အနုပညာသတင်း — ရန်ကုန်၊ ၂ဝ၁၃

၂ဝ၁၃ ခုနှစ် သင်္ကြန်မတိုင်မီတွင်  ကျင်းပပြုလုပ်မည့် လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲဝင်ရန် ပြင်ဆင်လျက် ရှိသော တက္ကသိုလ်ကျောင်းသားသမဂ္ဂများ သံချပ်အဖွဲ့အနေဖြင့် လူငယ်များလည်း မြန်မာ့ရိုးရာသံချပ်ကို လုပ်ဆောင်နိုင်ကြောင်း ပြသရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့ လူငယ်တွေ လည်း မြန်မာ့ရိုးရာ သံချပ်ကို လုပ် နိုင်တယ်ဆိုတာ ပြချင်လို့ပါ။ အားလုံး တိုင်ပင်ပြီး စာသားတွေ ရှာကြတယ်။ သံစဉ်တွေ ရှာတယ်။ အလိုက် တွေ ရှာတယ်။ အခုစပြီး တိုက်နေကြပါပြီ” ဟု အဆိုပါ သံချပ်အဖွဲ့မှ အဖွဲ့ဝင် ကိုဇေယျာလွင်က ပြိုင်ပွဲဝင်ရခြင်း အကြောင်းရင်းနှင့် ပြင်ဆင်နေမှု ကို ပြောသည်။

ယင်းတို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ သံချပ်အဖွဲ့မှာ တက္ကသိုလ်ကျောင်း ၇ ကျောင်းမှ ကျောင်းသား ကျောင်းသူ များဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့က သံချပ်တွေ တကယ်ထွန်းကားခဲ့တဲ့ ကာလကို မမီခဲ့ဘူး။ ကျွန်တော်တို့လို လူငယ်တွေကို ဒီမြန်မာ့ရိုးရာ သံချပ်အပေါ် ဟိုးအရင်က လူတွေလို စိတ်ဝင်စား လာအောင် ကြိုးစားပြီး တင်ဆက်သွားဖို့ ဆုံးဖြတ် ထားကြတယ်” ဟု ကိုဇေယျာလွင်က ဆက်လက်ပြော ကြားသည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရိုးရာပွဲတွင် ရိုးရာဓလေ့ တစ်ခုဖြစ်သော သံချပ်ထိုးခြင်း၊ သံချပ်တိုင်ခြင်းများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၈၉ သင်္ကြန်တွင် နောက်ဆုံးပြုလုပ် ခဲ့ကြရပြီး မှေးမှိန်ခဲ့သည်။ နှစ်ပေါင်း ၂ဝ ကျော် မှေးမှိန် ခဲ့သည့် မြန်မာ့ရိုးရာ သံချပ်ယဉ်ကျေးမှုကို ယမန်နှစ် ၂ဝ၁၂ သင်္ကြန်ကာလတွင် အနည်းငယ် မြင်တွေ့ခဲ့ရသည်။

သို့သော် နေရာအနှံ့တွင် ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ရန်ကုန်မြို့ရှိ မဏ္ဍပ်ကြီး တချို့တွင်သာ ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်။

“သံချပ်ယဉ်ကျေးမှုက ရှိကို ရှိသင့်တာ သံချပ်က တိုင်းပြည်မှာ လိုအပ်နေတာ တွေကို တစ်ဖက်တစ်လမ်းက ထောက်ပြတဲ့ ကိစ္စပဲ။ ကောင်းရင် လည်း ပြောတယ်။ မကောင်းတာတွေ ကိုလည်း ထောက်ပြပေးတာပဲ။ ဘာပဲ ဖြစ်ဖြစ် သံချပ်ထဲမှာ စဉ်းစားစရာ၊ ပြုပြင်စရာတွေ ပါတာချည်းပဲ” ဟု မြန်မာ့ရိုးရာ သံချပ်များရှိသင့်ကြောင်း ကို ၁၂ နှစ်သမီး အရွယ်မှ စကာ မိဘများ ၏ သံချပ်အဖွဲ့တွင် ပါဝင်ခဲ့ပြီး ယခုအချိန်တွင် သင်္ကြန်ရွှေမင်းသမီး သံချပ် အဖွဲ့ကို ဦးဆောင်နေသူ ဒေါ်စီစီသန်း က ဆိုသည်။

