ခေါင်းကြီးသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈၊ ၂ဝ၁၃

မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ ၅၉ ကြိမ်မြောက် ညီလာခံ အသင်း နှစ်ပတ်လည်အစည်းအဝေးကို မော်လမြိုင် မြို့၌ ကျင်းပခဲ့ပြီး ယင်း အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အဆိုပါအသင်းကြီး၏ မူလမြေနေရာ ပေါ်တွင် အဆောက်အဦသစ် များကို ဘီအိုတီစနစ်ဖြင့် အသစ်ပြန်လည်တိုး ချဲ့ဆောက်လုပ် သွားရန် ပြည်ပ ကုမ္ပဏီ များကို ဖိတ်ခေါ်ထားလျက် ရှိကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မြင့်သောင်းက ဖေဖော်ဝါရီ ၁၈ ရက် တွင် မြန်မာအင်ဒီပဲန်ဒင့် သို့ပြောကြား ခဲ့ရာ တစ်ဘက်မှလည်း အသင်းသား အချို့၏ ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။

ဒေါက်တာ မြင့်သောင်းက “မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ ရှိနေပြီးသား ဂုဏ်ကျက်သရေနဲ့ ရပ်တည်မှုရော၊ ပုံရိပ်ရော၊ ဂုဏ်သိက္ခာ ရော ဘယ်အကြောင်းနဲ့မှ ဖုံးလွှမ်းတာမျိုး လက်မခံနိုင်ဘူး”ဟု ယခုကဲ့သို့ ဆိုသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ အကျိုးစီးပွား ကာကွယ်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်၏ သဘောဖြင့် အလုပ်လုပ်၍ မရသကဲ့သို့ အဖွဲ့အစည်းတစ်ခုတည်းဖြင့်လည်း အလုပ်လုပ်၍ မရနိုင်ကြောင်း၊ မည်သူ တစ်ဦးတစ်ယောက်၏ သြဇာအာဏာ သက်ရောက်မှုဖြင့်လည်း ခြယ်လှယ်၍ မရနိုင်ကြောင်း၊ အထူးသဖြင့်လူအများ ပြောဆိုနေကြသည့် ခရိုနီ ဟူသည့် ပုဂ္ဂိုလ်များနှင့်လည်း ယခု အချိန်ထိ မည်သူတစ်ဦးတစ်ယောက်နှင့်မျှဆက် ဆံမှုမရှိသေးကြောင်း ယင်းက ထပ်မံ ပြောသည်။

“ကျွန်တော်တို့ အကျိုးစီးပွား ကာကွယ်ထိန်းသိမ်းတဲ့ အပိုင်းက ကိုယ့်ရဲ့ဘိုးဘွားပိုင်မြေတွေ၊ တည်နေရာတွေ၊ ရပ်တည် မှုတွေ ဂုဏ်သိက္ခာတွေ ထိန်းသိမ်းတာက တစ်ပိုင်းပေါ့နော်။ တစ်ဘက်ကလည်း ဒီဟာကြီးကိုပဲ ဖက်တွယ်နေပြီးတော့ ရှေး ရိုးစွဲဝါဒ အယူအဆဟောင်းတွေနဲ့ ဒါကြီးကို ဖက်တွယ်ထားရင် ခေတ်စနစ်အခြေ အနေက လိုအပ်ချက်နဲ့ အညီ တိုးတက်အောင် လုပ်လို့မရဘူး။ ဆရာဝန်တွေ ချည်းပဲ ပိုက်ဆံတွေ အကုန်ကျ ခံပြီးတော့ တကယ်ကို ခေတ်မီခန့်ညားတဲ့ အဆောက် အဦ ဆောက်မလားဆိုရင် ကိုယ့်ပစ္စည်းမဟုတ်တော့ ဘယ်သူမှ ပိုက်ဆံမထည့်နိုင်ဘူး။ မလုပ်နိုင်ဘူး” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် ပတ်သက် ၍ ဒေါက်တာ မြင့်သောင်း က ယခုကဲ့သို့ ဆိုသည်။

