အနုပညာသတင်း ခေါင်းကြီးသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၃

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)တွင် မကြာသေးမီက ဖြစ်ပေါ် ခဲ့သည့် တေးရေးဆရာများ၏ အနုပညာ သုခုမကြေး ကျပ်သိန်းပေါင်း ငါးရာခန့်အား ဂီတအစည်းအရုံး တွဲဖက်အတွင်းရေးမှူး ဦးမျိုးတင့် (မျိုးနွယ်ဆွေ)မှ ကိုယ်ကျိုးအဖြစ် သုံးစွဲခဲ့ကြောင်း မြန်မာနိုင်ငံဂီတ အစည်းအရုံး ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က သတင်း ထုတ်ပြန်ခဲ့ ပါသည်။ ယင်းလုပ်ဆောင်ချက်အပေါ် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင် ရွက်ရန် ပြင်ဆင်လျက် ရှိကြောင်း လည်း သိရသည်။ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် အဖွဲ့ဝင် ၂၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ တွင် ဗဟို အလုပ်အမှုဆောင် သက်တမ်း လေးကြိမ် ရှိခဲ့ပြီဖြစ်သည်။ အမှုဆောင်များ အဆင့်ဆင့်တွင် ဂီတ လောကသားများအတွင်း ဖြစ်ပေါ်လေ့ ရှိသော တေးစီးရီး ခိုးကူးကိစ္စ၊ မူပိုင်ခွင့်ကိစ္စ၊ ဂီတအနုပညာရှင်များ နှင့် ပတ်သက်သည့် ဖြစ်ပေါ်လာသော ပြဿနာ များကို ဖြေရှင်းပေးလျက် ရှိသော လူမှုရေး အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ သက်တမ်းအဆင့်ဆင့်တွင် ပြဿနာအချို့ ရှိခဲ့သော်လည်း ယခု ဖြစ်ပေါ်ခဲ့သည့် ငွေကြေးအလွဲသုံးစား မှုသည် ဂီတလောကသား များအတွင်း စိုးရိမ်စရာ ပြဿနာကြီး တစ်ခုဖြစ် နေကြောင်း ဂီတအစည်းအရုံးဝင် အနုပညာရှင်များက သုံးသပ်ပြော ကြားသည်။

မြန်မာနိုင်ငံတွင် တစ်ချိန်က ဂီတလောကသားများနှင့် ပတ်သက်သည့် အခွင့်အရေးများ၊ နစ်နာဆုံးရှုံးမှု များကို တာဝန်ယူ ဖြေရှင်းပေးမည့် အဖွဲ့အစည်းများ မရှိသလောက် အားနည်းနေခဲ့ပြီး ဂီတလောကသားများ အတွက် သတ်သတ် မှတ်မှတ် ထားရှိသည့် အဆောက်အဦရုံးခန်း ဟူ၍ မရှိခဲ့သည့်အပြင် ထိရောက်သည့် လုပ်ငန်းစဉ် များကို ခေတ်နှင့် အညီ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ၁၉၈၈ ခုနောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြား ရေးအဖွဲ့ တာဝန်ယူခဲ့ပြီးနောက် ဂီတအနုပညာရှင် အချို့မှ ဂီတလောက သားများအတွင်း လိုအပ်သည့် အဆောက်အဦ အား နိုင်ငံတော်မှ ဆောက်လုပ် ခွင့်ပြုပေးရန် တောင်းခံခဲ့ ခြင်းကြောင့် ယခုလို သမိုင်းဝင်ဂီတ အစည်းအရုံး အဆောက်အဦကြီးနှစ်ခု ကို မြန်မာနိုင်ငံ ဂီတလောကတွင် ပထမဆုံး ဆောက်လုပ်ခွင့်ရရှိခဲ့ကြပြီး ဂီတလောက သားများအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဂီတအနု ပညာရှင်အချို့က စေတနာဝန်ထမ်း အဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဥက္ကဋ္ဌဟောင်း တစ်ဦး ဖြစ်သူ အကော်ဒီယံ အုန်းကျော်၏ ပြောကြားချက် အရ သိရသည်။

