စီးပွားရေးသတင်း — ရန်ကုန်၊ မတ် ၁၈၊ ၂ဝ၁၃

ရန်ကုန် ဆိပ်ကမ်းနှင့် သီလဝါ ဆိပ်ကမ်းတို့၌ ပြည်ပမှ မှာယူ တင်သွင်းလာသည့် မော်တော်ယာဉ်များ တွင် သက်ဆိုင်ရာ ပိုင်ရှင်များက အကြောင်း အမျိုးမျိုးကြောင့် လာရောက် ထုတ်ယူခြင်း မရှိသည့် မော်တော်ယာဉ် များအား ရက်ပေါင်း ၆ဝ အတွင်း လာရောက် ထုတ်ယူခြင်း မရှိပါက လေလံစာရင်းထဲသို့ ထည့်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျန်ရှိနေသည့် မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဒုတိယ အထွေထွေ မန်နေဂျာ (ကိုယ်စားလှယ် လုပ်ငန်း) ဦးသက်ထွန်း က ပြောကြားရာတွင် မိမိတို့ အနေဖြင့် မော်တော်ယာဉ် များကို အထူးကိစ္စ တစ်ရပ်အဖြစ် ရက်ပေါင်း ၆ဝပြည်ပြီး စာရွက်စာတမ်း စုံလင်ခဲ့လျှင် လေလံသွင်းထားသည့် စာရင်း မှပယ်ဖျက်ပြီး ထုတ်ယူခွင့်ပြုရန် မိမိ တို့ဌာနသို့ လျှောက်ထားနိုင်ကြောင်း၊ မိမိတို့ ဆိပ်ကမ်းတွင် လာရောက် မထုတ်သေးသည့် လက်ကျန်ကားများ များစွာ ရှိနေသေးသော်လည်း တချို့မော်တော်ယာဉ် များတွင် စာရွက်စာတမ်း မပြည်စုံသောကြောင့် ထုတ်ယူ၍ မရသေးသည့် ယာဉ်များရှိပြီး ဒီ/အို (ထုတ်ယူခွင့်) ရရှိထားသော်လည်း မော်တော်ယာဉ်အား လာရောက် မထုတ်ယူသေးသူများလည်း ရှိကြောင်း၊ ဒီ/အို ထုတ်ယူ ပြီးတိုင်းလည်း မော်တော်ယာဉ်ထုတ်ယူ၍ မရသေးကြောင်း၊ စာရွက်စာတမ်း ပြည်စုံရန် ဆောင်ရွက်ခြင်း၊ ပါမစ်ယူခြင်း၊ နာမည်လဲခြင်း၊ နာမည်ပြောင်းခြင်း စသည့် လုပ်ငန်းစဉ်များ ပြုလုပ်ရန် ကျန်ရှိနေ သည့် မော်တော်ယာဉ် များလည်း ရှိသည့်အတွက် ဆိပ်ကမ်းတွင် လာရောက် မထုတ်ယူသည့် မော်တော်ယာဉ် အစီးရေ မည်မျှရှိသည်ကို အတိအကျ ပြော၍ မရနိုင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ ကားသစ်များ ထုတ်ယူ ရောင်းချခြင်းနှင့် လက်ရှိ ကားဈေးကွက် အခြေအနေကို ကားသစ် အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားရာတွင် “ကားဈေးကွက်က မငြိမ်ဘူးဗျ။ သွင်းလာတဲ့ ကားတွေက များတယ်။ ဒီမှာက ပြန်ဝယ်မယ့်သူက ရှားလာတယ်။ တချို့ဆိုရင် သွင်းလာတဲ့ ဈေးကမြင့်တယ်။ ဒီမှာ အခွန်ဆောင်ရမယ့် စရိတ်ကလည်း ရှိတယ်။ ပြီးတော့ ပါမစ်ကိစ္စတွေ အခြား ကုန်ကျစရိတ်တွေက မြင့်လာတဲ့အတွက် ရှုံးကြတာ များတယ်။ အခုဆိုရင် ဝယ်တဲ့သူတွေက ၁၃ဝဝ စီစီ မော်ဒယ် ကားတွေပဲ အဝယ်များတော့တယ်။ ငွေလည်း သိပ်ပြီး မသုံးကြတော့ဘူး။ သိန်း ၉ဝ နဲ့ သိန်း ၁ဝဝ ကြားလောက်ကိုပဲ သုံးတော့တယ်။ တချို့ဆိုရင် ဂျပန်အထိ တက်ပြီး ဝယ်ကြတဲ့သူတွေ ရှိတယ်။ အဲဒီတော့ ဂျပန်မှာလည်း ကားဈေးက တက်သွားတယ်။ နောက်တစ်ခုက ဒီမှာဥပဒေတွေ အမျိုး မျိုးပြောင်းနေတော့ ကားသစ်သွင်းတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အရင်ကလို သိပ်ပြီး မသွင်းကြတော့ဘူး။ လုပ်ငန်းသုံးမယ့် ပစ်ကပ်ကားတွေ ဆိုရင် အရင်ကလို ကားဟောင်း ပါမစ်ရှိစရာ မလိုတော့ဘူး ဆိုတော့ စလစ်ဖိုး သက်သာသွားတယ်။ ဒါပေမယ့်အရင်က ဝယ်ထားတဲ့ ကားတွေ ကြတော့ အရင်းက ပိုများသွားတယ်။ နောက်ပြီးတော့ ကားပြခန်းတွေ လည်း ရေရှည်မှာ တောင့်ခံနိုင် ဖို့ဆိုတာ သိပ်မလွယ်တော့ဘူး။ အခုအခြေအနေက ကားရောင်း တဲ့သူကများတယ်။ ဝယ်တဲ့သူက နည်းနေတယ်။ အချို့ ကားအရောင်းပြခန်းတွေတောင် ပိတ်ကုန်ကြတာ ရှိတယ်” ဟု ကားသစ်ရောင်းဝယ်မှု အခြေအနေအား ပြောကြား ပါသည်။

