Donna Guest ဒေါ်နာဂက်စ် သည် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကြီး Amnesty International တွင် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ဌာနခွဲ အကြီးအကဲနှင့် မြန်မာနိုင်ငံဆိုင်ရာ တာဝန် ရှိသူအဖြစ် ၂၃ နှစ်တိုင် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပြီး ယခုအခါ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် စီးပွားရေး အဖွဲ့၏အရှေ့တောင်အာရှ မန်နေဂျာအဖြစ် တာဝန်ယူဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ အခါအားလျော်စွာ ရောက်လေ့ရှိရာ မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်က ယင်းနှင့်တွေ့ ဆုံမေးမြန်းစဉ်တွင် နောင်အနာဂတ်၌ နိုင်ငံရေး အကျဉ်းသား များများများစားစား မပေါ်ပေါက်လာစေရန် ဥပဒေအရသာ အာမခံနိုင်သည့် သေချာရေရာမှု ရှိသင့်သဖြင့် ဥပဒေပြုပြင်ပြောင်းလဲရေးကို ဦးစားပေးဆောင်ရွက် သင့်ကြောင်း ပြောကြားလိုက်သည်။ ယင်းနှင့် တွေ့ ဆုံဆွေးနွေးမှုမှ အချို့ကိုအောက် ပါအတိုင်း ကောက်နုတ်ဖော်ပြ အပ်ပါ သည်။

မေး။ အပြည်ပြည်ဆိုင်ရာလွတ် ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (AI) မှာ ဘယ်တုန်းကစပြီး တာဝန်ယူခဲ့တာပါလဲ။

ဒေါ်နာ။ ။ ၂၄ ဇူလိုင် ၁၉၈၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံဆိုင်ရာ အလုပ်တွေ စလုပ်ဖြစ်ခဲ့ပါတယ်။ အာဇာနည်နေ့ လှုပ်ရှားမှုအပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် ပါတီဝင်တွေနဲ့ နိုင်ငံရေး လှုပ်ရှားသူ အများ အပြားကို တစ်ပြိုင်တည်း ဖမ်းပြီး လေးရက်အကြာမှာပေါ့။

မေး။ ဒီမှာ အရင် စစ်အစိုးရ လက်ထက်ကနေ ဒီအစိုးရလက် ထက်အထိ မနေ့တစ်နေ့ကအထိပေါ့ နိုင်ငံရေး အကျဉ်းသားရယ်လို့ မရှိပါဘူးလို့ ဆိုခဲ့ဖူးပါတယ်။ အခုတော့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ ဆိုတာမျိုး ပေါ်ထွက်လာပါတယ်။ ဒီတော့ ဒေါ်နာ လုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက နိုင်ငံရေး အကျဉ်းသား ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့် ခဲ့ပါသလဲ။