အကော်ဒီယံ အုန်းကျော်

အကော်ဒီယံ အုန်းကျော်

အမှုဆောင်သက်တမ်း နှစ်ဆက် (၁၉၉၁ မှ ၂ဝဝ၅)အတွင်း ဥက္ကဋ္ဌ တာဝန်ယူလုပ်ဆောင်ခဲ့သည့် တေးသံရှင် အကော်ဒီယံ အုန်းကျော်က ယင်း တာဝန်ယူချိန်တွင် ဂီတအစည်းအရုံး၏ လုပ်ဆောင်ချက် ငွေကြေးသုံးစွဲ သည့်စနစ်၊ အမှုဆောင်များ၏ ခံယူချက်များကို ပြောကြားရာတွင် “ကျွန်တော်တို့ ဂီတအစည်းအရုံး အဆောက် အဦကြီးကို အဲဒီအချိန်က နိုင်ငံတော်မှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်ကြီးတွေက ဂီတလောကသား တွေအတွက် ပေးခဲ့တာပါ။ ဂီတ လောကသားတွေကလည်း သူတို့ကို အရိုးခံအတိုင်း ကူညီခဲ့ကြတာ ရှိတဲ့အတွက် ပေးခဲ့တာပါ။ ကျွန်တော်တို့က ဒီအဆောက်အဦကြီးကို ပိုက်ဆံ တစ်ပြားမှမရှိဘဲ ဂီတလောကသား တွေရဲ့ ကြိုးစားမှုတွေနဲ့ ဆောက်လုပ်ခဲ့တယ်။ နိုင်ငံတော်မှာ ရှိတဲ့ ဝန်ကြီးဌာနတွေ ကလည်း ကူညီမှုတွေ ပေးပါတယ်။ အလုပ် အမှုဆောင်အဖွဲ့ကို လည်း ဆန္ဒမဲစနစ်နဲ့ စနစ်တကျ ဖွဲ့စည်းခဲ့တယ်။ အဲဒီလိုဖွဲ့စည်းတဲ့ အချိန်မှာ အရင်တုန်းကတော့ ကျွန်တော်တို့ကို ငွေလှူဒါန်းတာလည်း မရှိဘူး။ ကျွန်တော်တို့ အလုပ် အမှုဆောင် အဖွဲ့ဝင်တွေက ကိုယ့်အိတ်ထဲက စိုက်ထုတ်ပြီးတော့ မတည်ငွေအဖြစ် ထားရှိပြီး အဖွဲ့ရဲ့ လုပ်ငန်း တွေကို စတင်လုပ်ခဲ့ကြတယ်။ မတည်တယ်ဆိုတာက ကျွန်တော်၊ ကိုခင်မောင်ထူး၊ ကိုအမိုင်း၊ ကံကော်တော မျိုးအောင် စတဲ့အဖွဲ့ထဲက လူတွေက တစ်ယောက်ကို လေးငါးထောင်စီ စိုက်ထုတ်ပြီးတော့ လုပ်ခဲ့ကြတာ၊ အစည်းအရုံးက ဖွဲ့သာ ဖွဲ့လိုက်တာ၊ ရန်ပုံငွေက မရှိသေးဘူး။ ရုံးခန်း မရှိသေးဘူး။ ရုံးလုပ်ငန်း လုပ်ဖို့လည်း ဝန်ထမ်း မရှိသေးဘူး။ နောက်တော့ ရုံးခန်းကို ကျွန်တော့်အိမ်မှာ ယာယီ ဖွင့်လိုက်တယ်။ ရုံးလုပ်ငန်းတွေ လုပ်ဖို့အတွက် သန်လျင် စိုးသိမ်းကို တစ်လ ၅ဝဝ ကျပ်နဲ့ ရုံးဝန်ထမ်းခန့် လိုက်တယ်။ အဲဒီဝန်ထမ်းလခကို လည်း ကျွန်တော်တို့ အလုပ်အမှု ဆောင်အဖွဲ့တွေကပဲ စိုက်ထုတ်ပေး ခဲ့တယ်။ နောက်တော့ အစည်းအရုံး ဝင်တွေ စပြီးတော့ ဖိတ်ခေါ် လိုက်တယ်။ အစည်းရုံးဝင်တွေ တော်တော် များများရောက်လာကြတယ်ဗျ။ကျွန်တော်တို့ ဂီတ အစည်းအရုံးကြီး ဆောက်လုပ်ဖို့ အတွက်လည်း ငွေရှာရတယ်။ အဲဒီမှာ စတိတ်ရှိုးတွေ စီစဉ်ရတယ်။ နိုင်ငံတော် ကလည်း ဂီတ အစည်းအရုံးအဆောက်အဦဆောက် လုပ်ဖို့အတွက်ဆိုတော့ အခွန်လည်း ကင်းလွတ်ခွင့် ပေးတယ်။ အဲဒီ ရန်ပုံငွေ ရှာတဲ့ပွဲတွေ၊ ကရတဲ့ငွေတွေ၊ အသင်းဝင်ကြေးတွေအားလုံးကို ကျွန်တော်တို့ လက်ထဲမှာ မထားဘူး။ ဘဏ်ကို တိုက်ရိုက်အပ်တယ်။ ငွေထုတ်ရင်လည်း အလုပ်အမှုဆောင် အဖွဲ့ဝင်သုံးဦးရဲ့ လက်မှတ်ပါမှ ထုတ်လို့ရတယ်။ အဲဒီအပိုင်းကိုလည်း အမှုဆောင်ထဲက တာဝန်ပေးထားတဲ့ သူပဲထုတ်လို့ သွင်းလို့ ရတယ်။ ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးတို့က လက်မှတ် ထိုးပေးမှ ငွေထုတ်လို့ရတယ်။ ရုံးက လုပ်မယ့် လုပ်ငန်းစဉ် တိုင်း အလုပ် အမှုဆောင်အဖွဲ့ကို အသိပေးပြီးမှ လုပ်လို့ရတယ်။ ကိုယ့်သဘောနဲ့ လုပ်လို့ မရဘူး” ဟု ဆိုသည်။

