထုတ်ဖော် ဂုဏ်ယူကြသည့် သဘော ပုံဖော်နေကြသည်မှာ သာမန်အား ဖြင့် ကြည့်လျှင် သဘာဝ ကျသော်လည်း ပြည်ထောင်စုကြီး၏ တိုင်းရင်းသား အချင်းချင်း သို့မဟုတ် နိုင်ငံတော်၏ နိုင်ငံသား အချင်းချင်း အနေဖြင့် မြင်ကြည့်သည့် အခါ မည်သည့်နည်းနှင့်မျှ သဘာဝ မကျနိုင်တော့ ပါချေ။ သည်နေရာတွင် အသက်ကိုရင်းကာ ပဋိပက္ခကို ဖြေရှင်းနေကြသော “စစ်သား”များသည် အခြားသူများထက် “ငြိမ်းချမ်းရေး”ကို  ပိုမိုလိုလားသူများ ဖြစ်ကြသည် ဟူသော ယုတ္တိဗေဒကို ပြန်လည် သုံးသပ်သင့်ကြလှပါသည်။

စစ်ကို အနက် ဖွင့်သည့်အခါ သွေးထွက်သံယိုမှု ရှိသော နိုင်ငံရေးဟု ဆိုကာ နိုင်ငံရေးဟူသည် သွေးထွက် သံယိုမှု မရှိသောစစ်ဟု ဆိုကြပါသည်။ သို့ဆိုလျှင် စစ်သား များက ငြိမ်းချမ်းရေးကို လိုလားခြင်းမှာ စစ်ကို အဆုံးသတ် လိုခြင်းလော၊ နိုင်ငံရေးကို စတင်လိုခြင်းလောဟု စောကြောရန်သာ ရှိပါသည်။ ယခုအခါတွင် တပ်မတော် အနေဖြင့် လွှတ်တော်တွင် အချိုးအစားအလိုက် နေရာရယူထားနိုင်ပြီဖြစ်ရာ တပ်မတော်ဘက်မှ စစ်သားများ အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားရခြင်းမှာ စစ်ပန်းသဖြင့် မတိုက်လိုတော့သောကြောင့်ဟု ဆိုရမည် ကဲ့သို့ ဖြစ်နေပါ သည်။ ကေအိုင်အေ ဘက်ကမူ စစ်တိုက်နေရခြင်းမှာ နိုင်ငံရေးပြဿနာ အဖြေမထွက် သေးသောကြောင့်ဟုဆိုရာ ကေအိုင်အေစစ်သားများက ငြိမ်းချမ်းရေးကို လိုလားခြင်းသည် နိုင်ငံရေးကို စတင် လိုခြင်းဟု ဆိုနိုင်မည်လော။

သည်နေရာတွင်  စစ်သားများ အဘယ်ကြောင့် စစ်တိုက်ရသနည်း ဟု ထပ်မံစောကြောရန် လိုပါမည်။ စစ်တိုက်ခြင်းသည် ယင်းတို့၏ ဆန္ဒအလျောက် မဟုတ်ခဲ့လျှင် ယင်းတို့၏ အသက်မွေးဝမ်းကြောင်း အလုပ် တာဝန်ကို ထမ်းဆောင်ရန် စစ်ခေါင်းဆောင်များ၏ စေခိုင်းမှု ခံရသည့်အတိုင်း ပြုမူဆောင်ရွက်ကြရခြင်းသာ ဖြစ်ပါမည်။ ထိုအခါ စစ်ကို အဆုံးသတ်ရန် ရည်ရွယ်သဖြင့် စစ်ဖြစ်ဘက်ဖြစ်သည့် တစ်ဘက် စစ်သည်များ အားလုံး ကျဆုံးထိခိုက်နစ်နာသွားကာ အလံဖြူထောင်၊ အရှုံးပေးသည်အထိ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရမည်ဟု တွေးကြံခြင်းများလည်း ရှိနိုင်ပါသည်။ ထို့ကြောင့် မည်သည့်ဘက်က စစ်သားဖြစ်စေ၊ စစ်ခေါင်း ဆောင်ဖြစ်စေ “ငြိမ်းချမ်းရေး”ကို လိုလားသဖြင့် တစ်ဘက်ဘက်ကို  အပြုတ်နှံရမည်ဟု တွေးကြံ ကြလျှင် ထို“စစ်”သည် အဆုံးသတ်ရန် အမှန်ပင် ခက်ခဲနေဦးမည် ဖြစ်ပါသည်။

