သတင်းဆောင်းပါး — ဇန်နဝါရီ၊ ၂ဝ၁၃

၂ဝဝ၇ နှောင်းပိုင်း ရွှေဝါရောင် တော်လှန်ရေး ဖြိုခွဲနှိမ်နင်း ခံရပြီးခါစတွင် ထင်ရှားသည့် ပညာရှင်တစ်ဦးက ကျွန်တော့်ကို “မြန်မာနိုင်ငံ လိုအပ်တာက သာမန်ပြည်သူတွေ၊ သာမန်ကိစ္စတွေ လုပ်နေဖို့ပဲ”ဟု ပြောဖူးပါသည်။ ယနေ့ကာလနှင့် ကိုက်ညီမည့် အသုံးအနှုန်းကို သူကြို မြင်နိုင်မည် ဆိုပါက “မြန်မာနိုင်ငံ လိုအပ်တာက ဥပဒေ စိုးမိုးရေးပါ” ဟု သူပြောကောင်း ပြောခဲ့နိုင်ပါသည်။ လူ့အဖွဲ့အစည်း၏ အခြား အရာတစ်ခုခုထက် “သာမန်ကိစ္စတွေ”ကို လုပ်နိုင်ဖို့ဆိုသည်မှာ တရားမျှတသော ဥပဒေ များ၏ တည်ရှိမှု၊ သိနားလည်မှု၊ လက်ခံကျင့်သုံးမှုနှင့် အာဏာ သက်ရောက်မှုတို့အပေါ်တွင် တည်မှီနေ ပါသည်။

ယခုအခါ ထိုအချိန်မှ ငါးနှစ်တာ အတိအကျကြာခဲ့ပြီ။ မြန်မာ နိုင်ငံမှာလည်း ခရီးအတော်ရောက် ခဲ့ပြီ။ ဥပဒေစိုးမိုးမှု မရှိသေးသော်ငြား၊ ဥပဒေရေးရာ ပြုပြင်ပြောင်း လဲမှုသို့ကား အနည်းဆုံးတော့ဖြင့် ရောက်ခဲ့ပြီ။ အဟောင်းအသစ်ဥပဒေ ၄ဝဝ ကျော်၊ မီဒီယာနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှသည် လူအများ စုဝေးမှု၊ မူးယစ် ဆေးဝါးနှင့် သဘာဝ ပတ်ဝန်းကျင် အထိ မူကြမ်းရေးဆွဲခဲ့ ပြီးပြီ။ ပြင်ဆင်ပြောင်းလဲပစ်ခဲ့ပြီ သို့မဟုတ် ပြန်လည် သုံးသပ်ပြီးခဲ့ပြီ။

လုပ်ငန်းစဉ်နှင့် အကျိုးရလဒ် မှာမူ ပြီးပြည့်စုံဖို့ဝေးစွ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တိုင်ပင် အကြံဥာဏ် ယူရန် အာဏာပိုင်များ က တွန့်နေကြဆဲ။ အားလုံးသော ဥပဒေတို့မှာ နိုင်ငံတကာ လူ့အခွင့်အရေး အဆင့်အတန်း များသို့ မရောက် ရှိသေး၊ မထင်ဟပ်နိုင်သေး။ ထို့ အတူ အရေးကြီးသော နယ်ပယ်များ မှာလည်း လျစ်လျူရှု ခံနေရဆဲပင်။ ငြိမ်းချမ်းသော နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကို နှိပ်ကွပ်ရန် ဆယ်စုနှစ်ပေါင်း များစွာ အသုံး ပြုခဲ့သည့် အရေးပေါ် စီမံချက်ဥပဒေ၊ ဂျာနယ်လစ် များနှင့် ဘလော့ဂါများ အပေါ် မကြာခဏ အသုံးချခဲ့သည့် အီလက်ထရောနစ် လုပ်ငန်းများ ဥပဒေ၊ လူနည်းစု မူဆလင် လူမျိုးစုများကို နိုင်ငံမဲ့ဖြစ်စေခဲ့သော ၁၉၈၂ နိုင်ငံ သား သတ်မှတ်မှု ဥပဒေ စသဖြင့် အပူတပြင်း ဂရုစိုက်ရန် လိုအပ်ချက်များ ရှိနေသည်။ သို့တစေ၊ အပြု သဘောဖြစ်စဉ်ကမူ စတင်နေပါပြီ။