ဥက္ကဋ္ဌ သက်တမ်း ၁၄ နှစ် အတွင်း ငွေကြေးဆိုင်ရာ လွဲချော်မှုများ မရှိခဲ့သည့်အပြင် လုပ်ငန်းစဉ် များအတွင်း အသုံးပြုသည့် ကုန်ကျစရိတ်များကို အများသိစေရန် ကြေညာချက်များ ထုတ်ပြန်ပေးလေ့ ရှိကြောင်း၊ အလုပ် အမှုဆောင်များ အနေဖြင့် ရုံးတွင်းနေ့စဉ် အသုံးပြုသည့် မိမိကုန်ကျစရိတ်များ၊ ခရီးစရိတ်များ ကို ကိုယ်ပိုင် ငွေကြေးများဖြင့်သာ သုံးစွဲပြီး အစည်းအရုံးပိုင် ငွေကြေး များကို လုံးဝသုံးစွဲခြင်းမရှိခဲ့ကြောင်း ဆိုပါသည်။ “ကျွန်တော်တို့ သက်တမ်း ၁၄ နှစ်ပြည့် ပြီး နိုင်ငံတော်က အမှုဆောင်သစ်ရွေးချယ်ဖို့ ကျွန်တော်တို့ကို ခေါ်ပြီး ပြောတော့ ကျွန်တော် ကလည်း အမှုဆောင်သစ်ရွေး ချယ်ဖို့ သဘောတူတယ်။ ကိုယ်တိုင်လည်း အမှုဆောင်သစ်တွေ ထပ်ပြီးတော့ ရှိလာစေချင် တယ်။ နောက်တော့ ကျွန်တော်တို့ တတိယသက်တမ်း မှာ အရွေးခံရတဲ့ အမှုဆောင်သစ် လက်ထဲကို ဂီတအစည်းအရုံးနဲ့ပတ် သက်တဲ့ စာရွက်စာတမ်း၊ ဂီတ အစည်းအရုံး မြေဂရမ်ကအစ ကျွန်တော် သက်တမ်းအတွင်း ဘဏ်မှာသိမ်း ထားတဲ့ ငွေကြေးအားလုံး ကို စနစ်တကျ အမှုဆောင်တွေ အားလုံးရှေ့ မှာ အပ်ခဲ့ပါတယ်”ဟု ဆိုပါသည်။

