သတင်းဆောင်းပါး — မတ် ၂ဝ၊ ၂ဝ၁၃

 

ပစ္စုပ္ပန်၏ စိန်ခေါ်မှုများ

မြေလွတ်၊ မြေရိုင်းနှင့် ဖုန်းဆိုး မြေစီမံခန့်ခွဲမှုဥပဒေသည် သမ္မတက ခန့်အပ်သော ဗဟိုကော်မတီကို များပြား လှသည့် ချင့်ချိန် ဆောင်ရွက်နိုင်ခွင့် အာဏာ အပ်နှင်းထားသည်။ ကော်မတီသည် မြေလွတ်များကို သုံးစွဲ ခွင့်ချထားပေးခြင်း၊ အခွန်အထုတ် သတ်မှတ်ခြင်း၊ စောင့်ရှောက်ခ တောင်းခံခြင်းနှင့် ဥပဒေနှင့်အညီ အသုံးပြုခြင်း ဟုတ်၊ မဟုတ် စောင့် ကြပ် ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

ထို့အပြင် မြေနေရာတစ်ခုကို အသုံးပြုခြင်းမရှိသော မြေဟုတ်၊ မဟုတ်လည်း ဆုံးဖြတ်နိုင်ခွင့်ရှိသည်။ ဤအချက် မှာ တောင်ကုန်းဒေသများ ၌ ရွှေ့ပြောင်း တောင်ယာ လုပ်ကိုင်သူတို့ စိုးရိမ်စရာအချက်ဖြစ်သည်။ ရိုးရာဓလေ့အရ လုပ်ကိုင်သောရွှေ့ပြောင်း တောင်ယာစနစ်တွင် သီးနှံများကို ယာမြေအချို့၌ အလှည့်ကျ စိုက်ပျိုး လေ့ ရှိကြသည်။ ရိတ်သိမ်းပြီးသော ယာမြေတွင် မြေဆီပြန်တက်စေရန် ရည်ရွက်ချက်ဖြင့် ကာလ အတိုင်းအတာ တစ်ရပ်အထိ ဖုန်းဆိုးမြေအဖြစ် ပစ်ထားရစ်လေ့ ရှိသည်။ ပုဂ္ဂလိက ကုမ္ပဏီများသို့ပေးအပ်ရန် သိမ်းဆည်း ခဲ့သော လယ်ယာမြေ အများစုမှာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖုန်းဆိုးမြေ၊ မြေလွတ်၊ မြေရိုင်း အဖြစ် သတ်မှတ်ပေးခဲ့သော ပိုင်ရှင် မှတ်ပုံတင်ထားခြင်း မရှိသည့် လယ်ယာမြေများ ဖြစ်သည်။

လက်ရှိဥပဒေ၏ အခြေခံမူအရ တရားရုံးများမှာ အဓိပ္ပာယ်ရှိသော ခိုကိုးရာဖြစ်မလာခဲ့ပေ။ တရားစီရင်ရေး စနစ်ကို လိုသလို ကိုင်တွယ် ဆောင်ရွက်မှုများ အများအပြား ပေါ်ပေါက် လာသည်။ မြန်မာ့တရားစီရင်ရေးစနစ် သည် စစ်တပ်၏ အမိန့်ပေးအုပ်ချုပ် မှုစနစ်အတွင်းသို့ စုစည်းရောက်ရှိခဲ့ သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့် ခဲ့ပြီဖြစ်သဖြင့် ပြည်သူလူထု၏ စိတ် တွင် အကျဉ်းရုံးစီရင်ခြင်းနှင့် တရား မျှတမှုမရှိသော တရားရုံးများအဖြစ် စွဲမြင် ထင်မှတ်နေကြဆဲရှိသေးသည်။

