သူ့ကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့မှာ မွေးဖွားခဲ့ပေမယ့် ကချင်ပြည်နယ် မိုင်းညှင်းမြို့နယ် အင်းတော်ကြီး ကန်နှင့် သုံးမိုင်အကွာ အဝေးမှာ ရှိပြီး အိမ်ခြေ သုံးထောင်နီးပါးရှိ နမ့်မွန်းကျေးရွာအုပ်စု နမ့်မွန်းရွာလေးမှာ Zau Seng လို့ အမည်တွင် မယ့်သူဟာ ကြီးပြင်းခဲ့တာပါ။ မိခင် ဖြစ်သူက ဒေါ်လထော်မာနန် (Lahtaw Ma Nan)၊ ဖခင်ဖြစ်သူ က တောင်သူ တစ်ဦးဖြစ် တဲ့ ဦးဇော် အောင်(La Hpai Zau Aung) ဖြစ်ပါတယ်။ အင်းတော်ကြီး ဒေသရဲ့ သဘာဝ အလှတရားတွေ နဲ့ ပြည့်စုံတဲ့ ဝန်းကျင်တစ်ခုမှာ ကြီးပြင်းခဲ့ ရပေမယ့်လည်း La Hpai Zau Seng (လဖိုင်ဇော်ဆိုင်း) ဟာ ဒေသတွင်း နိုင်ငံရေး အရ မငြိမ်းချမ်းတဲ့ စစ်ရိပ်စစ်ငွေ့တွေ ကြားမှာ အသက်ကို မဝ တဝ ရှုခဲ့ရတာပေါ့။ အသက် ၂ဝ အရွယ် ရောက်လာချိန် မှာတော့ ကချင် အမျိုးသား တို့ရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ Kachin Independent Army (KIA) ထဲကို လဖိုင်ဇော်ဆိုင်း တစ်ယောက် ဝင်ရောက် ခဲ့ပါတယ်။ ထိုစဉ်က KIA ခေါင်းဆောင်မှာ Du Kaba Zau Mai (ဇော်မိုင်း) ဖြစ်ပြီး Kachin Independent Organization (KIO) မှာတော့ Marang Brang Seng (Ning Baw Kaba) ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်းနဲ့  Zawng Hkra (ဦးဇော်ခရ) က အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေ ချိန် ဖြစ်ပါတယ်။

လဖိုင်ဇော်ဆိုင်း

လဖိုင်ဇော်ဆိုင်း

လဖိုင်ဇော်ဆိုင်းဟာ KIA အတွင်း ဝင်ရောက်ခဲ့ရာမှ MunAung (မွန်းအောင်) ဆိုတဲ့ စစ်အမည်ခံကို ခံယူကာ  (အထူးမြို့ပြ ပျောက်ကျား တပ်ဖွဲ့) ကို တာဝန်ယူ ဦးစီးခဲ့ပါတယ်။ ၁၉၈ဝ ပြည့်လွန်နှစ်များ တုန်းက ရန်ကုန်-မန္တလေး မြို့များမှာ တာဝန်အရ ကိုယ်ခံပညာ သင်တန်များ၊ ယာဉ်မောင်းသင်တန်းများ တတ်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှာတော့ မြစ်ကြီးနားမြို့ အနီးမှာ တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် ယာဉ်တန်း နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် အပါအဝင် အချို့ ကျဆုံးခဲ့ကြပြီး လဖိုင်ဇော်ဆိုင်း(ခ) မွန်းအောင် အဲဒီနေ့ညမှာပင် အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက် သေဒဏ် အပါအဝင် အခြား ပြစ်ဒဏ် ၁၈ နှစ် ကို ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြီး မြစ်ကြီးနား ထောင်၊ မန္တလေး ထောင်နဲ့ မြင်းခြံထောင် တို့မှာ အကျဉ်းကျ ခဲ့ရပါတယ်။ ၂ဝ၁၂ စက်တင်ဘာ ၁၇ ရက် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့် နှင့်အတူ လွတ်ရက်စေ့ကာနီး လဖိုင်ဇော်ဆိုင်း (ခ) မွန်းအောင် မြင်းခြံထောင် ကနေ ပြန်လွတ်လာခဲ့ပါတယ်။ ကချင် အမျိုးသားများ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ခဲ့သူ လဖိုင်ဇော်ဆိုင်းဟာ လွတ်မြောက်လာပြီး နောက်နေ့မှာပဲ နေရင်းရပ်သို့ မပြန်ဘဲ ရန်ကုန်သို့ ဆင်းလာချိန် မှာတော့ နီးစပ်ရာ အသိုင်းအဝိုင်းအတွင်း တစ်အံ့တစ်ဩ ဖြစ်ကြရပါတော့တယ်။