ဂီတအစည်းအရုံး အလုပ်အမှုဆောင်သစ်များ ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး တေးစီးရီးများ၏ မူပိုင်ခွင့်၊ တေးရေး၊ တေးဆို၊ ထုတ်လုပ်ဖြန့် ချိ၊ စက်မှု အစရှိသည့် ဂီတလုပ်ငန်း နှင့်ဆက်စပ်သည့် အလွှာငါးလွှာတွင် တစ်လွှာခြင်းစီ၏ ရပိုင်ခွင့်များကို သက်ဆိုင်ရာ အလွှာများအလိုက် ရရှိခဲ့ကြပြီး ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ သော်လည်း ယခုဖြစ်ပေါ်ခဲ့သည့် ရုံးအဖွဲ့မှူး ၏ ငွေအလွဲသုံးစားမှုသည် လွန်ခဲ့သော ၂ဝဝ၈ ခုနှစ်မှ စတင်ပြီး ဖြစ်ခဲ့သည်ဟု လက်ရှိ တာဝန်ယူ ထားသည့် အလုပ် အမှုဆောင် အချို့ ၏ ပြောကြားချက်အရ သိရသည်။ ယင်းတို့၏ ပြောဆိုချက်များကြောင့် တတိယ သက်တမ်းတွင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် တေးရေး၊ တေးဆို ဦးမောင်မောင်လတ်အား ဆက်သွယ်ခဲ့သော်လည်း ကျန်းမာရေး မကောင်း သည့်အတွက် ဖြေကြားလိုခြင်းမရှိ ဆိုသောကြောင့် အတွင်းရေးမှူး ဖြစ်သည့် ဦးကိုကိုလွင်အား ဆက်သွယ် တွေ့ဆုံခဲ့ ရာတွင် ဦးကိုကိုလွင်က “တတိယသက်တမ်းမှာ ကျွန်တော် အရွေးခံခဲ့တုန်းက ရိုးရိုး အမှုဆောင်ပါပဲ။ ဒါပေမယ့် ထုတ်လုပ် ဖြန့်ချိရဲ့ ဥက္ကဋ္ဌပေါ့။ ဖြန်ချိရေးအလွှာနဲ့ ပတ်သက်တဲ့ အလုပ်တွေပဲ လုပ်တယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်ခဲ့ ခြင်းလည်း မရှိဘူး။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်ကိုယ်တိုင်က သေသေချာချာ စေ့စေ့စပ်စပ် မလုပ်နိုင်တဲ့အတွက် ငွေကြေးကိစ္စတွေကို မကိုင်တွယ်ခဲ့ဘူး။ ကျွန်တော် တာဝန်ယူခဲ့တဲ့ သက်တမ်း ခြောက်နှစ်ခွဲမှာ ဂီတ အစည်းအရုံးနဲ့ ပတ်သက်တဲ့ ငွေကြေးတစ်စုံတစ်ရာကို ကျွန်တော် မကိုင်တွယ်ခဲ့ဘူး။ ရုံးရဲ့ငွေကြေး ကိုင်တွယ်ပုံ ကတော့ နေ့စဉ်ရုံးကို ဝင်တဲ့ငွေတွေကို ရုံးအဖွဲ့ကလက်ခံပြီး ဥက္ကဋ္ဌ(———-)မှာ သိမ်းထားရတယ်။ ဘဏ္ဍာရေးမှူး လာတဲ့အခါကြမှ ဘဏ္ဍာရေးမှူးက ဘဏ်ထဲကို ထည့်တယ်” ဟု ငွေကြေးပိုင်းဆိုင်ရာ ထိန်းသိမ်းမှု အခြေအနေကို ပြောပြ သည်။