ဆက်လက်ပြီး ဒေါက်တာမြင့်သောင်းက “ဒါတွေရဲ့ ရှင်သန်ရပ်တည်မှု အတွက် ဒါတွေရဲ့လုပ်ငန်းမြှင့်တင် ဖို့အတွက် ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မယ့် အကျိုးစီးပွားတစ်ခု ရှိဖို့လိုတယ်။ အခု လောလောဆယ်မှာ စားသောက်ဆိုင် အနေနဲ့ငှားစားတယ်။ မင်္ဂလာဆောင်တွေ လက်ခံပြီး ငှားစားတယ်။ အဲဒါလေးနဲ့ တစ်လ၊ တစ်လကို သိန်း ၆ဝ၊ ၇ဝ လောက် ဝန်ထမ်းလစာအပြင်၊ ဝန်ထမ်း လစာတွေလည်း မတိုးပေးနိုင်ဘူး။ ဝန်ထမ်းတွေမှာ အခက်အခဲတွေရှိတယ်။ တစ်လတစ်လကို ကုန်နေတဲ့ အခွန်အခတွေ အသုံးစရိတ်တွေ သိန်း ၆ဝ၊ ၇ဝ လောက်ရှိတယ်။ အဲဒီသိန်း ၆ဝ၊ ၇ဝ က ဒီမှာရတဲ့  Restaurant ငှားခတွေနဲ့ ရပ်တည်နိုင်ရုံပဲ ရှိတယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ လိုအပ်ချက်များနှင့် ပတ်သက်၍ မြန်မာ အင်ဒီပဲန်ဒင့် သို့ အတိအလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာသည်နှင့်အညီ မျှော်မှန်းထားသည့် လုပ်ငန်း များ အလိုက် အဆိုပါ အသင်းအဖွဲ့ကြီးအား မှီခိုနေရသည့် ဆရာဝန်ပေါင်း ၁၈ဝဝဝ ကျော်ခန့်ရှိရာ Government Service အနေဖြင့် ၈ဝဝဝ ခန့်သာရှိပြီး ကျန်ရှိသောအသင်းသား များမှာ Non Government Service ဖြစ်သဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ကိုသာ အဓိကမှီခိုနေရကြောင်း၊ “အပြင်မှာ ပျံ့နှံ့နေရတဲ့ ဆရာဝန်တွေ က ဒီအသင်းကြီးကိုပဲ မှီခိုနေရတာ။ ဒီလူတွေရဲ့ ပညာရေး၊ ဒီလိုတွေရဲ့တိုးတက်ရေးအတွက် ဆရာဝန် အသင်းကြီးက တာဝန်ယူနေရတာ။ သူတို့တွေရဲ့ Capacity ကို တိုးတက် စေချင်တယ်။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံဖို့ လိုတယ်။ အဲဒီလိုရင်းနှီးမြှုပ်နှံဖို့ အတွက် ကျွန်တော်တို့မှာ အပိုပိုက်ဆံ ဘာမှမရှိဘူး။ လည်ပတ်နေရတဲ့ ပိုက်ဆံ၊ ဆာဗိုက်ဖြစ်အောင် လည်ပတ်နေရတဲ့ အခွန်အခအပြင် သူတို့အတွက် ကျွန်တော်တို့ လက်ရှိအနေအထားမှာ ဘယ်လိုမှလုပ်ပေးလို့မရဘူး။ ညီလာခံ ကြီးတွေ ကျင်းပရင်တောင်မှ ဆေး ကုမ္ပဏီကြီး တွေ ရဲ့ စပွန်ဆာယူပြီးမှ ကျင်းပလို့ရတယ်။ ကိုယ့်ဟာနဲ့ကိုယ် ညီလာခံကျင်းပဖို့အတွက် ပိုက်ဆံ မရှိဘူး။ ကျွန်တော်တို့ အသင်းကြီးက အခုထိ အမှီအခို မကင်းနိုင်ဘူး။ အမှီအခို ကင်းနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ရပ်နိုင်ဖို့ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးချဲ့ဖို့အတွက် ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေ Training Centre ကြီးတွေ လုပ်ချင်တယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ လိုအပ်ချက်များကို ယင်းအနေဖြင့် အသေးစိတ် ရှင်းပြသည်။

