လွတ်လပ်သော အသံ — မတ် ၁၄၊ ၂ဝ၁၃

မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် ဖတ်သူများ၏ ဆန္ဒဖော်သံအဖြစ် ဤကဏ္ဍကို ဖွင့်လှစ်ပါသည်။ ဤကဏ္ဍ သို့ ပေးပို့လာသည့် စာဖတ်သူ၏ ဆန္ဒများကို လိုအပ်သလို တည်းဖြတ်ဖော်ပြခြင်းဖြစ်ပါသည်။ စာဖတ်သူ မည်သူ မဆို လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်ကြောင်းနှင့် ဂျာနယ်၏ အာဘော် မဟုတ်ကြောင်း လေးစားစွာ အသိပေးပါသည်။                 

အယ်ဒီတာ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးစအချိန်က ဆရာဝန် အရေအတွက် အလွန်နည်းပါတယ်။ အဲဒီ ဆရာဝန်တွေ အားလုံးဟာ M.B.B.S ဘွဲ့ရ ဆရာဝန်တွေ မဟုတ်ပါ။ အဲဒီနည်းတဲ့ ဆရာဝန် အရေအတွက်မှာမှ တစ်ဝက်လောက်ဟာ L.M.P ခေါ်တဲ့ ဆေးသင်တန်းကျောင်း မှာ ၂ နှစ်လား၊ ၃ နှစ်လား (ကျွန်တော် အချိန် အတိအကျ မမှတ်မိတော့ပါ) သင်တန်းတက်ပြီး ဆေးကုသခွင့် လိုင်စင်ပေးထားတဲ့ ဆရာဝန်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံက ကုလားဆရာဝန်တွေကို ကန်ထရိုက် စနစ်နဲ့ ငှားရမ်းသုံးစွဲခဲ့ရပါတယ်။

ဒါကြောင့် နိုင်ငံအစိုးရက မြန်မာ နိုင်ငံမှာ ဆရာဝန်အရေအတွက် တိုးပွား လာစေရန်အတွက် စီမံကိန်းတစ်ခု ကို ရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်း အရ ဆရာဝန်အရေအတွက် တိုးပွား လာစေရန် ၁၉၅၂ ခုနှစ်ကစပြီး အကြို ဆေးသင်တန်း (Premedical Classes) ဆိုတာကို ဖွင့်လှစ်ပြီး ရှစ်တန်းကစပြီး ဆရာဝန်လောင်းတွေကို မွေးထုတ် ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ယခုဆရာဝန် အသင်း အဆောက်အအုံနေရာမှာ သစ် သားအဆောက်အအုံလေး တစ်ခုသာ ရှိပါတယ်။ ဆရာဝန်အသင်းဆိုပေမယ့် ဆရာဝန်တွေ စုစည်း အနားယူတဲ့ ဆရာဝန် ကလပ် (club) သဘော လောက်ပဲ ရှိပါတယ်။ ဆရာဝန် အသင်း အမှုဆောင် အဖွဲ့ထဲမှာလည်း ခုနက ကျွန်တော်ပြောခဲ့တဲ့ L.M.P ဆရာဝန် တွေက တစ်ဝက်လောက် ပါပါတယ်။

ဆရာဝန် အသင်းဟာ သာမန် အချိန်တွေမှာ လှုပ်ရှားမှု သိပ်မရှိဘဲ ကလပ်သဘောလောက်သာ ရပ်တည် နေပေမယ့် တစ်နှစ်မှာ တစ်ကြိမ် ဆရာဝန် အသင်းနှစ်ပတ်လည် ညီလာခံကြီးကို တော့ ခမ်းခမ်းနားနား၊ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ ဆရာဝန်အသင်း ခြံဝင်းထဲမှာ ယခုလို အစည်းအဝေး ခန်းမမရှိသေးတော့၊ ဆရာဝန်အသင်း နှစ်ပတ်လည် ညီလာခံကို လမ်းမတော် ဆေးသိပ္ပံ မဟာဌာန (ယခုဆေး တက္ကသိုလ် ၁)မှာ ကျင်းပပါတယ်။ ဆေးသိပ္ပံမြေညီထပ်မှာရှိတဲ့ စာသင် ခန်းမကြီးမှာ စာတန်းဖတ်ပွဲတွေ ကျင်းပပါတယ်။ ဆေးပြခန်းမဏ္ဍပ် တွေကို ဆေးသိပ္ပံအဆောက်အအုံ အတွင်းက မြက်ခင်းပြင်မှာ ဆောက် လုပ်ပေး ထားပါတယ်။

နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ အစိုးရ တာဝန်နဲ့ ဆရာဝန် ညီလာခံ တက်နိုင်စေရန်အတွက် ဆရာဝန် ညီလာခံ မတိုင်မီ ၂ ရက် လောက်အလိုမှာ ကျန်းမာရေးဌာနက ခရိုင်ဆရာဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေးဆိုတာကို ပြုလုပ်ပါ တယ်။ ခရိုင်ဆရာဝန်ကြီးများ နှစ် ပတ်လည်အစည်းအဝေးကို တက် ရောက် ကြပြီး မြန်မာနိုင်ငံဆရာဝန် အသင်း ညီလာခံကို ဆက်လက် တက်နိုင်ရန် ကျန်းမာရေးဌာနက အချိန်ကိုက် စီစဉ်ပေးတာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်လောက်မှာ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ကြူကြူဆွေ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို)ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ အချိန်မှာ ယခုလက်ရှိ ဆရာဝန်အသင်း အဆောက်အအုံကြီးကို စတင်အကောင် ထည်ဖော်ဆောက်လုပ်ပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ အနယ်နယ် အရပ်ရပ်က ဆရာဝန်တွေ ထံကိုလည်း ဆရာဝန်အသင်း အဆောက် အအုံသစ်ကြီး ဆောက်လုပ်ရန် အလှူ ငွေများ ထည့်ဝင်ကြရန် အကြောင်း ကြားပါတယ်။ အနယ်နယ် အရပ်ရပ် က ဆရာဝန်များအနေနဲ့လည်း တတ် နိုင်သလောက် အလှူငွေထည့်ဝင်ကြ ပါတယ်။ တချို့ ဆရာဝန် အနေနဲ့ အရစ် ကျစနစ်နဲ့ အလှူငွေထည့်ဝင်တာကို လည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံ ဆရာဝန် အသင်းကြီးရဲ့ ယခု လက်ရှိအခြေအနေဖြစ်တဲ့ ဒီဝင်း၊ ဒီခြံ၊ ဒီအဆောက်အအုံကြီးနဲ့ ခန့်ခန့် ညားညား၊ ထည်ထည်ဝါဝါ ရပ်တည် နေနိုင်အောင် ကြိုးစားခဲ့ကြတာဟာ ယခုလက်ရှိ တာဝန်ယူနေတဲ့ မြန်မာ နိုင်ငံ ဆရာဝန်အသင်းအမှု ဆောင် အဖွဲ့ရဲ့ ဇွဲလုံ့လ၊ ကြိုးစားအားထုတ်မှု တစ်ခုထဲနဲ့ ဖြစ်ပေါ်လာတာ မဟုတ်ဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီ အချက်ကို လက်ရှိ မြန်မာနိုင်ငံဆရာဝန် အသင်း အမှုဆောင် အဖွဲ့ဝင်တွေ အနေနဲ့ သတိပြုရန် လိုအပ်ပါတယ်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) အမှုဆောင်အဖွဲ့ အဆက်ဆက်က လက်ဆင့်ကမ်းပြီး နှစ်ပေါင်းများစွာ အားထုတ်ခဲ့လို့ ဒီနေ့ နောက်ဆုံးရောက် ရှိလာတဲ့ အခြေအနေကို ယနေ့တာဝန် ယူနေတဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို)အမှုဆောင်အဖွဲ့တစ်ခုထဲရဲ့ သဘောဆန္ဒနဲ့ BOT  စနစ်နဲ့နှစ်ရှည် ငှားရမ်းပိုင်ခွင့် မရှိဘူးလို့ခံယူပါတယ်။

ဒါကြောင့်ကျွန်တော့်မှာ မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက် အအုံကြီးနဲ့ မြေကွက်ကြီးကို BOT စနစ်နဲ့ နှစ်ရှည် ငှားရမ်းရေးနဲ့ ပတ်သက်ပြီး ယနေ့ တာဝန်ယူနေတဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) အမှုဆောင် အဖွဲ့ကို မေးစရာ မေးခွန်းတချို့ ရှိပါတယ်။

ပထမမေးခွန်းက မြန်မာနိုင်ငံ ဆရာဝန်အသင်းအဆောက်အအုံကြီး နဲ့ ခြံဝင်းကြီးကို BOT စနစ်နဲ့ နှစ်ရှည် ငှားရမ်း ရအောင် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) အမှုဆောင် အဖွဲ့ဝင်တွေအပေါ်မှာ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လို အဖွဲ့အစည်း၊ ဘယ်အာဏာ ပိုင်များက ဖိအားပေးနေလို့ပါလဲ။

