သတင်းဆောင်းပါး — မတ် ၁၄၊ ၂ဝ၁၃

အတိတ်၏ဆိုးမွေလော

ပြည့်စုံလုံလောက်စွာ ပြဋ္ဌာန်းထားခြင်း မရှိသော မြေယာဥပဒေများက စိုက်ပျိုးရေးနှင့် မြေယာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အချိန်တိုအတွင်း တိုးတက်ဖြစ်ထွန်းလာမည် ဟု မျှော်မှန်း တွက်ချက်ထားကြသော အဆက်အသွယ်ကောင်းများ ရှိသလောက်၊ တရားမျှတမှုကို အလေးမထားသည့် လုပ်ငန်းရှင်ကြီး များကို မြန်မာနိုင်ငံ ၏ ကျေးလက်ဒေသများ ၌ မြေယာသိမ်းယူမှုများ အထိန်းအကွပ်မဲ့ ဆောင်ရွက် လာစေရန် လမ်းဖွင့်ပေးခဲ့ပြီ ဖြစ်သည်။ ထိုသို့ ထိန်းမနိုင် သိမ်းမရ ကြိုးပမ်းမှုများ၊ အစုအဝေးဖြင့် ဖြစ်ပေါ်လာခြင်းက နိုင်ငံတော်၏ ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ယုံကြည်မှုလျော့ပါးစေမည့် အလား အလာများ ပေါ်ထွက်ရေးကို ဦးတည်နေသည်ဖြစ်သည့် အပြင် ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေး စေမည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စိုက်ပျိုးရေး စီမံကိန်းဌာနက ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ကုမ္ပဏီပေါင်း ၂၁၆ ခု တို့သည် လယ် မြေဧကပေါင်း ၁.၇၅ သန်း (၇ဝ၈၂ဝဝ ဟက်တာ) ကို နိုင်ငံတော်က ပေးအပ်သော အထူးအခွင့်အရေးဖြင့် သိမ်းယူခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ အငြင်းအခုံ ဖြစ်နေသော မြေယာပြဿနာ အများအပြားမှာ ၁၉၉ဝ ခုနှစ်များ၏ အလယ်ပိုင်း နှင့် နှောင်းပိုင်းနှစ်များ တွင် ပေါ်ပေါက်ခဲ့သော မြေယာ သိမ်းယူမှုများနှင့် သက်ဆိုင်သည်။ အဆိုပါ ကာလ အပိုင်းအခြား အတွင်း မြေယာ သိမ်းယူမှုများမှာ နိုင်ငံ၏အစွန်အဖျားရှိ တိုင်းရင်းသား အများစုနေထိုင်ရာ ပြည်နယ် ဒေသများတွင် အများ အားဖြင့် ဖြစ်ပေါ်ခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသော ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်တို့နှင့် ထိုင်းနိုင်ငံနှင့် နယ်မြေ ချင်း ထိစပ်နေသော ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် မြေယာ သိမ်းယူမှုများ အထူးသဖြင့် ဖြစ်ပွားခဲ့သည်။ စစ်တပ် သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ပွဲဆင်နွှဲရန် အတွက် ယင်းဒေသများတွင် အခိုင်အမာ တပ်စွဲထားရှိပြီး အခြားသော သောင်းကျန်းသူ အဖွဲ့အစည်းများနှင့် လည်း ပြိုကွဲလွယ်သည့် အနေအထား ရှိသော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများကို စွဲကိုင်ထားသည်။ သိမ်းဆည်းခံမြေယာအများစုမှာ စစ်စခန်းများနှင့် စစ်ချီလမ်းကြောင်း များ ဆောက်လုပ်ရေးအတွက် ဖြစ်သော်လည်း စစ်တပ်အဖွဲ့အစည်း ကိုယ်တိုင် သော်လည်းကောင်း၊ စစ်တပ်နှင့် အကျိုးတူပေါင်းစည်းသည့် ကုမ္ပဏီ များကသော်လည်းကောင်း၊ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန်အလို့ငှာ သိမ်း ဆည်းခံရသည့် မြေများလည်း ရှိသည်။ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်း တို့ တွင်လည်း ထင်ရှားသော မြေယာ သိမ်းယူမှုများ ဖြစ်ပေါ်ခဲ့ရပါသေးသည်။

ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရက ရုတ်ချည်းဖြစ်ပေါ်စေခဲ့သော စီးပွားရေး ပြန်လည်ရှင်သန်မှု မျှော်လင့်ချက်နှင့် အတူ မြေယာဈေးနှုန်းများ လည်း မြင့်တက် လာခဲ့သည် ဖြစ်၍ မြေယာသိမ်းယူမှုများသည် အထက်ဖော်ပြပါဒေသ များတွင်သာမက မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် အနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ် တို့တွင်လည်း ဆက်လက် ဖြစ်ပွားလာခဲ့ရသည်။ လက်ရှိဖြစ်ပွားနေသော မြေယာသိမ်းယူမှု များမှာ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်း အဖွဲ့အစည်းများ၊ အခြေခံစီးပွားရေး အဆောက်အအုံ စီမံကိန်းများ၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စသည်တို့ကို အကြောင်းပြု၍ လယ်သမားများကို လယ်ထဲမှ ထွက်ခွာရန် ဖိအားပေးနှင် ထုတ်နေခြင်းပင်ဖြစ်သည်။

အနောက်နိုင်ငံကြီးများနှင့် ဆက်ဆံရေးကောင်းများရရှိလာခြင်း၊ ပိတ်ဆို့ အရေးယူမှုများဖြေလျော့ပေးလာခြင်း စသည်တို့နှင့် အတူ ဖြစ်ပေါ်လာသည့် စီးပွားရေး၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဦးဆောင်သော စီးပွားရေး ရုတ်ချည်း ဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက် များကို မြင့်တက်စေ ခဲ့သည်။

နှေးကွေးလေးလံလျက် ရှိဆဲဖြစ်သော နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ များအနက်မှ တစ်ခုဖြစ်သည့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုထည့်ဝင် ကြရန် နိုင်ငံတော် အစိုးရက တွန်းအားပေးလျက်ရှိပြီး လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ၏ စီးပွားရေးအောင်မြင်မှု အလားအလာများကို အလေးပေးဖော်ပြကာ တစ်ချိန်က “အာရှ၏ ဆန်အိုးကြီး” ဖြစ်ခဲ့သော အနေအထားမျိုး ပြန်လည်ရောက်ရှိရေး တွန်းအားပေးဆောင်ရွက်လျက် ရှိသည်။

ဤအချက်က ပြည်ပလုပ်ငန်းဘက် ပါတနာများကို ဆွဲဆောင်ရန် မျှော်လင့်ချက်များဖြင့် ကျယ်ပြောသော မြေယာများကို တိုး၍ရှာဖွေရယူရန် အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီများကို အားပေးသကဲ့သို့ ဖြစ် ခဲ့ပြန်သည်။ ပြည်တွင်း လုပ်ငန်း အဖွဲ့ များက စစ်အစိုးရလက်ထက် ၁၉၉ဝ ခုနှစ်များအတွင်း အထူးအခွင့်အရေး များဖြင့် ယင်းတို့ ရယူထားသည့် အတိတ်က ပိုင်ဆိုင်မှုများအပေါ် သံသယဖြင့် ပြောကြားလာမှုများကို အာဏာပိုင်တို့က ပြန်လည် အတည်ပြုပေးရန် တောင်းခံမှုများ ရှိသလို မြေယာ အသစ်များ ရှာဖွေမှုလည်း ပြုလုပ်လာခဲ့ကြသည်။

၁၉၉ဝ ခုနှစ်များအတွင်းက မြေယာသိမ်းယူမှု အများအပြားမှာ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတော် က တံခါးဖွင့်ပေးခဲ့သော ယခင် ခေတ်ကာလ အတွင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ထိုစဉ်က ပြည်ပ လုပ်ငန်းရှင်တို့ စိတ်ဝင်စားမှုမရှိခဲ့ သဖြင့် သိမ်းဆည်းခံလယ်ယာမြေ အများအပြားမှာ စိုက်ပျိုးထွန်ယက်မှု မရှိဘဲ ကျန်ရစ်ခဲ့ပြီး များစွာသော ကုမ္ပဏီတို့က ပိုင်ရှင်ဟောင်းလယ် သမားများကို ယင်းတို့၏ မြေပေါ်တွင် စိုက်ပျိုးခွင့် ပြုခဲ့ကြခြင်းဖြစ်သည်။