ထိုသို့သော တရားစီရင်ရေးစနစ်သည် နိုင်ငံတော် စီးပွားရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီတို့အပေါ် တွင်မူ ဩဇာအာဏာလွှမ်းမိုးနိုင်ခြင်း မရှိပေ။ အာဏာပိုင်တို့သည် အသေးစားမြေယာ ပိုင်ရှင်များနှင့် ပိုင်နက် ကျူးလွန်သော စစ်တပ်ပိုင် ကုမ္ပဏီများနှင့် ယင်းတို့၏ အပေါင်းပါကုမ္ပဏီများ အကြား ဖြစ်ပွားသော မြေအငြင်းပွားမှု များတွင် အသေးစား လယ်ယာမြေ ပိုင်ရှင်တို့၏ ရပိုင်ခွင့်ကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ရေး အတွက် ဝင်ရောက် စွက်ဖက်ဆောင်ရွက်ရန် အရိပ်အယောင်မျှပင် မပြခဲ့ပေ။

ဥပဒေအရ လယ်ယာမြေရောင်း ချပိုင်ခွင့်ရရှိခြင်းကလည်း အြွေကး တောင်လိုပုံနေသော လယ်သမားများ ကို ရေတို အကျိုးအမြတ် အတွက် လယ်မြေ ရောင်းချရန် အခွင့်ပြုသကဲ့သို့ဖြစ်ကာ လုပ်ငန်းရှင်ကြီးများ၏ ကုပ်သွေး စုပ်ယူမှုကို ခံယူရန် လမ်းဖွင့်ပေးခဲ့လေသည်။

ထိန်းမနိုင် သိမ်းမရ ဖြစ်ပွားနေ သော မြေယာသိမ်းယူမှုများက သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု များနှင့် နိုင်ငံ၏ စီးပွားရေး ယေဘုယျ အလားအလာ တို့ကိုပါ ဘေးသင့်စေမည့်အလားအလာများ ဖြစ်ပေါ်စေ သည်။ လက်ရှိပွင့်လင်း မြင်သာမှုမရှိသော ပြည်သူတို့ကို ကိုယ်တိုင်ပါဝင်ခြင်းမရှိသော မြေယာ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် စီမံကိန်း ရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်များသည် ပြည်သူလူထု၏ အမြင်၌ “လယ်ယာမြေ အလွှဲအပြောင်းများကို တရားဥပဒေစိုးမိုးမှု ပြင်ပ၌ ဆောင်ရွက်နေကြသည်” ဆိုသော အမြင်ကို ဆက်လက် ဖြစ်ပေါ်စေ ခဲ့သည်။

ဤအချက်က သမ္မတ ဦးသိန်းစိန်၏ ဒီမိုကရေစီ အစိုးရဟု ထင်မြင်ရ သောအစိုးရအဖွဲ့နှင့် အလုံးစုံပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အပေါ်တွင်ပါ ဒေသခံတို့၏ ယုံကြည်မှုကို လျော့ပါးစေသည်။ ထိုအခြေအနေကို လယ်သမားတို့ အပေါ် တန်ဖိုးထား လေးစားခြင်း မရှိဘဲ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း စသည်တို့ဖြင့် ဆက် ဆံသည့် မပျောက်ပျက်နိုင်သေးသည့် ဗျူရိုကရေစီယန္တရား၏ သဘောထား တစ်ရပ်ဖြင့် ပေါင်းစပ်ဖွဲ့စည်းလိုက် သည်။ ဤနည်းအားဖြင့် မြေမဲ့ယာမဲ့များ တိုးပွားများပြားလာပြီး များစွာသော လယ်သမားတို့ကို မြို့သို့တက်ရန် တွန်းအားပေး လာခဲ့ကာ မြို့ပြ အောက်ခြေ လူတန်းစား အသစ်တစ်ရပ်ကို ဖန်တီးပေးလာသည်။ ဤသည်မှာ မတည်ငြိမ်မှု အလားအလာ၏ အရင်းအမြစ်ပင် ဖြစ်သည်။