ဒေါ်နာ။ ဒီမေးခွန်း သိပ်ကောင်းတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးဟာ အများအားဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို အခြေခံပြီး အလုပ်လုပ် ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက တရားဝင်ဖွင့်ဆို ထားတဲ့ အနက်အဓိပ္ပာယ်ရယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရ အတွက် ရှိမနေပြန်ဘူး။ ဒီကိစ္စက တကယ်ဆိုရင် ပညာသားပါတယ် ပေါ့။ အကြမ်းဖျဉ်းတော့ တစ်မှုချင်း တစ်ယောက်ချင်းကို မူတည်ပြီး ဆုံးဖြတ်ပါတယ်။ ဥပမာပြရရင် ၁၉၉၀ ခုနှစ်တွေကဆို ချဲထိုးတာဟာ မြန်မာ့ ဥပဒေအရ အရေးယူနိုင်တဲ့ တရား ဥပဒေဘောင်ပြင်ပက အလုပ်ပါ။ ဒါကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်တစ်ယောက်အနေနဲ့ ချဲလက်မှတ် လက်ဝယ်တွေ့ရှိမှုကြောင့် အဖမ်းခံရ နိုင်ပါတယ်။ တကယ်တော့ ချဲက ခုတုံးသဘောပါပဲ။ သူ့ရဲ့လုပ်ရပ်တွေ ကို ကြည့်ရင်၊ လေ့လာရင် သူဟာ နိုင်ငံရေးအကျဉ်းသားနဲ့ အကျုံးဝင် နေပါတယ်။ အဲဒီလိုပဲ ဆုံးဖြတ်ရပါ တယ်။ နောက်တစ်ခုကတော့ ဖမ်းရခြင်း အကြောင်းရင်းမှန်မှာ နိုင်ငံရေးနဲ့ ဆက်စပ်မှုရှိတာမျိုး၊ ရာဇဝတ်မှုနဲ့ အဆက်အစပ် မရှိဘဲ ရာဇဝတ်မှုဖြစ် အောင် စွပ်စွဲခံရတာမျိုးဆိုရင် အဲဒီ ကေ့စ် ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ ဥပမာ ကေအန်ယူ တပ်ဖွဲ့ဝင်တစ်ဦးကို အဖွဲ့ဝင်မို့လို့ ဖမ်းခံရရင် အဲဒီလူကို ကျွန်မတို့က တော့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ ဒါပေမယ့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဘာခြွင်းချက်မှ မချန်ဘဲ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတဲ့ အခါ အနက်ဖွင့် ပေးရပါတယ်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အဖမ်းခံရသူ၊ လိင်၊ လူမျိုးရေး၊ ဘာသာရေး စတဲ့ ယုံကြည်ချက် တစ်ခုခုကြောင့် အဖမ်းခံရသူ၊ အကြမ်းဖက်လုပ်ရပ်များကို မကျူးလွန်ထားသူ အဲဒီလိုဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား ပါပဲ။ ဒါပေမယ့် အတိုက်အခံ တပ်ဖွဲ့တစ်ခုက စစ်သားကို နိုင်ငံရေး အကျဉ်းသားထဲ ထည့်ဖို့ခက် ပါတယ်။ ဘာပဲလုပ်နိုင်လဲ ဆိုတော့ တရားမျှတတဲ့ တရားစီရင်မှု လုပ်ပြီး ဆုံးဖြတ်ပါလို့ ပြောခြင်း ပါပဲ။ ဒါ့အပြင် ဘယ်လိုအမှုကြောင့်ပဲ အဖမ်း ခံရခံရ ညှဉ်းပန်းနှိပ်စက် မခံရအောင်နဲ့ သေဒဏ်ပေးခြင်း မခံရအောင် ကျွန်မတို့ အဖွဲ့ကြီးက ကြိုးပမ်းပါတယ်။ ဒါပေမယ့် ဒီကိစ္စက အတော်လေး ငြင်းခုန်စရာကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုကော်မတီမျိုး ပေါ်ထွက် လာတာ အင်မတန် ကြိုဆိုစရာ ကောင်းပါတယ်။ တချို့ကိစ္စတွေဟာ ဆုံးဖြတ်ရခက်လေတော့ ရှေ့နေတွေ အနေနဲ့ အမှုဖြစ်ပွားပုံတွေကို သေချာ လေ့လာပြီး ဆုံးဖြတ်ဖို့ အကြံပေးနိုင် ရင် ကောင်းပါမယ်။ သက်သေရော၊ ပြစ်ဒဏ်ရော ကို ပြန်သုံးသပ်ရမှာမို့ အလုပ်ကတော့ ရှုပ်ရဦးမှာပါ။ ဒါပေမယ့် အခုအဆင့်ကိုက သိပ်ကို အပြုသဘောဆောင်နေပါပြီ။ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဆိုရင် တကယ့်ကို နိုင်ငံရေးအကျဉ်း သားအားလုံးကို လွှတ်ပေးဖို့ လိုပါတယ်။ ဒီအလုပ်ဟာ မလွယ်ပါဘူး။ ရှိသမျှကိစ္စတွေကို မှတ်တမ်းတင်ဖို့နဲ့ စိစစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဒီမှာက အလုံပိတ်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာဆိုတော့ အချက် အလက်တွေ စုဆောင်းဖို့တောင်မှ မလွယ်တဲ့ အနေအထားပါ။ ပြင်ပက အဖွဲ့အစည်းတချို့နဲ့ ကုလသမဂ္ဂလိုမျိုး အဖွဲ့တွေရဲ့အကူအညီလည်း လိုမှာပါ။ ဒီလို မှတ်တမ်းတင်တဲ့ အလုပ်ဟာ အလွန် အရေးကြီးတဲ့ အလုပ်လည်း ဖြစ်ပါတယ်။