ယခင် စစ်အစိုးရလက်ထက်တွင် ကောင်းစွာအောင်မြင်ခဲ့သော တပ်မတော်အရာရှိဟောင်းများ၊ တာဝန် ထမ်းဆောင်ဆဲ တပ်မတော် အရာရှိများနှင့် ဩဇာကြီးမားသော ပုဂ္ဂလိက လုပ်ငန်းရှင်တို့ အကြားမှ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ရှိသော ဆက်ဆံရေး တစ်ရပ်သည် ယခုလက်ရှိအစိုးရ လက်ထက်တွင်လည်း မပြောင်းမလဲ တည်ရှိမြဲ တည်ရှိနေဆဲဖြစ်သည်။ စင်စစ်အား ဖြင့် မူရင်းမိတ်ဖက် မဟာမိတ်တို့ သည် ပြည်ပရင်းနှီးမြှုပ်နှံသူတို့နှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ကာ အကျိုးအမြတ်များပြားလှသော မြေယာ လုပ်ငန်းများ လုပ်ကိုင်ရေး တွင် ရှေ့တန်း မှ ရောက်ရှိနေရာယူထားကြ ခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးလက်ထက်အတွင်း နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းများနှင့် ခရိုနီတို့၏ မြေယာ သိမ်းယူမှုများကို စိန်ခေါ် တိုင်ကြားခြင်းသည် အချည်း နှီးသာဖြစ်ကြောင်း လယ်သမား အများအပြားက နားလည်ခံယူထား ခဲ့ကြသည်။ ဆန္ဒဖော်ထုတ်ခြင်းများ သည် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရခြင်း၊ ဖိအားပေးမှုကြောင့် ပျောက်ကွယ် ရခြင်းများ စသည်တို့ အပြင် တိုင်းရင်းသားဒေသများတွင် ဆိုပါက အကျဉ်းရုံး ကွပ်မျက်ခြင်းမျိုးဖြင့်ပင် အဆုံးသတ် ရတတ်သည်မှာ အမှန်ပင်ဖြစ်သည်။

မြေယာသိမ်းယူမှုများပြားခြင်းက မြန်မာကျေးလက်ဒေသခံတို့ အကြားတွင် မြေယာလက်မဲ့ဖြစ်မှု များပြားလာခြင်း၊ နေရပ် စွန့်ခွာရွှေ့ပြောင်းမှု တိုးပွားလာခြင်း တို့ကိုပေါ်ပေါက်စေသည်။ ထိုအခြေအနေအပေါ် လူထုက မနှစ် သက်ခြင်းနှင့် ပြောင်းလဲရေး လုပ်ငန်းများက ဆောင်ကြဉ်းလာသော ပွင့်လင်းမှုနှင့် တွဲဖက် လိုက်သောအခါ အချို့သော လယ်သမားများနှင့် အခြားမြေယာ ပိုင်ရှင်များကို မြေယာသိမ်းယူမှုနှင့် ပတ်သက်၍ ဆန္ဒ ဖော်ထုတ်မှုများ ပြုလုပ် ရန် ဦးတည်စေခဲ့သည်။