အတွင်းရေးမှူး ဦးကိုကိုလွင်

အတွင်းရေးမှူးဟောင်း ဦးကိုကိုလွင်

ဖြစ်ပေါ်ခဲ့သောငွေကြေး ကွာဟမှုသည် လွန်ခဲ့သည့် ၂ဝဝ၈ ခုနှစ်က တည်းက စတင်ဖြစ်ပေါ်ခဲ့သည် ဟု ပြင်ပတွင် ပြောဆို ကြသည့် သတင်းများနှင့် ပတ်သက်ပြီး ဦးကိုကိုလွင်က ဆက်လက် ပြောကြားရာ “ကိုသစ် မင်းက အဲဒီအချိန်က တွဲဖက် အတွင်းရေးမှူးပါ။ သူတင်ပြခဲ့တာ တစ်ခု ရှိတယ်။ အဲဒီအချိန်က အနုပညာ ရပိုင်ခွင့်တွေကို အစည်းအရုံးက တောင်းဆိုဖို့ အတွက် လုပ်ကြတဲ့ ကာလ၊ အဲဒီအချိန်မှာ မယ်လိုဒီဝေါ က အဆိုပြိုင်ပွဲတွေ လုပ်တဲ့အခါမှာ သူတို့ဆီမှာ ဆိုကြတဲ့ သီချင်းတွေ အတွက် တေးရေးသမားတွေကို အနုပညာ ရပိုင်ခွင့်ကြေးအဖြစ် ပေးတာ ရှိတယ်။ အဲဒီ အနုပညာကြေးတွေကို အပြင်မှာပဲ ရှင်းတယ်။ ဂီတ အစည်းအရုံးမှာ ရှင်းတာ မဟုတ်ဘူး။ နောက်တော့ ကိုသစ်မင်းက အဲဒီ အနုပညာကြေးတွေကို သူ့ဘီဒိုထဲမှာ ကိုယ်တိုင် သိမ်းပြီးတော့ ကိုယ်တိုင်ပဲ ရှင်းပေးချင်တယ်။ အဲဒီအတွက် ဂီတအစည်းအရုံး ကိုလည်း အလှူငွေ အနေနဲ့ ၁ဝ ရာခိုင်နှုန်း ပေးမယ်။ဒါပေမယ့် ဂီတ အစည်းအရုံးရဲ့ ငွေစာရင်းထဲကို မထည့်ပါနဲ့လို့ပြောတယ်။ နောက်တော့ မယ်လိုဒီဝေါက ပိုက်ဆံ လာပေးရင် ကိုသစ်မင်းဆီကို ပေးတယ်။ သူတို့အချင်းချင်း တေးရေး ဆရာတွေက လာထုတ်ရင် ကိုသစ်မင်းက ထုတ်ပေးတယ်။ ကိုသစ်မင်း မရှိရင် ရုံးအဖွဲမှူး ဦးမျိုးတင့်က ထုတ်ပေးတယ်။ သူတို့ နှစ်ယောက် ပူးပေါင်းပြီး လုပ်ကြတာပေါ့။ အမှန်ကတော့ ဒီငွေကြေးတွေဟာ ဂီတ အစည်းအရုံးရဲ့ စာရင်းထဲကို ဝင်ထားတာလည်း မရှိဘူး။ အစည်းအရုံးက ပြန်ထွက်သွားတာလည်း မရှိဘူး။ အခုလို အစည်းအရုံးမှာ ငွေပေးငွေယူ လုပ်ကြတာကို ခွင့်ပြုတာကလည်း အစည်းအရုံးရဲ့အားနည်းချက်လို့ ပြောရမှာပဲ။ အစည်းအရုံး အနေနဲ့ တိုက်ရိုက် တာဝန်ယူပြီး ကိုင်တွယ် တာမျိုးပဲဖြစ်သင့် တယ်။