မေး။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှာ အရင် ကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျဉ်းသား စာရင်း ရှိခဲ့ပြီးသားပါ။ အဲဒီလိုပဲ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတယ် ဆိုပြီး တချို့တချို့ကို ဒီနှစ်များစွာ အတွင်းမှာ ခွဲခွဲပြီး လွှတ်ပေးခဲ့တာ ရှိပါတယ်။ အဲဒီလို လွှတ်ပေးတဲ့ အကြိမ်ကိုက မနည်းတော့ဘူး။ ဒါပေမယ့် အခုလို ကော်မတီ ပေါ်လာတာက ဒီနေ့ဒီအချိန်ထိ နိုင်ငံရေး အကျဉ်းသားတွေ မကုန်နိုင် မခန်းနိုင်သေးဘူး ဆိုတာ ပြနေတာပါပဲ။ ဒီကော်မတီက လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဆို တော့ အရင်က လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွှတ်ပေးခဲ့တာဟာ သူတို့ဘာသာ သူတို့ ရာဇဝတ်မှုနဲ့ အရေးယူ ထားခဲ့ပါတယ် ဆိုပြီးမှ နိုင်ငံရေး အကျဉ်းသား အဖြစ် သဘောထားကာ လွှတ်ပေးခဲ့တာမျိုးပါ။ ဒီနေရာမှာ ရာဇဝတ်မှုပါဆိုပြီး အရေးယူထားသူတွေကို ဘယ်လိုစိစစ်ပြီး လွတ်ငြိမ်း ချမ်းသာခွင့် အတွက် ဆုံးဖြတ်ခဲ့သလဲဆို တာ စိတ်ဝင်စားစရာ ပါပဲ။ ဒေါ်နာက ရော အဲဒီအပေါ်ဘယ်လိုမြင်ပါသလဲ။