အမွေးအတောင် စုံသော တရားဥပဒေ စိုးမိုးရေးဖြစ်မလာစေရန် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုကို တားဆီး နေသည့် အနှံ့အပြားအကျင့် ပျက်ခြစားမှုနှင့် ပတ်သက်၍ ကား အပြောအဆို နည်းကြသည်။ လွန်ခဲ့သည့် လတွင် နိုင်ငံတကာ ပွင့်လင်း မြင်သာမှုအဖွဲ့က မြန်မာနိုင်ငံကို နိုင်ငံပေါင်း ၁၇၆ နိုင်ငံကြား အများ ပိုင်ကဏ္ဍခြစားမှုတွင် ပဉ္စမ အဆိုးဆုံး အဖြစ် အဆင့်သတ်မှတ်ခဲ့သည်။ ဆုံးဖြတ်ချက်က မျှတပါသည်။ လူ့ အဖွဲ့အစည်း၏ အစိတ် အပိုင်းနှင့် အခန်းကဏ္ဍ အတော် များများကို ကိုယ်စားပြု ကြသည့် မြန်မာနိုင်ငံသား ဒါဇင်ပေါင်းများစွာက ဥပဒေ မစိုးမိုးသည့်နေရာတွင် ခြစားမှုမှာ မကြာမကြာအောင်ပွဲခံကြောင်း ကျွန်တော့်ကို မကြာသေးမီ ကလေးတွင် ပြောခဲ့ ကြပါသည်။

လူနာများကို အတိအကျရောဂါ  သတ်မှတ်ရန် အချိန်အလုံအလောက် ပေးဖို့ ကျင့်ဝတ်အရနှင့် ဥပဒေအရ တာဝန် ရှိသော်ငြား ငွေပိုရဖို့ နေ့စဉ် လူနာအရေအတွက်ကို ချုံ့နိုင်သမျှ ချုံ့ကာ ပေးနိုင်ကမ်းနိုင်သူများကို အချိန်ပိုပေး ရကြောင်း ပြည်သူ့ဝန်ထမ်း ဆရာဝန်များက ကျွန်တော့်ကို ရှင်းပြကြသည်။ အလားတူ ပြည်သူ့ ဝန်ထမ်းကျောင်း ဆရာများကလည်း ယေဘုယျ စာသင်ခန်းများတွင် အချိန်လျှော့ သင်ကြားပြီး ပိုက်ဆံတတ် နိုင်သည့် သားသမီး ကျောင်းသား ကျောင်းသူတို့ကို အဆင့်မြှင့် သင်ကြားပေးကြသည်။

ဥပဒေနှင့် အသက်မွေးကျောင်း ကြသူများကိုလည်း ခြွင်းချက် ထား၍ရမည့် ပုံမရှိ။ ရှေ့နေတစ်ယောက် နှင့် အလားတူ အခြားသူများ၏ ပြောစကား အရ အဆင့်တိုင်းမှာ အကျင့် ပျက်ခြစားမှု များဖြင့် ပြည့်နေသည် ဟူ၏။ ရှေ့နေများမှာ ပွဲစား အဆင့်သို့ လျှောကျနေ ကြသည်။ အချိုးအစား မမျှသော လုပ်ပိုင်ခွင့်က တရားရုံး စာရေးများတွင် ရှိနေသည်။ အမှုအခင်းများ၏ အဖိုးစားနားကို သူတို့က ဆုံးဖြတ်သည်။ တရားသူကြီးများက စီရင်ချက် သို့မဟုတ် ငွေကြေးတစ်ခုခု ပါသည့် စာအိတ်တစ် လုံးကို စောင့်မျှော်နေ ရုံသာ။