အစိုးရပိုင် မြန်မာစီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်နှင့် Wanbao Co. Ltd တို့ ပူးပေါင်းဆောင်ရွက် သော ကြေးနီ သတ္တုတွင်း လုပ်ငန်းတိုးချဲ့ရန် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ရွာသုံးရွာကို ဖိအားပေးဖယ်ရှား စေခြင်းနှင့် စပ်လျဉ်းသော ဆန္ဒဖော်ထုတ်မှုတစ်ရပ်မှာ လူထုအကြား ထင် ရှားစွာပေါ်ထွက်ခဲ့သည်။ အဆိုပါဆန္ဒ ပြမှုကို မီးလောင်ဗုံး လက်နက်သုံးစွဲ၍ ကြမ်းတမ်းစွာ ဖြိုခွဲနှိမ်နင်းခဲ့သဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ဒေါသ အမျက်ထွက် ခဲ့ကြရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၌လည်း မြေဧက ၄ဝ ကို ဥပဒေနှင့် အညီမဟုတ်ဘဲ သိမ်းယူမှုကြောင့်၊ လေကြောင်း ကာကွယ်ရေးအဖွဲ့နှင့် High Tech ကွန်ကရစ် ကုမ္ပဏီတို့ကို တရားစွဲဆိုမှု ဖြစ်ပေါ်ခဲ့သည်။ High Tech ကွန်ကရစ်ကုမ္ပဏီသည် ခရိုနီ လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးအိုက်ထွန်း၏ ကုမ္ပဏီဖြစ်သည်။ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်အတွင်း ဆန္ဒပြပွဲတစ်ရပ်ကို ရဲအဖွဲ့က ဖြိုခွင်းရန် ကြိုးစား ရာတွင် ဆန္ဒပြရွာသားများနှင့် ရဲအဖွဲ့ဝင်တို့ ထိပ်တိုက် ဆုံတွေ့ခဲ့ကြရပြီး ရဲအဖွဲ့ဝင်တစ်ဦး သေဆုံးကာ အခြား ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသား အများအပြား ဒဏ်ရာရရှိခဲ့သည်။ လယ်သမားတို့က ၁၉၉၆ ခုနှစ် အတွင်း ယင်းတို့၏ လယ်မြေများကို စစ်တပ်က သိမ်းယူကာ ၂ဝဝ၄ ခုနှစ်တွင် လုပ်ငန်းရှင်တစ်ဦးသို့ ရောင်းချခဲ့သဖြင့် ဆန္ဒပြကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သည် မြေပေါ်မြေအောက် သယံဇာတ အားလုံးနှင့် မြေတို့ကို ပိုင်ဆိုင်သည်။ မြေပိုင်ခွင့် ချထားပေးရာ ၌ အငှားချထားခွင့်၊ လယ်ယာလုပ်ကိုင်ခွင့် စသည့် ပုံစံများဖြင့်သာ ချထားပေးသည်။ ထိုမြေပိုင်ခွင့်တို့ကို ဗဟိုအစိုးရက ခန့်အပ်သော ဒေသခံအစိုးရ အဖွဲ့အစည်း များက ခွင့်ပြုထားပေးသည်။

၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက် တွင် မြေယာဥပဒေသစ်နှစ်ခုကို အတည်ပြုပေးခဲ့သည်။ လယ်ယာမြေ ဥပဒေနှင့် မြေလွတ်၊ မြေရိုင်း၊ ဖုန်းဆိုး မြေစီမံခန့်ခွဲမှု ဥပဒေတို့ဖြစ်သည်။ အဆိုပါဥပဒေနှစ်ရပ်သည် မြေယာပိုင် ဆိုင်မှုကို အခြေခံဥပဒေအရ ရှင်းလင်း ဖော်ပြရန်နှင့် မြေပိုင်သူများကို အကာ အကွယ်ပေးရန် ရည်ရွယ်သည်။ ထို ဥပဒေ တို့က တစ်ဦးချင်းမြေယာပိုင် ဆိုင်ခွင့်ကို အာမခံသည်ဖြစ်သော်လည်း လက်ရှိကာလတွင် လုပ်ငန်းကြီး များက ယင်းဥပဒေတို့၏ အကျိုးကိုခံစား ရသည်။

ထိုဥပဒေများက မြေယာ မှတ်ပုံတင်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်းတို့တွင် လုပ်ဆောင်ချက်မှန်ကန်ခြင်းမရှိသော ပွင့်လင်း မြင်သာမှု မရှိသည့် စနစ်တစ် ရပ်ကို မွေးဖွားခဲ့သည်။ ထိုစနစ်က ဒေသခံတို့ ပါဝင်ဆောင်ရွက်ခြင်း မရှိဘဲ အထက်မှ ချပေးသော ဆုံးဖြတ်ချက် ချမှတ်ခြင်းလုပ်ငန်းစဉ်ကို ပိုမိုအား ကောင်းစေခဲ့သည်။ မြေယာ ပိုင်ဆိုင်မှု ကာကွယ်ရေးအတွက် လုံလောက်သော ဥပဒေနှင့်တရားရေးဆိုင်ရာ အရင်း အမြစ်တို့မရှိခြင်းက လက်ရှိ အနေအထားကို ပိုမို နာကျည်းစေ ရန်နှိုးဆွ ပေးခဲ့သည်။ မြေယာပိုင်ဆိုင်ခွင့် ချိုးဖောက်မှုတို့ကို အကာ အကွယ်ပေး ရမည့်အစား ထိုဥပဒေများ သည် မြေယာသိမ်းယူမှုများကို ပိုမိုထိရောက်စွာ ပံ့ပိုးပေးခဲ့ရုံ မက ဥပဒေကို လိုသလို ကိုင်တွယ် အသုံးချမှု များဖြစ်ပေါ်စေခဲ့သည်။