ဒေါ်နာ။ ဒါ တကယ် ထောက်ပြသင့်တဲ့ အချက်ကောင်းတစ်ချက်ပါ။ အံ့ဩစရာကောင်းတာက ကျွန်မတို့ရဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက သူ့ရဲ့ ရည်မှန်းချက်ကို အကောင်းဆုံး အသိပေးခဲ့တယ် လို့လည်းယူဆပါတယ်။ အစိုးရဘက် ကလည်း အရင်က ဘာတွေဘယ်လို ပဲ ပြောခဲ့ပြောခဲ့ အခုတော့ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံးကို သုံးလာပါပြီ။ လှည့်ကွက်လို မြှုပ်ကွက်လို သဘောမျိုးလို့လည်း ပြော နိုင်မလား။ ဆိုကြပါစို့ အခြေအနေက ကချင်ပြည်နယ် စစ်ပွဲ အနေအထားမျိုးမှာပေါ့။ လူတစ်ယောက်ဟာ ဘာမှ အကြောင်းအရာ မယ်မယ်ရရ မရှိဘဲ ဖမ်းဆီးခံထားရတယ်။ ဒီလိုလူတွေ ဟာ နိုင်ငံရေးအကျဉ်းသားပဲပေါ့။ ယုံကြည်ချက် အကျဉ်းသား မဟုတ် ပေမယ့် သူက ကျူးလွန်တာမရှိဘဲ စစ်အခြေအနေကြောင့် အဖမ်းခံလိုက် ရတယ်ဆိုတာမျိုးတွေ ရှိလာပါတယ်။ ဒါဟာ မြန်မာပြည် အနေအထားမှာ မရှိဘူးသေးတဲ့ နိုင်ငံရေး အကျဉ်းသား ပုံစံအသစ်လို့တောင် ပြောရမှာပါ။ ဒီလိုမျိုးအနေအထားကို ရခိုင်ပြည် နယ်မှာ ဖြစ်ခဲ့တာတွေအတွက်လည်း ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ မနှစ်က ဇွန်လကတည်းက မွတ်စ လင်လူငယ်အများအပြားအဖမ်းခံထား ရတာတွေရှိတယ်လို့ ကြားရပေမယ့် သူတို့ဘယ်မှာရှိနေလဲ ဆိုတာ မသိရပါဘူး။ သူတို့ ဘာလို့အဖမ်းခံရတယ်၊ ဘာတွေ ကျူးလွန်ခဲ့တယ် အဲဒီလို အကြောင်းအရာတွေကို သေသေချာ ချာမှတ်တမ်းတင်ထားဖို့ လိုပါမယ်။ တချို့နေရာတွေမှာ လူတွေကို ဘာမှ စစ်ဆေးမေးမြန်းစုံစမ်းတာမျိုး မလုပ်ဘဲ သိမ်းကြုံးပြီး ဖမ်းဆီးသွားခဲ့တာမျိုး တွေ ရှိနေပါတယ်။ အဲဒါတွေအတွက် မှတ်တမ်းလိုကို လိုပါတယ်။ အရင် လက်ကျန်နိုင်ငံရေး အကျဉ်းသားဆိုတာ မျိုးမဟုတ်ပေမယ့် အခုလတ်တလော ဖြေရှင်းသင့်တဲ့ကေ့စ်တွေပါ။ လူတစ် ယောက်က နောက်တစ်ယောက် ကို သတ်ဖြတ်မယ်ဆိုရင်တော့ ဒါဟာ နိုင်ငံရေးအကျဉ်းသား မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တချို့ပဋိပက္ခတွေမှာ နိုင်ငံ ရေးကြောင့် အကြမ်းဖက်မှုတချို့ ပေါ် ထွက်ခဲ့ရာက အဖမ်းခံလိုက်ရတဲ့ အခါ အင်မတန်ဆုံးဖြတ်လို့ခက်တဲ့ အကျဉ်းသားတွေပေါ်ထွက် လာတတ်ပါတယ်။ ဒါကြောင့် အခုပေါ်ထွက် လာတဲ့ ကော်မတီဝင်တွေ အနေနဲ့ နိုင်ငံတကာရဲ့ အကူအညီကို ရယူဖို့ အင်မတန် အရေးကြီးတယ် လို့ပြောချင်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာ ဥပဒေပညာရှင်များနဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုး ဆီက အကူအညီပေါ့။

မေး။ အပြည်ပြည်ဆိုင်ရာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးထဲမှာရော နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ဖို့ ကော်မတီဆိုပြီး ရှိပါသလား။

ဒေါ်နာ။ အင်း ကျွန်မက မြန်မာ့ အရေးကို သုတေသနပြုသူလေ။ ကျွန်မဘာသာပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ရရှိလာတဲ့ သက်သေ အထောက်အထား တွေပေါ် မှာ ဝေဖန်သုံးသပ် ပါတယ်။ ဘယ်သူက အကြမ်းဖက်မှုကို တွန်းအားပေးတယ်၊ ဘယ်သူက ကျူးလွန်တယ် ဆိုတာမျိုးကို ရှာဖွေဖော်ထုတ် သုံးသပ်ပါတယ်။ အရင်က မြန်မာနိုင်ငံ မှာ နိုင်ငံရေး အကျဉ်းသားပေါင်း မြောက်မြားစွာ ရှိခဲ့ပါတယ်။ အန်အယ်လ်ဒီ သာမက နိုင်ငံရေးပါတီ တချို့နဲ့ နိုင်ငံရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတချို့က လူတွေတော်တော် များများ အဖမ်းခံခဲ့ရတာကိုး။ အဲဒီ လူတွေက ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ အရပ်သားများရဲ့ အာခံမှုသက်သက်ပါ။ အကြမ်းဖက်မှု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကေ့စ်တစ်ခု ချင်းစီကို သေချာကြည့်ဖို့တော့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ သက်သေ အချက်အလက် ဆိုတာကလည်း တချို့ကေ့စ်တွေမှာ ဘာမှသေချာ တိကျမှု မရှိတဲ့ အတွက်ရယ်၊ အဲဒီလူတွေကို သေချာသိထားတဲ့ လူမျိုးကိုလည်း မမေးမြန်းနိုင်တာ ရယ်ကြောင့် ဆုံးဖြတ်ရာမှာ ခက်ခဲပါ တယ်။ ဒါကြောင့် ကေ့စ်တစ်ခု ချင်းစီနဲ့ ပတ်သက်သမျှ သက်သေ အထောက်အထားတွေ အားလုံး ရနိုင်သမျှ ရအောင် ကြိုးစားပြီးမှ သုံးသပ် ဆုံးဖြတ်သင့် ပါတယ်။ ကျွန်မတို့အဖွဲ့ ကြီးမှာတော့ အဲဒီလို အချက်အလက်တွေ များများရလာအောင် ကူညီသူတွေ အများကြီး ရှိနေပါတယ်။