နောက်ပြီးတော့ ဘယ်လောက် ဝင်ပြီး ဘယ်လောက်သုံးသွားတယ်ဆိုတာလဲ မသိဘူး။ ကိုသစ်မင်း ဆုံးသွားတဲ့ အခါကြတော့ ဒီကိစ္စကို ဘယ်သူ့ကို လွှဲခဲ့ တယ်ဆိုတာလည်း မသိခဲ့ဘူး။ ဒါပေမယ့် ဒီကိစ္စကို ရုံးအဖွဲ့မှူး ဦးမျိုးတင့်ကပဲ ဆက်လုပ်နေတယ် ဆိုတာလောက်တော့ သိတယ်။ အမှန်ကတော့ တေးရေးဆရာတွေ သူတို့ အချင်းချင်း လုပ်တယ် ဆိုပေမယ့် လွှဲတဲ့အခါကြရင် တေးရေးဆရာ တစ်ယောက်ယောက်ကို လွှဲခဲ့ရမှာပေါ့။ အခုကြတော့ ဦးမျိုးတင့်က ကိုင်တွယ်ပြီး လုပ်နေတယ်။ ကျွန်တော်တို့ ထင်တာကလည်း ကျန်တဲ့တေးရေး ဆရာတွေနဲ့ ဦးမျိုးတင့်တို့ ပူးပေါင်းပြီးတော့ လုပ်နေတယ် လို့ပဲ ထင်ခဲ့တယ်။ နောက်ဆုံး ကျွန်တော်တို့ စာရင်းတွေကို အသစ်တက်လာတဲ့ အလုပ်အမှုဆောင်အဖွဲ့ကို လွှဲတော့မယ် ဆိုမှ ဦးမျိုးတင့် လုပ်နေတဲ့ကိစ္စ ဘာတွေလဲ ဘယ်လိုလုပ်ထားသလဲလို့ သူ့ကိုမေးတော့မှ အခုဖြစ်ခဲ့တဲ့ ငွေကြေးကွာဟမှု ကိစ္စကိုတွေ့ရ တယ်။ စာရင်းတွေပဲ ရှိတယ်။ ငွေတွေကတော့ မရှိတော့ဘူး။ အဲဒီမှာ ကျွန်တော်ရယ်၊ ဥက္ကဋ္ဌ ဦးမောင်မောင်လတ်ရယ်၊ ကိုဇော်ထူးအောင်ရယ် တို့က သူ့ဆီက စာရင်းတွေ အကုန်တောင်း လိုက်တယ်။ ငွေတော့ မပါဘူးပေါ့။ နောက်တော့ အခု တာဝန်ယူထားတဲ့ တွဲဖက် အတွင်းရေမှူး ကိုမြင့်မိုးအောင်ကို တေးရေး ဆရာ တွေကို ပေးတဲ့ ငွေကြေးကိစ္စတွေကို သိလား။ ကိုသစ်မင်း မဆုံးခင်က ဘယ်သူ့ကို ဒီတာဝန် လွှဲခဲ့သလဲသိ လားလို့ မေးကြည့် တော့ သူလည်း မသိဘူးဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့က ဦးမျိုးတင့် လုပ်နေတဲ့ကိစ္စ တွေကို ကိုမြင့်မိုးအောင်တို့ သေသေချာချာ မေး၊ ကျွန်တော်တို့ ရထားတဲ့ စာရင်းတွေကို ကျွန်တော်တို့က ကိုမြင့်မိုးအောင် ကို ပေးလိုက်တယ်။ ဒီကိစ္စဟာ အစည်းအရုံးက အမှုဆောင်တွေ တစ်ယောက်မှမသိဘူး။ သူတစ် ယောက်ပဲ ကိုင်တွယ် ဖြေရှင်းပါတယ် ဆိုတဲ့ လက်မှတ် ကျွန်တော်တို့ ဦးမျိုးတင့်ဆီက ယူထားတယ်လို့ပြောလိုက်တယ်၊ နောက် ပိုင်းတော့ အခု တက်လာတဲ့ အလုပ်အမှုဆောင် အဖွဲ့ အသစ်ကို ကျွှန်တော်တို့နဲ့ ဆိုင်တဲ့ စာရင်းဇယားတွေ အားလုံးကို ကျွန်တော်အပ်လိုက်တယ်” ဟု ဖြစ်ပေါ်ခဲ့သော ငွေကြေးကွာဟမှု အခြေအနေ ကိုပြောကြား သည်။