သူတို့နေရေးစားရေး လုံလောက်အောင် ပေးနိုင်သူများ အတွက် လုပ်ဆောင်ပေးခြင်းဖြင့် လိုသမျှ ရနေနိုင်မှဖြင့် နောက်ထပ် ဘာမှ လုပ်နေစရာ မလိုကြောင်း အစိုးရဝန်ထမ်း အမြောက် အမြားက ကျွန်တော့်ကို ဝန်ခံခြင်း တစ်ဝက် မချင့်မရဲဖြစ်ခြင်း တစ်ဝက်ဖြင့် ပြောပြကြသည်။ မြန်မာ့လက်နက်ကိုင် တပ်ဖွဲ့များ အတွင်း ကျင့်ဝတ် စည်းကမ်း နိမ့်ကျ နေရခြင်း၏ အဓိက အကြောင်းတရား  များတွင် လာဘ်မပေးဘဲ ရာထူး တိုးရန် မဖြစ်သလောက်ဖြစ်နေခြင်း နှင့် တပ်သားများနှင့် ဗိုလ်ချုပ်ကြီး များကြား တရားဝင် လစာ အလွန်အမင်း ကွာဟ နေခြင်းတို့ ပါဝင်နေသည်။

မကြာမီကဖြစ်ခဲ့ပြီး ဆက်လက် ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်မှ လူ့ အခွင့်အရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ် အတည်းမှာ အလားတူပင် ဥပဒေကိစ္စသက်သက်  မျှထက် ပိုပါသည်။ လူနည်းစု မူဆလင်များအတွက် လှုပ်ရှားသွားလာမှု၊ လက်ထပ်ထိမ်းမြားမှု၊ အသက်မွေး အလုပ်အကိုင်၊ ကျန်းမာရေးစောင့် ရှောက်မှုနှင့် ပညာ သင်ကြားရေး တို့မှာ သူတို့၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ချိုးဖောက်ရုံ မျှသာမက ဒေသဆိုင်ရာနှင့် နယ်စပ် အာဏာပိုင်များအတွက် ပွဲတော်ကြီး လည်း ဖြစ်နေပါသည်။ အဖိုးစား နားပေါ်မူတည်၍ ကန့်သတ်ချက် တစ်စုံတစ်ရာကို နှိမ့်ချလိုက နှိမ့်နိုင်သည် သို့မဟုတ် လျှော့ပေါ့လိုက လျှော့နိုင်သည်။

စင်စစ် သာမန်ကိစ္စများ ဆိုသည်မှာလည်း အာဏာပိုင်များ၏ ခြစားမှုနှင့် ဆက်စပ် ပတ်သက်နေပါသည်။ သာမန်ပြည်သူများ ဆိုသည်တွင်လည်း ကိုယ့်အခွင့်အရေး အတွက် အပေးအယူ လုပ်ရန် မျှော်ကိုး၍ တိုင်ကြားခြင်း မပြုဘဲ လာဘ်ပေးရန် သဘောတူကြသူများ ပါဝင်နေပါသည်။ အကျင့်ပျက်ခြစားမှု ဆိုသည်မှာလည်း လက်ခုပ်တီး သလိုပင်၊ လိုချင်သော ရလဒ် အတွက် လက်နှစ်ဖက် လိုအပ်သည်သာဖြစ်သည်။