မေး။ ဒီတော့ အဲဒီလိုဆုံးဖြတ် မယ့်ကော်မတီတွေမှာ ဘယ်သူတွေ ပါဝင်သင့်သလဲ၊ ဘယ်လိုမူတွေကို စွဲကိုင်ပြီး ဆုံးဖြတ်သင့်သလဲ။

ဒေါ်နာ။ လက်ရှိကော်မတီမှာ ပါဝင်သူတွေအားလုံးကို ကျွန်မ သေချာ မမှတ်မိပါဘူး။ ကျွန်မရဲ့ သဘောအရ ဆိုရင် ဥပဒေ ပညာရှင်တွေ ပါဝင်သင့်ပါတယ်။ လူထု အခြေပြု လူမှုအဖွဲ့အစည်းက လူတွေလည်း ပါဝင်သင့် ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားကိုယ် စားလှယ်၊ ဘာသာရေးကိုယ်စား လှယ်တွေလည်း ပါသင့် ပါတယ်။ နောက်တော့ အေအေပီပီ တို့လို နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစုခဲ့ဖူးတဲ့ အဖွဲ့တွေပါသင့်တာပေါ့။ ဒီမှာ အဖွဲ့ တွေ ပြုစုတဲ့စာရင်းချင်း မတိုက်ဆိုင် မတူညီတာတွေ ရှိနေတာကိုလည်း သိထားပါတယ်။ အဲဒီလိုလူတွေ အားလုံး အတူတကွထိုင်ညှိနှိုင်းကြ၊ သတင်းအချက်အလက် ဖလှယ်ကြဖို့ လိုပါတယ်။ နောက်ဆုံးကေ့စ်တစ်ခုချင်းစီရဲ့ ရဲမှတ်တမ်း၊ တရားရုံးမှတ် တမ်းတွေအပါအဝင် တခြားစုံစမ်းလို့ ရသမျှ အထောက်အထားတွေ ကို ပြန်ကြည့်ကြဖို့ လိုပါမယ်။ ပြစ်ဒဏ် ဘယ်လောက်အထိ ခံစားခဲ့ပြီးပြီဆို တာကိုလည်း သုံးသပ်ရပါမယ်။ တစ်ခါတစ်လေမှာ ဒီကိစ္စတွေက သိပ်လှည့်စားနိုင်ပါတယ်။ ပြစ်မှုကျူး လွန်ခဲ့တယ် ဆိုတာတောင် ပြစ်ဒဏ်က ကျသင့်တာထက် များနေခဲ့ပြီး အဲဒီ ပြစ်ဒဏ်ကို ကျခံတဲ့ အချိန် အတိုင်းအတာကလည်း သိပ်များနေရင် ချက်ချင်း လွှတ်လိုက်သင့် ပါတယ်။ ဒီမှာက နှစ်ပေါင်းများစွာ တရားရုံးစီရင် ဆုံး ဖြတ်ချက်တွေက မတရားမမျှတ ခဲ့တာ ရှိနေတာကိုး။ ဒါဟာလည်း တကယ့်ကိုစိတ်ပူရတဲ့အကြောင်းအရာ ပါပဲ။ တရားစွဲခံရသူတွေ အနေနဲ့ သက်သေခေါ်ခွင့်မရှိခဲ့တာတွေ၊ ရှေ့ နေငှားခွင့်မရခဲ့တာတွေ၊ အချိန်တိုတို နဲ့ တရားရုံးက အမိန့်ချပစ်လိုက် တာတွေ အဲဒီလို နိုင်ငံရေး လှည့်စားမှု မကင်းတဲ့တရားရုံးတွေ ရှိခဲ့တာကိုး။ လွတ်လွတ်လပ်လပ် ဥပဒေကြောင်းနဲ့ အညီ ဆုံးဖြတ်ခဲ့တဲ့တရားခွင်တွေ မရှိခဲ့ဘူးလေ။ တရားသူကြီးတွေ ကိုယ်တိုင် တရားမျှတစွာ တရားစီ ရင်ပိုင်ခွင့် မရှိခဲ့ကြဘူး။ ဒီတော့ တရားရုံးတောင် မတင်ဘဲ စစ်ခုံရုံး ဆိုပြီး တစ်ချက်လွှတ် အမိန့်ချခဲ့သူ တွေဆိုရင် ချက်ချင်းလွှတ်ချင်လွှတ် မဟုတ်ရင် စနစ်တကျ တရားရုံးမှာ ပြန်ရင်ဆိုင်ခွင့်ပေးပြီးမှ ပြန်လည်သုံး သပ်သင့်ပါတယ်။ ကျွန်မ ထင်တာ ကတော့ ဒီနိုင်ငံအတွက် ပြုပြင်ပြောင်း လဲရေးကိစ္စမှာ စိတ်ပူရတဲ့နောက် အကြောင်းတစ်ရပ်ကတော့ တရားစီ ရင်ရေးစနစ်ပြုပြင်ပြောင်းလဲရေးပါပဲ။ တရားရုံးချုပ်နဲ့ ပြည်ထောင်စုတရား သူကြီးချုပ်တို့အနေနဲ့ဒီကိစ္စကို သေချာ စဉ်းစားကိုင်တွယ်သင့်ပါတယ်။