သမ္မတကြီးကလည်း နိုင်ငံရေးအရ ဆွေးနွေးရန် အကောင်းဆုံး နေရာမှာ “လွှတ်တော်”ဟု ဆိုထားပြန်ရာ တပ်မတော် အနေဖြင့် “ငြိမ်းချမ်းရေး”ကို လိုလားသည့် အားလျော်စွာ လွှတ်တော်တွင်ပင် ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ပတ်သက်သည့် အဆိုပြုချက်များနှင့် ကမ်းလှမ်းချက်များကို တင်သွင်းမည်ဆိုလျှင် လွန်စွာ ကောင်းမွန် ပါလိမ့်မည်။ တပ်မတော်အနေဖြင့် စစ်ရေးအရသာမက နိုင်ငံရေးအရပါ ထိရောက်စွာ ပါဝင်လှုပ်ရှား ခွင့်ရနေသော လက်နက်ကိုင် အဖွဲ့အစည်းပီပီ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျမည့် ခြေလှမ်း များကို ကမ်းလှမ်း တင်ပြနိုင်မည် ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တုံ့ပြန်မှု များလည်း အသွင်ပြောင်းလာမည်ဟု မျှော်လင့်ရပါသည်။ တပ်မတော်သည် စစ်ရေးအရ တုံ့ပြန်မှုကိုသာ အသုံးချနေပြီး နိုင်ငံရေးအရ တုံ့ပြန်မှုကို မဆောင်ရွက်လျှင် လွှတ်တော်တွင် ယင်း၏ အခန်းကဏ္ဍသည်  အလဟသ ဖြစ်နေပါလိမ့်မည်။ ယခုအခါ တပ်မတော်အနေဖြင့် မိမိ၏ အခန်းကဏ္ဍကို နိုင်ငံ့ ဦးဆောင်နေရာမှ နေ လိုသေးသည် ဆိုလျှင် လွှတ်တော်မှနေ၍ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျသော ကမ်းလှမ်းမှု၊ အဆိုပြုမှု များဖြင့် မိမိ ရထားသော ဝေစုကို အသုံးချသင့်ပါ သည်။ သို့မဟုတ်ဘဲ စစ်ရေးတာဝန် သက်သက် ကိုသာ ဆက်လက်ကျေ ပွန်လိုမည်ဆိုလျှင်လည်း လွှတ်တော်တွင်းမှ မိမိ၏ ဝေစုကို အလဟဿ ဖြစ်မည့်တူတူ ကြည်ဖြူစွာ စွန့်လွှတ်ခြင်းဖြင့် မိမိ၏ “ပရော်ဖက်ရှင်နယ် စစ်သား”ဖြစ်မှုကို လွတ်လပ်စွာ ဆက်လက် အတည်ပြု သင့်လှပါသည်။  ပြည်တွင်းငြိမ်းချမ်းရေး အတွက် စွမ်းဆောင်နိုင်မည့် အလားအလာရှိကာ စွမ်းနိုင် သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့၏ အန္တိမရည်မှန်းချက်မှာ နိုင်ငံရေး ဆွေးနွေးမှုဟုဆိုလျှင် စစ်ရေး ရင်ဆိုင်မှုကို ရပ်တန့်ကာ နိုင်ငံရေးအရ ကမ်းလှမ်းမှုနှင့် အဆိုပြုချက်များ ကို ရရာနေရာမှ အင်တိုက် အားတိုက် အားထုတ်သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

လွတ်လပ်သော နိုင်ငံသား စိတ်ဓာတ်ဖြင့် ပြည်သစ်တည်အံ့။  ။

အယ်ဒီတာ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*