သံချပ်တွင် ခပ်အေးအေးသံစဉ် များဖြင့် ထိုးရသော သံချပ်မျိုးနှင့် အဖိအဖော့အချိတ်အဆက်များဖြင့် ခပ်ပြင်းပြင်း ထိုးရသော သံချပ်မျိုးဟု နှစ်မျိုးနှစ်စား ရှိကြောင်း ဝါရင့်သံချပ်အဖွဲ့များက ဆိုသည်။ အဆိုပါ သံချပ် နှစ်မျိုးစလုံး၌ တိုင်းပြည်၏ ပြုပြင် ပြောင်းလဲရေးများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ၊ ယဉ်ကျေးမှုဓလေ့များ ပါဝင်နေခြင်း မှာ တူညီသော အချက်ဖြစ်သည်။

“သံချပ်ထိုးမယ့်သူတွေက တိုင်း ပြည်အတွင်းမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို အမြဲမျက်ခြေမပျက်စောင့် ကြည့်နေရတယ်။ ပြီးရင် ထိမိတဲ့ စကားလုံးတွေနဲ့ ရေးစပ်ပြီး သံချပ် ထိုးတယ်။ သံချပ်တိုင်တယ်။ အဲဒီ သံချပ် တွေကို တစ်နှစ်တစ်ခါ အလေး အနက်ထားပြီး တစ်နိုင်ငံလုံးက နားထောင်ခဲ့ကြတာ။ အဲဒီလို ခေတ်မျိုး ပြန်ရောက် သင့်ပါတယ်” ဟု ဝါရင့် သံချပ်ထိုးသူတစ်ဦးက ဆိုသည်။

ယခုနှစ်သင်္ကြန်ကာလတွင် ရိုးရာ  သံချပ်များ ဝေဝေဆာဆာပေါ်ထွက်လာ နိုင်ရန် ဝါရင့်သံချပ်အဖွဲ့များ ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ဆုံကာ စကားဝိုင်း တစ်ခုပြုလုပ် ခဲ့သည်။ ယင်းစကားဝိုင်းတွင် သံချပ်တစ်ခေတ် ထူထောင်နိုင်ခဲ့ပုံများ၊ ထိုခေတ်က သံချပ် ယဉ်ကျေးမှုများကို ရှေးဟောင်း နှောင်းဖြစ် ပြောကြားခဲ့ကြပြီး ယခုနှစ် သင်္ကြန် သံချပ်ဖွံ့ဖြိုးမှု အတွက်လည်း ဆွေးနွေးခဲ့ပြီး သင်္ကြန်အကြို သံချပ်ဝိညာဉ်ကို နှိုးဆွခဲ့ကြသည်။

“ဟိုးအရင်က သင်္ကြန်ဆိုရင် သံချပ်အဖွဲ့တွေလှည့်တဲ့ ယာဉ်တန်း ကြီးနောက်ကို လိုက်ပြီး သံချပ်နားထောင် ရတဲ့ အရသာကို ဒီခေတ်လူငယ်တွေ ကို မြင်စေချင် တယ်။ နေ့ခင်းရော  ညဖက်ပါ သံချပ်တွေ အပြိုင် ထိုးခဲ့ကြတာ” ဟု အသက် ၅ဝ ကျော် အမျိုးသားကြီးက ယင်း၏ မြေးငယ် နှစ်ယောက်အား သံချပ် ယဉ်ကျေးမှုကို ရင်းနှီးစေချင်စိတ်ဖြင့် လွန်ခဲ့သော နှစ် ၃ဝ ဝန်းကျင်ကို ပြန်လည် သတိရစွာ ဆိုသည်။

ရိုးရာ သံချပ်များ ပြန်လည် ထွန်းကားလာစေရန် လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး မည်သည့် သံချပ် အဖွဲ့မဆို အဖွဲ့ဝင် ၁၂ ဦးဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ ဆုချီးမြှင့်ငွေအဖြစ် ပထမဆုသိန်း ၃ဝ၊ ဒုတိယ သိန်း ၂ဝ၊ တတိယ ၁၅ သိန်း၊ စတုတ္ထ ၁ဝ သိန်းဟု သတ်မှတ်ထားကြောင်း သိရသည်။ မတ် ၉ ရက်၊ ၁ဝ ရက်၊ ၁၁ ရက်တို့တွင် အစမ်းယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဧပြီ ၇ ရက်တွင် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူထုပဲ့တင်သံ သံချပ် ပြိုင်ပွဲကို တာမွေမြို့နယ်ရှိ ရွှေထွဋ်တင် အဆောက်အအုံတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရွှေ FMနှင့် Bo Bo အင်တာတိန်းမန့် တို့က ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာ သံချပ်ပြိုင်ပွဲဝင်ရန် လေ့ကျင့်နေကြသည့် လူငယ်များ

မြန်မာ့ရိုးရာ သံချပ်ပြိုင်ပွဲဝင်ရန် လေ့ကျင့်နေကြသည့် လူငယ်များ

ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*