အသေးစား မြေပိုင်ရှင်များ၏ တိုး ပွားလာနေသော မကျေနပ်မှုများ၊ နေရာရွှေ့ပြောင်းပေးခဲ့ရသော စိုက်ပျိုးရေး လုပ်ကိုင်သူများ၊ မြေမဲ့ယာမဲ့ကျေးလက် လယ်ယာ လုပ်သားများသည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် စွမ်းအား ကြီးသော မဲဆန္ဒရှင် အစုတစ်ရပ်ဖြစ်လာပေမည်။ လူဦးရေ သန်း ခြောက်ဆယ်မျှရှိသော မြန်မာနိုင်ငံ၏ ၇ဝ ရာခိုင်နှုန်း မျှသော ပြည်သူတို့ သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ယင်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ မြေမဲ့ယာမဲ့ လုပ်သားများ ဖြစ်ကြသည်။ ထိရောက်သော မြေယာစနစ် ပြောင်းလဲရေး ကတိကဝတ်များက လာမည့် ရွေးကောက်ပွဲတွင် အလုံးအရင်းနှင့် ထောက်ခံမှုကို ပေးနိုင်မည့် အလားအလာ ရှိပေသည်။

ကျေးလက်ဆန္ဒမဲတို့၏ အရေးပါပုံကို အသိအမှတ်ပြုထားဟန်ရှိ သော နေပြည်တော် အခြေစိုက်ပါလီမန် အမတ် များက လယ်သမားတို့၏ ခက်ခဲဝမ်းနည်းဖွယ် အခြေအနေအပေါ် ပို၍အာရုံစိုက်လာခဲ့ကြသည်။ ယခင် စစ်အစိုးရ အုပ်ချုပ်သူဟောင်းများ ပါဝင်သော အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ကပါ ထိုအကြောင်းအရာများကို ပါတီမန်တွင် စတင် ပြောကြား လာကြ သည်။

၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လအတွင်း တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဝင်များပါဝင်သော ပါလီမန် က နိုင်ငံတစ်ဝန်းရှိ မြေယာအငြင်း ပွားမှုများကို စုံစမ်းစစ်ဆေးရေးကော် မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် အစိုးရ အဖွဲ့၏ အာဏာကို ကျော်လွန် ကာ ထုံးစံမဟုတ်သော ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့သည်။ ပါလီမန်က ဖွဲ့စည်းပေးသော စုံစမ်းရေး ကော်မတီသည် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ မြန်မာနိုင်ငံ တစ်လွှားရှိ ကျေးလက် ဒေသများသို့ သွားရောက်ကာ မြေသိမ်းဆည်းမှုများကို စုံစမ်းစစ်ဆေးခဲ့သည်။ အထူးသဖြင့် ရခိုင် ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး တောင်ပိုင်း ဒေသများသို့ ကွင်းဆင်းစစ် ဆေးလေ့လာခဲ့ကြသည်။ ကော်မတီ ဝင်များသည် များပြားလှသော မြေယာ သိမ်းဆည်းမှု တိုင်ကြားစာများ ကို လက်ခံရရှိခဲ့သည်။ အစိုးရအရာ ရှိကြီးများနှင့် သမ္မတအကြံပေးအရာရှိ များသည် ပြည်တွင်းပြည်ပရှိ မြေကိစ္စ ကျွမ်းကျင်သူများထံမှ အကြံဥာဏ်များ တောင်းခံခဲ့ကြသည်။

မြေယာ ပိုင်ဆိုင်ခွင့် ကိစ္စရပ်များ ဆောင်ရွက်သော နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Displacement Solutions ၏ မကြာမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်ရပ်၌ အဖွဲ့အစည်း အဆင့်ဆင့် ဖြစ်ကြသော အစိုးရ၊ နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ နှင့် အလှူရှင်နိုင်ငံများအားလုံး တို့က တိကျပြတ်သားသော အသိ အမှတ်ပြုမှုတစ်ရပ် ချမှတ်ခဲ့ကြ ကြောင်း၊ ထိုအသိအမှတ် ပြုမှုမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အတွင်း ဖော်ထုတ်ခဲ့သော မြေယာပိုင်ခွင့် ကိစ္စရပ်များသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကံကြမ္မာ တို့ကို အဆုံးအဖြတ်ပေးမည့်အက္ခရာ ကျသော အချက်ပင် ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