မေး။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ မြန်မာပြည် အရေးအတွက် အသွင်ကူးပြောင်းရေး ကာလရောက်တဲ့အခါ တစ်ခုခု လုပ်ဆောင်ပေးနိုင်သေးတယ် လို့ရော ထင်မြင် ယူဆမိပါသလား။

ဒေါ်နာ။ ထင်တာပေါ့။ ကျွန်မက အဖွဲ့ကြီးထဲမှာ မရှိတော့ပေမယ့် အဲဒီလိုပဲ မြင်ပါတယ်။ အဖွဲ့ကြီးရဲ့ အခန်းကဏ္ဍဟာ ဆက်ပြီး တည်ရှိ နေဦးမှာပါ။ ဥပမာအားဖြင့် ကချင် ပြည်နယ် အရေးနဲ့ ရခိုင်ပြည်နယ် အရေးတွေမှာ ကူညီဆောင်ရွက်နိုင် တာတွေရှိနေပါသေးတယ်။ တကယ် တော့ အသွင်ကူးပြောင်းရေးကာလ အတွက်ဆိုရင် လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းတွေတင် မကပါဘူး၊ ဥပ ဒေပြုပြင်ပြောင်းလဲရေး၊ တရားစီရင် ရေးပုံစံပြုပြင်ပြောင်းလဲရေးစတဲ့အရေး အရာတွေကို ဆောင်ရွက် ကူညီနိုင်မယ့် သူတွေ လိုအပ်ပါတယ်။ ဒီအလုပ် တွေက တစ်နှစ်၊ နှစ်နှစ်မက အချိန် ယူမှာဖြစ်တဲ့အတွက် အတော်လေး လုပ်ရမယ့်အလုပ်ပါ။ ဒါပေမယ့် အဲဒီလို ဥပဒေနဲ့ တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှု အတွက် ကူညီနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါတယ်။ ဥပမာ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံချက်အက်ဥပဒေ၊ ၁၇-၁ မတရားအသင်းဥပဒေ၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်နှောင့်ယှက် ဖျက်ဆီးသူများ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေ အဲဒီလို ကိစ္စတွေကို သေသေ ချာချာ ပြန်လည်ပြုပြင်ပေး ရပါမယ်။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ရေး ဥပဒေမှာ ဆိုရင်လည်း ပြဿနာလေး တွေရှိနေပါတယ်။ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်သူတွေ ကို အဲဒီနည်းဥပဒေနဲ့ တရားစွဲပြီး ထောင်ချ နိုင်နေတာကို လည်း ပြန်လည် သုံးသပ် ပြုပြင်သင့်ပါတယ်။