လက်ရှိဖြစ်ပေါ်နေသော ငွေကြေး ကွာဟမှုသည် တေးရေးဆရာများ၏ ငွေကြေးများသာမက ကျန်ရှိသည့် ဂီတ အနုပညာရှင်များ၊ ထုတ်လုပ် ဖြန့်ချိ အလွှာမှ ငွေကြေးများလည်း ပါနေကြောင်းကို ယင်းက ဆက်လက်ပြောကြား ရာ “တီဗီပရိုဂရမ်တွေ လုပ်တဲ့သူတွေက အစပိုင်းမှာပြန်ဆို၊ ပြန်တီး လုပ်ကြတဲ့ အခါကြတော့ တေးရေး တစ်ယောက် ထဲကိုပဲ အနုပညာကြေး ပေးတာ များတယ်။ ပရိုဂရမ်လုပ်တဲ့သူတွေက ကိုသစ်မင်း သို့မဟုတ် ဦးမျိုးတင့်ဆီကိုပဲ ငွေသွင်းကြတာက ပုံမှန်လို ဖြစ်နေတယ်။ အမှန်တော့ တေးရေး တေးဆို အကုန်လုံးကို ခွဲပေးရမှာ သူတို့ကလည်း မသိတော့ အစည်းအရုံးကို မသွင်းဘဲနဲ့ ကိုသစ်မင်းနဲ့ ဦးမျိုးတင့်တို့ ဆီကိုပဲ သွင်းကြတယ်။ အဲဒီငွေကြေးတွေထဲမှာ အခြားအနုပညာကြေးတွေလဲ ပါလာတယ် အများကြီးတော့ မဟုတ် ဘူး။ ဒီငွေကြေးတွေကို အစည်းအရုံးက အစကတည်းက ကောက်ခံတာ မဟုတ်ဘူး။ အခုကြတော့ အစဉ်အလာ လိုဖြစ်သွားတော့ ပရိုဂရမ်လုပ်တဲ့သူ တွေက ဒီငွေကြေးဟာ အစည်းအရုံး နဲ့မဆိုင်ဘူး။ အစည်းအရုံးကလည်း ပရိုဂရမ်က လာတဲ့ ငွေကြေးတွေဟာ အစည်းအရုံး စာရင်းထဲကို မထည့်ဘူး။ သီးခြားထားတယ် ဆိုတော့ အခုလို လမ်းကြောင်းတွေ လွဲပြီးဖြစ်ကုန်တာပဲ” ဟု ဆိုသည်။ ဆက်လက်ပြီး ယခုလက်ရှိ တာဝန်ယူ ထားသည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံ (ဗဟို) မှ ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ အတွင်းရေးမှုး ဒေါ်ဖြူဖြူုကျော်သိန်းအား ဆက်လက်တွေ့ဆုံခဲ့ရာတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်ပြီး ဥက္ကဋ္ဌ ဦးတင်ဦးလေးက ပြောကြား ရာမှာ “ကျွန်တော်တို့ အခု အမှုဆောင် သက်တမ်းဟာ ၅ လ လောက်ပဲ ရှိသေးတယ်။ အခုဖြစ်ခဲ့ တာလွန်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၂ခုနှစ်အတွင်းက ရှိခဲ့တဲ့ ငွေကြေး ကွာဟမှုပါ။ ကျွန်တော် တို့က မီဒီယာတွေဆီက စာရင်းတွေကို တောင်းတယ်။ အဲဒီမှာစာရင်းတွေ ကွာနေတာတွေခဲ့တယ်။ ကျွန်တော် တို့လည်း သေချာအောင် စစ်ဆေးပါတယ်။ ဥပဒေအကြံပေးတွေနဲ့ တိုင်ပင်ပါတယ်။ ဒီကိစ္စဟာ ချက်ခြင်း အရေးယူလို့ မရပါဘူး။ စာရင်းစစ်တွေ နဲ့ သေသေချာချာ စစ်ဆေးပြီးမှ လိုအပ်သလို အရေးယူလို့ရမှာဖြစ်ပါ တယ်။ အခုမကြာခင် မှာပဲဒီကိစ္စကို ပြီးပြတ်ဆောင်စစ်ဆေးပြီး တရားရုံး တင်မှာပါ”ဟု ဆိုသည်။