ကားသစ်များ တင်သွင်းခြင်းကို နိုင်ငံတော် အစိုးရက လွန်ခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခွင့်ပြု လိုက်သည့်အတွက် ကားသစ်များ တင်သွင်းသူ များပြား လာခဲ့ပြီး ယခင်က ကားဈေးနှုန်း များထက် အဆပေါင်း များစွာ လျော့ကျလာသည့် အတွက် ကားသစ်ဝယ်စီးသူများ ကျေနပ်မှုရရှိ ခဲ့သော်လည်း၂ဝ၁၂ခုနှစ် နောက်ပိုင်း ကားသစ် ဝယ်ယူသူ နည်းပါးလာခဲ့ သည့်အတွက် ကားဈေးကွက် ကျဆင်းလာခဲ့သည်။ သီလဝါ ဆိပ်ကမ်းနှင့် ရန်ကုန် ဆိပ်ကမ်းတွင် ပြည်ပမှ တင်သွင်းလာသည့် ကားသစ်များ ဆက်လက် ရှိနေပြီး ကားဈေးကွက် အတက်အကျပေါ် မူတည်ပြီး ကားထုတ်ယူမှုများ ရှိကြောင်း၊ မြန်မာ့ ဆိပ်ကမ်း (ကိုယ်စားလှယ် လုပ်ငန်းဌာန) မှ ဒုတိယ အထွေတွေ မန်နေဂျာ ဦးသက်ထွန်းက ပြောကြား သည်။

ယင်းက ဆက်လက်ပြီး ကားသစ် ထုတ်ယူမှု အခြေအနေ အချို့ကို ထပ်မံပြီး ပြောကြားရာတွင် “ကားတွေ ကတော့ သွင်းပါတယ်။ ဆိပ်ကမ်းမှာ လာမထုတ်သေးတဲ့ ကားတွေတော့ ရှိတယ်။ ပါမစ် သက်တမ်းက တစ်နှစ် ဆိုတော့ ဆိပ်ကမ်းခွန်ဆောင်ပြီး ထားကြတာ များတယ်။ ကားဈေးတက်မှ လာထုတ် ကြတယ်။ နောက်ပြီးတော့ ကား စီနီရာနံပါတ်တွေ အသစ်ထပ်ပြီး ထုတ်ပေးပြီဆိုတဲ့ အခါကြရင် လာပြီးတော့ အလုံးအရင်းနဲ့ ထုတ်ကြတယ်” ဟု ပြောသည်။ ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် နိုင်ငံခြား ကားတင်သင်္ဘော (၁၁)စီး မြန်မာပြည် သို့ဆိုက်ကပ်ခဲ့ရာ ကားသစ် ၈၅၁၂ စီး ရောက်ရှိခဲ့ပြီး မတ်လအတွင်းလက်ရှိ ဆိုက်ကပ် လာသည့် ကားတင် သင်္ဘော (၇)စီး ရှိခဲ့ရာ ကားသစ် ၆၄၁၁ စီး ရောက်ရှိလာကြောင်း သိရသည်။

ဝ၃၂

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*