“ကျွန်တော် အရင်က ရန်ကုန် လာတာနဲ့ အခုလာတာ ရည်ရွယ်ချက် ချင်း ကွာပါတယ်။ ကချင်ဒေသ ငြိမ်းချမ်းရေး ရဖို့နဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေ အရေး ပြေလည်ရေး အတွက် ရန်ကုန်မှာရှိတဲ့ နိုင်ငံရေး မိတ်ဆွေများနဲ့ တိုင်ပင်ရအောင် လာတာပါ။”ဆိုပြီး လဖိုင်ဇော်ဆိုင်း က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြား ခဲ့ပါသည်။

သူဟာ ထောင်အတွင်းမှာ ၂၇ နှစ်နီးပါး ရေစီးတစ်ခါ ရေသာတစ်လှည့် အကြမ်းအနု များစွာကို ကြံ့ခိုင်စွာ ကျော်လွှား ခဲ့ရပေမယ့် ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ စက်တင်ဘာ ၂၁ ရက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆန္ဒ ထုတ်ဖော် ပွဲမှာ ဆွေးနွေး ဆန္ဒထုတ်ဖော်သူများ အကြားမှာ ပြုံးရွှင်စွာနဲ့ သူ့ကို တွေ့ရခဲ့ရပါတယ်။ “ငြိမ်းချမ်းရေး ရဖို့ ဘယ်သူနဲ့ပဲ တွေ့ရတွေ့ရ ဘယ်သူနဲ့ပဲ ဆွေးနွေးရရ ဆွေးနွေးမှာပါ”ဟု လဖိုင်းဇော်ဆိုင်းက ဖြည့်စွက် ပြောခဲ့ပြန်ပါသေးတယ်။

ထောင်အတွင်း အကျဉ်းချခံခဲ့ရစဉ် သူဟာ နိုင်ငံရေး ပါတီပေါင်းစုံမှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ပြီး ယခင် ထောင်အာဏာပိုင်များရဲ့ သွေးခွဲအုပ်ချုပ်ရေး စနစ်မှာ ယုံကြည်ချက် ခိုင်ခိုင်ထားကာ နိုင်ငံရေးသမား များနဲ့ ဆိုးတူကောင်းဖက် နေလာခဲ့သူ ဖြစ်ပါတယ်။

“ရန်ကုန်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း မိတ်ဆွေတွေ အားလုံးက ကျွန်တော့်ကို နွေးထွေးစွာ ကြိုဆိုကြ ပါတယ်။ မဆုံခဲ့ဖူးတဲ့ လူတွေကလည်း နွေးနွေးထွေးထွေး ပါပဲ”ဟု မြန်မာအင်ဒီပဲန်ဒင့်ကို ပြောကြားခဲ့ပါတယ်။

မြန်မာပြည် မြောက်ပိုင်းမှာ ၁၉၆ဝ ခုနှစ်မှစပြီး ကချင်တော်လှန်ရေး စတင်ခြင်း နှင့်အတူ မြန်မာပြည် ရဲ့ ပြည်တွင်း စစ်မီး ဟာ မြောက်ပိုင်းထိ ကူးစက်ခဲ့တာပါ။ ပင်လုံစာချုပ်ကို ကျောခိုင်း သွားတယ်လို့ ယူဆချက်က ယနေ့တိုင် ကချင် အမျိုးသားတို့ စိတ်မှာ လွမ်းလွမ်းဆွေးဆွေး ကိန်းအောင်းနေဆဲ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (နအဖ)လက်ထက်မှာ တော့ KIA နှင့် တပ်မတော် အကြား အပစ်အခတ် ရပ်စဲမှု နှင့်အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ အမျိုးသား ညီလာခံကို KIO မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါတယ်။ ဒါပေမယ့် KIO အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှု အများအပြား ရှိနေခဲ့တာကလည်း အမှန်ပါ ။ နောက်ဆုံး ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း စတင်ခြင်း အပေါ် မကျေနပ်ချက် နှင့်အတူ ၂ဝ၁ဝရွေးကောက်ပွဲ အပြီး တစ်နှစ်အကြာမှာတော့ မြောက်ပိုင်းရဲ့ အပစ်အခတ် ရပ်စဲရေးဟာ ဆုံးခန်းတိုင်လို့ သွားပါတော့တယ်။ အစိုးရတပ်များနှင့် KIA အကြား တိုက်ပွဲများ ပြင်းထန်မှုမှာ  ဒေသခံပြည်သူ တစ်သိန်းနီးပါး အိုးအိမ်စွန့်ခွာလို့ စစ်ပြေးခဲ့ကြရပါတယ်။ တရုတ်နိုင်ငံအတွင်း စစ်ပြေး ဒုက္ခသည်ပေါင်း ၅သောင်းကျော်မျှ ရောက်သွားခဲ့ရပြီး ပြည်တွင်းစစ် လွတ်ရာမှာ ဖြစ်သလို ခိုလှုံနေကြ ရပါတယ်။