မြန်မာနိုင်ငံ ဆရာဝန် အသင်းကြီး အဆောက်အဦ

မြန်မာနိုင်ငံ ဆရာဝန် အသင်းကြီး အဆောက်အဦ

မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး၏ မြေနေရာကို ထိုကဲ့သို့ BOT System နည်းဖြင့် တိုးချဲ့ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ တစ်ဖက်မှ အသင်းသားအချို့ ကန့်ကွက်မှုများရှိ နေကြောင်းကို သိရသည်။ သို့ဖြစ်၍ အဆိုပါ စီမံကိန်းကြီးနှင့် ပတ်သက်ပြီး ဂျာနယ်အချို့တွင် ဆောင်းပါးရေးသား ၍ ကန့်ကွက်ခဲ့သူ မြန်မာနိုင်ငံ ဆရာဝန်အသင်း အဖွဲ့ဝင် ဒေါက်တာ အောင်ခင်ဆင့်ကို မြန်မာအင်ဒီပဲန်ဒင့် မှဆက်သွယ်မေးမြန်းခဲ့ရာတွင် ဒေါက်တာအောင်ခင်ဆင့် က ပြောပြရာတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်းကိုဖြိုဖျက်၍ ကုမ္ပဏီတစ်ခုနှင့် လက်တွဲကာ တိုက်အသစ်ဆောက်မည် ဟူသည့် ကိစ္စမှာ လုံးဝမသင့်လျော်ကြောင်း၊ ဆွေစဉ်မျိုးဆက် တာဝန်ယူလုပ်ကိုင် လာခဲ့သည့် ဆရာဝန်အသင်း အဆောက်အဦးဟောင်းကြီးကို ယခင်မူလအတိုင်းရှိ စေလိုသည်မှာ ဆရာဝန်တိုင်း၏ ဆန္ဒဖြစ်ကြောင်း ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းတွင် ၁ဝနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအောင်ခင်ဆင့်က “BOT System နဲ့ သွားမယ်ဆိုရင် ဆရာဝန်အသင်းကြီး မျှော်မှန်းနေတဲ့ ဂုဏ်သိက္ခာမရဘဲ အထူးကု ၄၈ ထပ် အဆောက်အဦးကြီး တစ်ခုလုံးဟာ နိုင်ငံခြား အထူးကုဆေးရုံကြီးဆိုပြီး ဆရာဝန် အသင်းတိုက် ကို လွှမ်းမိုးသွားမယ်။ ဒီကိစ္စကို ဆရာဝန်ကြီးတိုင်း က စိတ်မကောင်းဖြစ်နေကြတယ်။ ဘယ်လို့လဲဆိုတော့ အထူးကုဆေးရုံ ကြီးဆိုတာနဲ့ နာမည်လွှမ်းမှာ။ ပြီးတော့ ဆရာဝန်တွေက နိုင်ငံခြားကနေ လာမှာ။ နိုင်ငံခြားက အထူးကုဆရာတွေ လာပြီးတော့ ကုမယ့်ဆေးရုံ။ အဲဒီတော့ ဒီနိုင်ငံခြားကနေ လာပြီးလုပ်မယ့် ဆရာဝန်တွေရဲ့ ဂုဏ်သိက္ခာက ရနိုင်ပါ့မလား။ သိက္ခာတောင် နည်းသွားဦးမယ်။ နိုင်ငံခြား ကနေလာမယ့် ဆရာဝန်တွေ နဲ့ယှဉ်ပြီး မြန်မာပြည်မှာ ရှိတဲ့အသင်းက ဆရာဝန်တွေက ထင်ထင်ပေါ်ပေါ် မဟုတ်ဘဲ နာမည်ငယ်ငယ်နဲ့ ကုသရေးကဏ္ဍကို ထိရောက်စွာ ဝင်ရောက် မလုပ်နိုင်တဲ့ ဆရာဝန်တွေ ဖြစ်ကုန်မယ်။ ဒီ့ထက် အရေးကြီးတဲ့ ဟာက ဆရာဝန် အသင်းတိုက် ကို ဖြိုဖျက်ပြီး တော့ နိုင်ငံခြားဆရာဝန်တွေရဲ့ အဆောက်အဦကြီး တစ်ခုကို ဆောက်လိုက်မယ် ဆိုရင် ဆရာဝန်အသင်းရဲ့ မျှော်မှန်း သလို ဝင်ငွေတော့ ရမယ်။ ဒါပေမယ့် ဆရာဝန် အသင်းရဲ့ သိက္ခာ ကတော့ ငယ်သွားမယ်။ မစဉ်းမစား လုပ်တဲ့ပုံစံမျိုး ဆရာဝန် အသင်းကြီးကို တန်ဖိုးမထားတဲ့ ပုံစံမျိုးသက် ရောက် သွားမယ်”ဟု ယင်း၏အမြင်ကို သုံးသပ်ပြောပြသည်။

ထို့အပြင် မြန်မာနိုင်ငံ ဆရာဝန် အသင်းကြီး၏ ဝင်ငွေများနှင့် ပတ်သက်၍ ထပ်မံပြောပြရာတွင် “ပိုက်ဆံလိုတဲ့ အခါတိုင်း ဆရာဝန် အသင်း မြေပေါ်မှာ ဆေးခန်းတွေဖွင့်ပြီးတော့ ဆေးပွဲလုပ်ခိုင်းလို့ရှိရင် ဆရာဝန် အသင်း ဝင်ငွေတွေ အများကြီး ရလိုက်တယ်။ ဒီလုပ်ငန်းတွေက ဆရာဝန် အသင်းတိုက်မှာ ငွေအခက်အခဲ ရှိတိုင်း လုပ်နိုင်တဲ့အင်အားရှိတယ်”

