မြန်မာနိုင်ငံ၏ စာနယ်ဇင်း ဆင်ဆာ အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည့် သတင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မီဒီယာများတွင် မတူကွဲပြားသော သဘောထားအမြင်များ ထွက်ပေါ်လာသကဲ့သို့ တရုတ်နိုင်ငံ အနေဖြင့်လည်း ယင်း၏ တင်းကြပ်သော အကန့်အသတ်များကို မကြာမီ တစ်ချိန်ချိန်တွင် အဆုံးသတ်လေမည်လား ဟူသော တွေးတော သံသယများက အွန်လိုင်း အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသည်။

မြန်မာနိုင်ငံ၏ ဤဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်သည့် အမြင်များမှာ နိုင်ငံပိုင် မီဒီယာချင်း တူသည့်တိုင် မတူကွဲပြား ဆန့်ကျင်နေသည်ကို တွေ့ရသည်။ တရုတ်ကွန်မြူနစ် ပါတီ၏အာဘော် ပြည်သူ့နေ့စဉ် သတင်းစာကြီး၏ တနင်္လာနေ့ ဝက်ဘ်ဆိုက် စာမျက်နှာပေါ်၌ မြန်မာသတင်းကို ဖော်ပြရာတွင် “ဒီနေ့ဟာ မြန်မာစာနယ်ဇင်း သမားအားလုံးအတွက် တကယ့်နေ့ကြီးပါပဲ” ဟူသော ဒေသခံ မြန်မာ စာနယ်ဇင်းသမား တစ်ဦး၏ ပြောစကားကို ကိုးကားကာ မျှမျှတတ ဟန်ချက်ညီညီ ဖော်ပြခဲ့သည်။

ထို့ပြင် ပြည်သူနေ့စဉ်က Sina Corp ၏ Weibo မိုက်ခရို ဘလော့(ဂ) တွင်လည်း ထိုသတင်းစာဆရာ၏ စကားကိုးကို တနင်္လာနေ့တွင် တင်ခဲ့ရာ အခြားမိုက်ခရို ဘလော့ဂါများ၏ ချီးကျူးမှု ရခဲ့သည်။ လွန်ခဲ့သော သီတင်း နှစ်ပတ်ကလည်း သမီးကို အဓမ္မပြုသူအား ပြစ်ဒဏ် ပြင်းထန်စွာပေးရေး တွန်းအားပေးသဖြင့် အလုပ်ကြမ်းစခန်း အပို့ခံရသည့် မိခင်တစ်ဦး အကြောင်းကို ဝေဖန်ရေးသားခဲ့သဖြင့် အများပြည်သူတို့၏ ချီးကျူး ထောက်ခံ အားပေးမှုကို ရခဲ့သည်။

ပြည်သူ့နေ့စဉ်ကပင် ထုတ်ဝေသည့် အမျိုးသားရေး တိမ်းညွှတ်သော ဂလိုဘယ်တိုင်း(မ) သတင်းစာမှာမူ ထောက်ခံမှု မရခဲ့ပေ။ အင်္ဂါနေ့က ထုတ်ဝေသော ထိုဂလိုဘယ်တိုင်း(မ) သတင်းစာ၏ အယ်ဒီတာ့ အာဘော်တွင် တရုတ် အနေဖြင့် မြန်မာပုံစံကို ဘယ်တော့မှ လိုက်မည် မဟုတ်ကြောင်း ရေးသားခဲ့သည်။