အနည်းဆုံး အားဖြင့် ခရိုနီလုပ်ငန်းရှင်တို့ ပိုင်ဆိုင်သော လုပ်ငန်း အမြောက်အမြား ပါဝင်သည့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက လုပ်ငန်း အချို့က မြေယာ သိမ်းယူမှု များကြောင့် ဖြစ်ပွားခဲ့သော နစ်နာဆုံးရှုံးမှုများကို လျော့ပါး သွားစေရန် အပြုသဘောဆောင်သော ခြေလှမ်းများလှမ်းလာခဲ့ကြပြီဖြစ်သည်။ ဥပဒေများက လုပ်ငန်းရှင်ကြီး များ ဘက်သို့ မျက်နှာသာပေးနေဆဲဖြစ် သော်လည်း လေ့လာဆန်းစစ်သူအချို့ က ပွင့်လင်းသစ်လွင်သော နိုင်ငံရေး၊ လူမှုရေး၊ ရာသီဥတုတွင် နှမြောတွန့် တိုသော အသိအမှတ်ပြုခြင်းတစ်ရပ် ကို အချက်ပြလိုက်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြပြီး အပြုသဘောဆောင် သော လူမှုပုံရိပ်ကို အရှည်တည်တံ့စေရန် ထိန်းသိမ်း ထားရေးမှာ အရေးပါလှကြောင်း ပြော ကြားခဲ့ကြသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့်စပ်လျဉ်း၍ မှတ်တမ်းကောင်းများ နည်းပါးလှသည့်နိုင်ငံတွင် အချို့သော လုပ်ငန်းရှင်ကြီးများကလည်း မြေယာ သိမ်းယူခြင်း ကဲ့သို့သော ချိုးဖောက်မှု မျိုးဖြင့် ပါဝင်ပတ်သက်လျက်ရှိကြ သည်ဖြစ်ရာ များစွာသော ပြည်ပရင်း နှီးမြှုပ်နှံသူတို့က အဆိုပါကိုယ်ကျင့် တရားပျက်ယွင်းသော အလေ့အထ များရှိသည့် မြန်မာလုပ်ငန်းရှင်များနှင့် တွဲဖက်ကာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရေးကို သတိကြီးစွာထားနေ ကြပေသည်။ မြင့်တက်လာနေသော အစိုးရနှင့် ပါလီမန်အဖွဲ့အစည်းတို့၏ အာရုံ ထားမှုကလည်း မြေယာ စီမံကိန်းများ ဆောင်ရွက်ကြမည့် ဒေသတွင်းနှင့် ပြည်ပ ကုမ္ပဏီတို့အပေါ် စိစစ်ဆောင် ရွက်မှုများ ပိုမိုပြုလုပ် လာကြမည် ဖြစ်သည်။ သတင်းမီဒီယာတို့၏ အာရုံစူးစိုက်မှု ကလည်း ၂ဝ၁၅ ခု ရွေးကောက်ပွဲအထိ အဆိုပါ မြေယာကိစ္စရပ် များကို အလေးပေး ဖော်ပြကြမည် ဖြစ်သည်။

အချို့သောကုမ္ပဏီများက မြေ ယာပိုင်ဆိုင်မှုနှင့် လျော်ကြေးပေးဆပ်ခြင်း တို့တွင် ယင်းတို့၏ ပုံရိပ်ကို ပြန်လည် ကောင်းမွန် လာစေရန် ဆောင်ရွက် လာခဲ့ကြပြီဖြစ်သည်။ ကုမ္ပဏီ အများအပြားက သိမ်းဆည်းခဲ့သော မြေများ ကို ပြန်လည်ပေးအပ်ခြင်း၊ မူလမြေပိုင်ရှင်များနှင့် ပူးတွဲဆောင်ရွက် မှု အစီအစဉ်များ ချမှတ်ခြင်းတို့ကို စတင် ဆောင်ရွက် နေကြပြီဖြစ်သည်။ ပါလီမန်အမတ်တစ်ဦးသည် ၂ဝဝ၉ ခုနှစ်အတွင်းက သိမ်းယူခဲ့သော ရှမ်းပြည်နယ် မှ လယ်မြေဧက ၅ဝဝ ကျော်အတွက် မူလပိုင်ရှင်များထံ လျော်ကြေးငွေပေးအပ်ရန် စစ်တပ်ကို ဇွန်လ အတွင်းက စည်းရုံးပြောကြား နိုင်ခဲ့သည်။ အဆိုပါဖိအားပေးမှု၏ အကျိုးသက်ရောက်မှုကြောင့် ဧရာ ရွှေဝါကုမ္ပဏီကလည်း ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသမှ သိမ်းယူခဲ့သော လယ်မြေဧကလေးသောင်းကို မူလ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ သည်။