မေး။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လုပ်ကြတယ် ဆိုတာ ကောင်းပေမယ့် အနာဂတ်မှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ မျိုးမပေါ်ပေါက်နိုင်အောင် ဘယ် လောက်ထိမျှော်လင့်နိုင်ကြမလဲ။ ဘာ တွေ လုပ်နိုင်ကြမလဲ။

ဒေါ်နာ။ ဒီကိစ္စက တကယ် ခက်ခဲပါတယ်။ ပထမဆုံး လုပ်ရမှာ ကတော့ ဥပဒေကို ပြန်လည်ပြုပြင် ရေးဆွဲရမှာပါ။ အဲဒီလိုလုပ်ဖို့ အချိန် တွေ အများကြီး လိုပါတယ်။ အစိုးရ အဖွဲ့တစ်ဖွဲ့ရဲ့ သက်တမ်းတစ်ခုလုံး ကုန်ချင်ကုန်သွားနိုင်ပါတယ်။ ဒါ ပေမယ့် ဒီပြုပြင်ပြောင်းလဲရေးဟာ မလုပ်မဖြစ်ဆိုတာကိုတော့ သိရပါမယ်။ တရားစီရင်ရေး မဏ္ဍိုင်က လူတွေကိုလည်း လေ့ကျင့်ပျိုးထောင်မှုတွေ လုပ်ပေးရပါမယ်။ နောက်တစ်ခါ ပုလိပ်တွေ၊ ရဲတွေကို လေ့ကျင့်ပျိုးထောင်ပေး ရပါမယ်။ လူတွေကို ညှဉ်း ပန်းနှိပ်စက်စရာ မလိုဘဲ လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ အထောက်အထားတွေ ဘယ်လိုရအောင် ကြိုးစားရမယ် ဆိုတာမျိုး သင်တန်းတွေ ပေးပေးဖို့ လိုပါတယ်။ ဒီတော့ စနစ်တွေ တင်မကဘဲ အဲဒီစနစ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့လူတွေကိုယ် တိုင် ပြုပြင်ပြောင်းလဲရ ပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ် ဆိုတာ ကောင်းပေမယ့် အနာဂတ်မှာ နိုင်ငံရေး အကျဉ်းသား မရှိတော့အောင် ဆိုရင် ဥပဒေအရ အာမခံနိုင်တဲ့ သေချာရေရာမှုတွေ ရှိရပါမယ်။ လူတွေ အနေနဲ့ ဘာအကြောင်းပြချက်မှ ခိုင်ခိုင်လုံလုံ မရှိဘဲ အဖမ်းခံ၊ အထိန်းသိမ်းခံရတယ် ဆိုတာမျိုး မရှိသင့်တော့ပါဘူး။ လူတွေ အကြောက်တရား နဲ့ နေနေရတယ် ဆိုတာမျိုး မရှိသင့်တော့ ပါဘူး။ ညဘက်မှာ အိမ်တံခါးကို လာခေါက်မှာ ကြောက်နေရတာမျိုး မဖြစ်သင့်တော့ပါဘူး။

ဝ၃၆

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*