“၁၉၉၄ ခုနှစ် KIA နဲ့အစိုးရကြား သဘောတူထားချက်အရ ဒေသတွင်း ဖွံ့ဖြိုးရေး၊ ကချင်အမျိုးသားတို့၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေး၊ နိုင်ငံရေးအရ ဖြေရှင်းရေး ဆိုတာတွေ ပါပါတယ်။ အမျိုးသား ညီလာခံက ဒါတွေကို အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ မြစ်ဆုံစီမံကိန်းမှာ မကျေနပ်မှု မြင့်တက်လာတယ်။ ဖားကန့်ဒေသမှာ KIA က လွှမ်းမိုးခွင့် ရထားပေမယ့် ခရိုနီနဲ့ တရုတ်ကုမ္ပဏီတွေ ဝါးမြိုသွားတယ်။ ဒါကိုလည်း မကျေလည်ကြဘူး နောက်ဆုံး စစ်ဖြစ်တော့ တာပါပဲ”ဟု နယူးယောက်တိုင်းမ် သတင်းစာမှ သတင်းစာဆရာ ဆွေဝင်း(ဘကောင်း)မှ မြန်မာအင်ဒီပဲန်ဒင့် ကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ယနေ့ပြုပြင်ပြောင်းလဲရေး အရှိန်ဟာ အတော်ရ နေပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ အတွက် ရတက် မအေးနိုင်တဲ့ အရေးတွေထဲမှာ ကချင်ပြည်နယ် အရေးလည်း ပါပါတယ်။ ယခင်နဲ့ မတူ အမျိုးမျိုး ကြိုးစားပေမယ့် ယနေ့ထိတိုင် နှစ်ဖက်ညှိ၍ မရကြသေးပါ။ “သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင် ပြောင်းလဲရေး သမား စစ်စစ်ပါ။ ဆက်လက်ပြီး သမ္မတကြီး အနေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားပေးပါအုံးလို့ ကျွန်တော် တိုက်တွန်း ချင်ပါတယ်”ဟု လဖိုင်ဇော်ဆိုင်းမှ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းချက်ကို မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြား ခဲ့ပါတယ်။

“ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ညီအစ်ကို မောင်နှမများအားလုံး ကိုလည်း ဝိုင်းကြိုးပမ်းပေးကြပါ” လို့ လဖိုင်ဇော်ဆိုင်းက ထပ်မံဖြည့်စွက် ပြောကြားခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ် တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ လဖိုင်ဇော်ဆိုင်း အနေနဲ့ ဘယ်လိုပါဝင်မလဲ ဟု မြန်မာ အင်ဒီပဲန်ဒင့်၏ မေးခွန်းကို “ရန်ကုန်လာရင်း ရည်ရွယ်ချက် ကိုက ကျွန်တော် လေးစားရတဲ့ နိုင်ငံရေး ခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေး ရဖို့ ဘယ်လိုလုပ်ကြမလဲ ဆိုတာ တိုင်ပင်ချင်လို့ပါ။ ဒီနေရာမှာ လိုအပ်လျှင် အာဏာပိုင်နဲ့ပါ စကားပြောချင် ပါသေးတယ်”လို့ လဖိုင် ဇော်ဆိုင်းက ထပ်မံဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ယနေ့ နိုင်ငံရေး အသွင်အပြင်ဟာ ၁၉၈ဝ ပြည့်လွန် နှစ်များကဲ့သို့ မဟုတ်သည်ကို လဖိုင်ဇော်ဆိုင်း အနေဖြင့် ကောင်းစွာ နားလည်ပုံရပြီး၊ သူ၏ အကောင်းမြင်မှုများကိုပင် သူနဲ့တွေ့ရသူတို့အဖို့ အံ့ဩခဲ့ရပါတယ်။ “ယနေ့ နိုင်ငံရေး   ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို အကြိုက်ဆုံးပါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီတွေထဲမှာ အကြိုက်ဆုံးပါ” ဆိုပြီး ပွင့်လင်းသော အပြုံးနဲ့ လဖိုင်ဇော်ဆိုင်း က ပြောကြားခဲ့ပါတယ်။

ဝ၃ဝ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*