ဥပဒေရေးရာပြုပြင်ပြောင်းလဲ မှု ကိုယ်နှိုက်ကပင်၊ ဥပဒေစိုးမိုးရေး ရရှိဖို့ ခြစားမှုတံတိုင်းကြီး ချိုးဖျက် ရာတွင် ပါဝင်ရမည့် ကဏ္ဍတစ်ရပ် ရှိနေသည်။ လွန်ခဲ့သော အပတ်က ကုလသမဂ္ဂ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ကွန်ဗင်းရှင်းကို နောက်ဆုံး အတည်ပြုခြင်းဖြင့် ထူးခြားသော ခြေလှမ်းတစ်လှမ်းကို မြန်မာက လှမ်းခဲ့သော်လည်း ခြစားမှု ဆိုင်ရာ ၆၅ နှစ်ကြာ ပြည်တွင်းဥပဒေ ကိုမူ ပြန်လည်ပြင်ဆင်ခြင်း မရှိခဲ့။ ဤအရာကို အလွန်အလျင်အမြန် လုပ်ဆောင်သင့် လှသည်။ နိုင်ငံတကာ အဆင့်မီ အခြားဥပဒေများနှင့်အတူ ဤဥပဒေကို တင်းကျပ်စွာ အာဏာတည်စေသင့်ပါသည်။

နှစ်စဉ် ဒီဇင်ဘာ ၉ ရက်သည် နိုင်ငံတကာ အကျင့်ပျက်ခြစားမှုဆန့် ကျင်ရေးနေ့ဖြစ်သည်။ နောက် တစ်နေ့မှာ နိုင်ငံတကာ လူ့အခွင့် အရေး နေ့ဖြစ်ပါသည်။ ပြက္ခဒိန်ပေါ်တွင် ကြုံကြိုက်တိုက်ဆိုင်နေမှုတစ်ခုပင်။ သို့သော် လူ့အခွင့်အရေးမှာ အကျင့် ပျက်ခြစားမှုနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေ သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ယဉ်ကျေးမှုအခွင့် အရေးများ ပိုမိုတိုးမြင့်ရေးနှင့် ကာ ကွယ်ရေးမှာ အလုပ်အကိုင်များ ပိုမို ကောင်းမွန်မှု၊ သိမြင်နားလည်မှုနှင့် ပညာရေးတိုးတက်မှု၊ လုပ်ခလစာ ပိုမိုမြင့်မားမှု၊ အများပြည်သူကဏ္ဍ အခြေခံ အဆောက်အအုံ ကြီးမားမှု (ဆရာဝန်နှင့် ဆေးရုံ၊ ဆရာနှင့် စာ သင်ကျောင်း၊ ရှေ့နေနှင့် တရားရုံး) တို့မှတစ်ဆင့် ခြစားမှုကို ချက်ကျ ကျ ထိုးနှက်ရမည်ဖြစ်သည်။

အများပြည်သူကဏ္ဍများတွင် မြန်မာထက် ခြစားမှုအဆင့် ပိုလွန်သည့်နိုင်ငံလေးခု တို့မှာ ဆူဒန်၊ အာဖဂန်နစ္စတန်၊ မြောက် ကိုရီးယားနှင့် ဆိုမာလီယာတို့ဖြစ်သည်မှာ တိုက်ဆိုင်မှု မဟုတ်ပါ။ လူ့အခွင့် အရေး ချိုးဖောက်မှု၊ ဆင်းရဲ မွဲတေမှု နှင့် အကျင့်ပျက် ခြစားမှုတို့မှာ တစ်ခု နှင့်တစ်ခု အပြန်အလှန် အားပြုနေကြခြင်း ဖြစ်ပါသည်။

လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံ၏ ဥပေဒရေးရာ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများမှာ ကြီးမားကျယ်ပြန့် လှပြီး ဆက်လက်၍လည်း အားထုတ်သင့်လှပါသည်။ သို့တစေ စာအုပ်များကိုကျော်၍ လက်တွေ့ တစ်ကယ်တမ်းတွင် မြန်မာ့ သာမန် ပြည်သူများ၏ လူ့အခွင့်အရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ရရန်မှာ အကျင့်ပျက်ခြစားမှုကို ရှေ့ဆက် ရင်ဆိုင် အနိုင်ယူနိုင်ရမည် ဖြစ်ပါသည်။

 (ဤစာစုကို ရေးသားသူ Benjamin Zawacki မှာ International Development Law Organization ၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာကိုယ်စားလှယ်ဖြစ်ပြီး Council on Foreign Relations ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။)

ဝ၄ဝ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*