“တရုတ်ရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်က အကြိမ်ပေါင်းများစွာ အစမ်းသပ်ခံပြီးပြီ။ မြန်မာက အခုမှ စကာစ ရှိသေးတာ။ ကိုယ့်ဟာကိုယ် သံသယ ပွားမယ်ဆိုရင် ကျွန်တော်တို့ဟာ ကလေးဆန်ရာ အ ရာ ကျမှာပေါ့။ ဘာကြောင့်ဆို ကျွန်တော်တို့က အရွယ်ရောက်နေပြီမို့ အငုံကလေး နဲ့တော့ ကြည့်မြင်ပုံ မတူဘူးလေ။ တရုတ်က စာနယ်ဇင်း ဖြေလျှော့မှု လမ်းကြောင်းပေါ် ရောက်နေတာ ကြာခဲ့ပြီ။ အနာဂတ်မှာလည်း ရှေ့ဆက်သွားမှာပါ။ မြန်မာလို၊ ဗီယက်နမ်လို ခေတ်နောက်ကျတဲ့ တိုင်းပြည်ကို စံပြုမယ့်အစား ကိုယ့်နိုင်ငံ အနေအထားပေါ် အခြေပြု လုပ်ဆောင်သွားသင့်တယ်”ဟု အယ်ဒီတာ့ အာဘော်တွင် ရေးသား ဖော်ပြထား သည်။

ဂလိုဘယ်တိုင်း(မ)၏ အယ်ဒီတာ့အာဘော်ကို တရုတ်ဆိုရှယ်မီဒီယာ များက အကြီးအကျယ်ဝေဖန်ခဲ့ကြသည်။ “တရုတ်က စာနယ်ဇင်း ဖြေလျှော့မှု လမ်းကြောင်းပေါ် ရောက်နေတာ ကြာခဲ့ပြီ။ ဒါပေမယ့် ဦးတည်ရာက တလွဲ ကို”ဟု Weibo မိုက်ခရို ဘလော့ အသုံးပြုသူ တစ်ဦးက ဆိုသည်။ “မြန်မာနဲ့ ဗီယက်နမ် အပေါ် ဂလိုဘယ်တိုင်း(မ)ရဲ့ ဝေဖန်ချက်က ဒီနိုင်ငံမှာ ဖြစ်နေတာမျိုးပဲ။ စိုင်ကော်လို့ ခြုံပေါ်ရောက်လာတဲ့ သူဋ္ဌေးက ဆင်းရဲသားကို အပေါ်စီးက ကြည့်တာလေ”ဟု အခြား မိုက်ခရိုဘလော့ဂါ တစ်ဦးက ပြောသည်။

တစ်ဖက်တွင် အိန္ဒိယနိုင်ငံမှ ဩဂုတ် ၂၇ ထုတ် Times of India ၌မူ မြန်မာဆင်ဆာ ဖျက်သိမ်းမှုနှင့် ပတ်သက်၍ အောက်ပါ အတိုင်း ရေးသားထားသည်ကို တွေ့ရသည်။

“လွန်ခဲ့သောတစ်နှစ်က တွေးပင် မတွေးမိနိုင်သော အလုံးစုံ ပြုပြင်ပြောင်းလဲမှုကြီး အဖြစ် နှစ်ပေါင်း ၅ဝ နီးပါး ကြာခဲ့သည့် မြန်မာနိုင်ငံ မီဒီယာ၏ မထုတ်ဝေမီ ကြိုတင်ဆင်ဆာ ပြုလုပ်မှုကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ မီဒီယာ ဥပဒေများကို ခေတ်နှင့်အညီ ဖြစ်စေမည့် ဥပဒေသစ်တစ်ခု ပေါ်ထွက်လာရေး ကြိုးပမ်းမှုများ နှင့်အတူ ယခင် စစ်အစိုးရ၏ မူဝါဒများအပေါ် ဝေဖန်မှုများကို ပြည်ဖုံးကား ချခဲ့သည့် တင်းကြပ်သော ဆင်ဆာပြုလုပ်မှုမှ သိသိသာသာ ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့် သူ့ အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်ကို သက်သေခံမည့် မီဒီယာကန့်သတ်မှုများ ဖြေလျှော့ရေး လှုပ်ရှားမှုလည်း ဖြစ်သည်။”

Ref: Wall Street Journal, Times of India

ဝ၄ဝ

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*