စစ်တပ်နှင့် အဆက်အနွယ် ရှိသော လုပ်ငန်းရှင်ကြီး ဦးဇော်ဇော် ပိုင်ဆိုင်သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး လုပ်ငန်းစုကြီး တစ်ခုဖြစ်သော Max Myanmar ကလည်း ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသအတွင်း သိမ်းယူခဲ့ သော လယ်မြေ ၁ဝ၆ ဧကအတွက် မူလပိုင်ရှင် ၁၃ ဦးထံ လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၈၃၈ဝဝဝ ကို ဒီဇင်ဘာလ အတွင်းက ပေးအပ်ခဲ့ သည်။ Max Myanmar သည် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သီးစားမြေ များအား Max Myanmar နှင့် အခြားကုမ္ပဏီ ၁၅ ခုတို့က သိမ်း ယူခြင်း ခံခဲ့ရသော မူလပိုင်ရှင်များကို အထောက်အပံ့ ပေးရန် အစီအစဉ် တစ်ရပ်လည်း ရေးဆွဲလျက် ရှိသည်။ ဦးဇော်ဇော်သည် လူ့အခွင့်အရေး ချိုး ဖောက်မှုများ ရှိခဲ့သော ယခင် စစ်အစိုးရနှင့် ပတ်သက်မှုကြောင့် အမေရိကန် အစိုးရက ပြဋ္ဌာန်းထားသော ပိတ်ဆို့ အရေးယူမှု စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်။

မြေယာ အခွင့်အရေးများကို ပိုမို အာမခံချက်ပေးခြင်းအားဖြင့် ဦးသိန်း စိန်အစိုးရသည် မြန်မာ့ကျေးလက် ဒေသ များကို တရားမျှတ၍ ဒီမိုကရေ စီကျသော လမ်းကြောင်းပေါ်သို့ ပို့ ဆောင်နိုင်မည်ဖြစ်သည်။ စစ်မှန်သော မြေယာပြုပြင်ပြောင်းလဲမှု များက ကျေးလက်ဒေသ မတည်ငြိမ်မှုများနှင့် မြေယာ သိမ်းယူခံရခြင်းကြောင့် မြို့သို့ တက်ကာ မြို့ပြ မတည်ငြိမ်မှု အလားအလာများ ဖြစ်ပေါ်စေမည့် အရင်းအမြစ်များကို ရှောင်လွှဲနိုင်ရန် ကူညီ နိုင်ပေလိမ့်မည်။ အဆိုပါအခွင့်အလမ်း ကို ဦးသိန်းစိန်၏ အစိုးရက အမိအရ ဆုပ်ကိုင်နိုင်မှု ရှိခြင်း၊ မရှိခြင်းက ၂ဝ၁၅ ခု ရွေးကောက်ပွဲများတွင် အတိုက်အခံ အန်အယ်လ်ဒီပါတီနှင့် ယှဉ်ပြိုင်မည့် သူ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ကံကြမ္မာကို အဆုံးအဖြတ် ပြုမည့် အချက် တစ်ခုပင် ဖြစ်တော့သည်။

Ref: Land Grabbing as big business in Myanmar by Brian Mc Cartan Asia Times online

March 8,2013

ဝ၃၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *


*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>