လယ်မြေပိုင်ဆိုင်မှုနှင့် ရောင်းချပိုင်ခွင့် တို့အတွက် အသိအမှတ်ပြု စာရွက်စာတမ်းများထုတ်ပေးသော်လည်း လယ်ယာမြေဥပဒေအရ လယ်မြေ ပိုင်ဆိုင်မည့် သူများသည် ဒေသခံ လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီတွင် မှတ်ပုံတင်ရမည် ဖြစ်သည်။ ထိုကော်မတီများကို အစိုးရက တိုက်ရိုက်ခန့်အပ်ကာ လယ်သမားများ ဘက်က ပါဝင်ခွင့် မရှိခြင်းဖြင့်အကျင့်ပျက် ခြစားမှုများကိုသာမက အစိုးရနှင့် စစ် တပ်အရာရှိတို့၏ စီးပွားရေးအကျိုး စီးပွားနှင့် စပ်ဆိုင်သော ဩဇာလွှမ်းမိုးမှု များအတွက် လမ်းဖွင့်ပေးသကဲ့သို့ ရှိခဲ့သည်။ ထိုကော်မတီများဖွဲ့စည်း ပုံနှင့် စစ်အုပ်ချုပ်ရေးကာလအတွင်း လွှဲမှားသော စီမံခန့်ခွဲမှုများအောက် တွင် နှစ်ပေါင်း များစွာနေထိုင်ခဲ့ရခြင်း ကြောင့် ဗျူရိုကရေစီ ယန္တရားအပေါ် အယုံအကြည် မဲ့ခြင်းတို့က လယ်သမား အများအပြားကို ထိုကော်မတီ များတွင် မှတ်ပုံတင်ရန် အားမပေးခဲ့ပေ။

ထိုကော်မတီတို့၏ ဆုံးဖြတ်ချက်များကို အယူခံဝင်လိုသော လယ်သမားတို့သည် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီများ၏ စနစ်အတိုင်း ဒေသဆိုင်ရာ အဆင့်ဆင့် များမှသည် နိုင်ငံတော်အဆင့်အထိ အယူခံဝင်ကြ ရမည်ဖြစ်သည်။ အစိုးရက ခန့်အပ်ထားသော အဆိုပါ အလားတူကော်မတီ အဆင့်ဆင့်တို့သည် ဒဏ်ငွေ ရိုက်ခြင်း၊ နှင်ထုတ်ခြင်း၊ ရာဇဝတ် ပြစ်ဒဏ်ချမှတ်ခြင်း စသည်တို့ကို ဆောင်ရွက် နိုင်ခွင့်ရှိသည့် လယ်သမား အနည်းငယ် ကသာ အံတုဝံ့သော အစိုးရယန္တရား ကို အာဏာအပ်နှင်းခြင်းလည်းဖြစ် သည်။ သန်းနှင့်ချီသော အရေအတွက် ရှိသည့် လယ်ယာလုပ်ငန်းများ၊ သူရင်းငှားများ၊ သီးစားများ၊ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်သူ များနှင့် လယ်ယာသုံး တိရစ္ဆာန်မွေးမြူသူများ၏ ဓလေ့ထုံးစံအရ ရပိုင်ခွင့်များကို လက်ရှိဥပဒေအခြေခံမှုတွင် အသိအမှတ်ပြု ဖော်ပြခြင်း မရှိပေ။ ဥပဒေအရ လယ်မြေ တွင် နေထိုင်ခွင့်မရှိသော အသေးစား မြေပိုင်ရှင်များ သည် အချီကြီး အပွကြံသူများနှင့် စိုက်ပျိုးရေး လုပ်ငန်းကြီးတို့၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် မစွမ်းသာခဲ့ပေ။

Ref: Land Grabbing as big business in Myanmar by Brian Mc Cartan Asia Times online March 8, 2013

ဝ၃၉

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*