လက်ရှိ ဥက္ကဋ္ဌ တင်ဦးလေး

လက်ရှိ ဥက္ကဋ္ဌ တင်ဦးလေး

အတွင်းရေးမှူး ဖြူဖြူကျော်သိန်း

အတွင်းရေးမှူး ဖြူဖြူကျော်သိန်း

ဆက်လက်၍ အတွင်းရေးမှုး ဒေါ်ဖြူဖြူကျော်သိန်း က ပြောကြားရာတွင် “ကျွန်မတို့ အမှုဆောင် သက်တမ်း ၅ လရှိပြီ။ ၄ လ လောက်မှာ ငွေကြေးကွာဟမှု ရှိနေတယ် ဆိုတာ သတိထားမိတယ်။ ကျွန်မတို့ အမှုဆောင်အသစ်တွေ တာဝန်ယူ လာတဲ့အခါမှာ ငွေကြေးသုံး စွဲမှုတွေ အနုပညာရှင်တွေနဲ့ပတ်သက် တဲ့ငွေကြေးတွေကို ကွန်ပျူတာ စနစ်နဲ့ တိတိကျကျ လုပ်ကိုင်ဖို့ စာရင်းတွေ အားလုံးသွင်းတဲ့အခါမှာ အခုကိစ္စကို စတွေ့တာပဲ။ အရင်တုန်းက အမှုဆောင်ထဲမှာ ပါဝင်ခဲ့တဲ့သူ အချို့ လည်း အခု အမှုဆောင်သစ်ထဲမှာ ပြန်ပါလာတာရှိတယ်။ အခုကိစ္စကို သူတို့ကိုယ်တိုင် အရင်ကတည်းက မသိကြ ဘူး။ သိတဲ့လူတွေက ကြတော့ အခုဖြစ်တော့မှ ဖွင့်ပြောကြတယ်။ ကျွန်မတို့လည်း အဲဒီအတွက်တော့ ခံစားမိတယ်၊ ဒီလို လူမျိုးကို ရွေးကောက်ပွဲထဲ ဘာလို့ဝင်ခွင့်ပေးခဲ့တာ လည်း ဆိုတာ စဉ်းစားလို့မရဘူး။ သူက ကာလပေါ်အလွှာမှာ မဲအများဆုံး ရခဲ့တဲ့သူ။ တကယ်လို့များ ဥက္ကဋ္ဌ ရာထူးသာ ရခဲ့ရင် ကျွန်မတို့ အားလုံး ဘယ်လိုလုပ်လုပ်ကြမလဲ။ အခုအခြေအနေက တရားဥပဒေနဲ့ ဆက်လုပ် ရမယ့် အခြေအနေ ဖြစ်နေတယ်။ သူနဲ့ ဆက်စပ်မှုရှိတဲ့ သူတွေကတော့ ဖြေ ရှင်းရမှာပေါ့။ ဦးမျိုးတင့်ကတော့ ဒီရုံးထဲမှာ ပြောသွားတာ ကတော့ သူနဲ့ ဘယ်သူမှ ပတ်သက်မှုမရှိဘူး။ ဒီငွေကြေး ကွာဟမှုဟာ သူတစ်ယောက် ထဲနဲ့ပဲ ဆိုင်တယ်လို့ပြောခဲ့ပါတယ်” ဟုဆိုသည်။ ဖြစ်ပေါ်နေသော ငွေကြေး အလွဲသုံးစားမှု အား သက်ဆိုင်ရာ များမှ အဆင့်ဆင့် စစ်ဆေးပြီး တရားဥပဒေအရ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဝ၃၂

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*