ဒေါက်တာ အောင်ခင်ဆင့်

ဒေါက်တာ အောင်ခင်ဆင့်

ထို့နောက် မြန်မာနိုင်ငံဆရာဝန် အသင်း၏ မြေနေရာပေါ်တွင် BOT System ဆောက်မည်ဟု လျာထား ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ အောင်ခင်ဆင့်က “ကျွန်တော်ပြော ချင်တာက ရှေးဟောင်းပစ္စည်းဖြစ်တဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး နှစ်ပေါင်း မြောက်များစွာ ရှိလာခဲ့တဲ့ အမွေအနှစ်တမျှ တန်ဖိုးရှိတဲ့ အဆောက်အဦးကြီးကို ဆရာဝန် အသင်းသားတွေ သာလျှင် ပိုင်ဆိုင်ခွင့်ရှိတယ်။ ဆရာဝန်အသင်း တိုက်မြေနဲ့ အဆောက်အဦး ကို တစ်ခုခု လုပ်တော့မယ်ဆိုရင် ဆရာ ဝန်အသင်းသူ၊ အသင်းသားအားလုံး ရဲ့ ဆုံးဖြတ်ချက်ကိုရယူပြီးမှ ရောင်း ခြင်း၊ ဝယ်ခြင်း၊ ပေးခြင်း၊ ကမ်းခြင်း၊ ငှားရမ်းခြင်းကိစ္စ၊ ဝိစ္စတွေကို လုပ်သင့်တယ်ဆိုတာ ဥပဒေကြောင်း အရ ရှိတယ်။ ဘယ်သူမှ ဆရာဝန် အသင်းတိုက်ကို ရောင်းပိုင်ခွင့်လည်း မရှိဘူး။ ဖြိုချပိုင်ခွင့်လည်းမရှိဘူး။ လုပ် ချင်ခဲ့ရင် ဆရာဝန်အသင်းတိုက် အသင်းဝင်အားလုံးကို အကြောင်း ကြားရမှာ။ သတင်းစာမှာ ကြော်ငြာ တာထက် ဆရာဝန်တွေကို တရားဝင် ဖိတ်စာနဲ့ ဖိတ်ကြားရမယ်။ ဒါမှ မဟုတ် Mass Meeting ခေါ်ရမယ်။ ဒီဆရာဝန်အသင်းတိုက်ကြီး BOT System နဲ့ ဆောက်မယ်ဆိုတဲ့ကိစ္စ ဘာမဆိုအများနဲ့ တိုင်ပင်ပြီး ဆုံးဖြတ် တော့မှ တရားဝင်ဖြစ်တယ်”ဟု ဆက်လက်ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး ၌ အသင်းဝင် အရေအတွက် ၁၈,ဝဝဝ ကျော်ခန့် ရှိပြီဖြစ်ပြီး တစ်နိုင်ငံလုံးတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်းပေါင်း ၈၈ ဖွဲ့ရှိရာ ဆရာဝန်အသင်းကြီး၏ အောက်တွင် ဘာသာရပ်ဆိုင်ရာ၊ အထူးပြု အဖွဲ့ ၃၃ ဖွဲ့ရှိကြောင်း၊ ဆရာ ဝန်များ၏ လုပ်ငန်းဌာနကြီး ငါးခုရှိ ရာတွင် အထောက်အကူပြုကော်မတီ အနေဖြင့် ၁၂ ခုရှိကြောင်း၊ UN အေဂျင်စီများနှင့် တွဲလုပ်သည့် ပြည်သူ့ ကျန်းမာရေး စီမံချက်လုပ်ငန်း ၂၂ ခုရှိပြီး စီမံချက် လုပ်သား ၄ဝဝ ကျော် ရှိရာတွင် Office Staff (ရုံးဝန်ထမ်း) မှာ ၃ဝ နီးပါးရှိကြောင်း သိရသည်။

လက်ရှိအခြေအနေ၌ BOT System ဖြင့် တိုးချဲ့ဆောက်လုပ်သွား ရန် နိုင်ငံခြားကုမ္ပဏီများနှင့် ချိတ်ဆက် ထားခြင်း မရှိသေးသော်လည်း လျာထားသည်မှာ ခန့်မှန်းခြေ အခန်း ၄၈ ခန်း ပါဝင်နိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ နှင့် ၃ဝဝ ကြားတွင်ရှိမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆရာဝန်ကြီးများ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမြင့်သောင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။

ဝ၁၅

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*