ဒုတိယမေးခွန်း မေးပါမယ်။

ဆရာဝန်အသင်း အဆောက် အအုံနဲ့ ခြံဝင်းကြီးကို BOT စနစ် နဲ့နှစ်ရှည် ငှားရမ်းခြင်းနှင့် ပတ်သက် ပြီး ကုန်ခဲ့တဲ့ (၅)နှစ် ကတည်းက စတင်ပြင်ဆင်နေတယ်လို့ သတင်း ကြားရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကောလာဟလ လို့ပဲ ထင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအမှုဆောင်များအနေနဲ့ မြန်မာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆရာဝန် အားလုံး သိရှိရအောင် အသိပေးခြင်း၊ အကြံဥာဏ်တောင်းခံ ခြင်းတွေကို အဲဒီအချိန်ကစပြီး ဘာ ကြောင့် မပြုလုပ်ခဲ့တာလဲ။ နီးစပ်ရာ ဆရာဝန်တချို့ကို အသိပေးပြီး တိုင်ပင်ပြီး ရယူတဲ့ သဘောထားသည်  မြန်မာနိုင်ငံတစ်ဝန်းလုံးက ဆရာဝန် များရဲ့ သဘောထားလို့ သတ်မှတ်လို့ မရပါဘူး။

အဲဒီလို ထင်သာမြင်သာ မပြုလုပ်ခဲ့တာဟာ မြန်မာနိုင်ငံဆရာဝန် အသင်း (ဗဟို) အမှုဆောင် အဖွဲ့အနေနှင့် ရိုးသားမှု ရှိရဲ့လား။

ကျွန်တော် တတိယ မေးခွန်းကို မေးပါမယ်။

မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) နှစ်ပတ်လည် ညီလာခံကို ယခုအခါ ရန်ကုန်မြို့၊ မန္တလေးနဲ့ တခြားတိုင်း နဲ့ ပြည်နယ် မြို့တော်တွေမှာ အလှည့်ကျ ကျင်းပခဲ့ပါတယ်။ အဲဒီလို အလှည့်ကျ ကျင်းပတာဟာ ခေတ်နဲ့ အညီ ကောင်းမွန်သင့်မြတ်တဲ့ အစီအမံဖြစ်တဲ့အတွက် အားပေးထောက် ခံပါတယ်။ အဲဒီလို နှစ်ပတ်လည် ညီလာခံ တွေ ကျင်းပတဲ့အချိန်မှာ ရန် ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ကျင်းပ ပြုလုပ်တဲ့ ညီလာခံတွေကို ဆရာဝန် စုံစုံညီညီ တက်နိုင်ကြပါတယ်။ မော်လမြိုင်လို မြို့တော်မှာ ညီလာခံ ကျင်းပတဲ့အချိန်မှာ ရန်ကုန်မြို့၊ မန္တလေး မြို့တွေမှာ ကျင်းပတဲ့ ညီလာခံလောက် တက်ရောက်သူ ဆရာဝန် ဦးရေလောက် မများပါဘူး။ အထူးသဖြင့် မန္တလေး အပါ အဝင် အထက်မြန်မာပြည်က ဆရာဝန် တွေ သိပ်မတက်ရောက်နိုင်ကြပါဘူး။ ဒါကြောင့် ရန်ကုန်မြို့၊ မန္တလေးမြို့မှာ ကျင်းပတဲ့ ညီလာခံတွေနဲ့ နှိုင်းယှဉ်ရင် ညီလာခံ တက်ရောက်သူ ဆရာဝန်ဦးရေ အများကြီးနည်းပါတယ်။

ဒီနေရာမှာ ကျွန်တော့ခေါင်းထဲ မှာ စဉ်းစားစရာ တစ်ခု ဝင်လာပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း   အဆောက် အအုံကြီးနဲ့ ခြံဝင်းကြီး BOT စနစ်နဲ့ နှစ်ရှည်ငှားရမ်းမယ့် ကိစ္စကို ဆရာဝန်တွေ စုံစုံညီညီ၊ အရေ အတွက် များများစားစား တက်ရောက် နိုင်တဲ့၊ တက်ရောက်လေ့ရှိတဲ့၊ ရန် ကုန်မြို့၊ မန္တလေးမြို့တို့လို နေရာတွေ မှာ ကျင်းပပြုလုပ်တဲ့ ညီလာခံတွေမှာ မတင်ပြဘဲ ဆရာဝန်တွေ စုံစုံညီညီများ များစားစား မတက်ရောက်နိုင်တဲ့ မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်တဲ့ ဆရာဝန် ညီလာခံမှာမှ တင်ပြဆွေး နွေးတယ်ဆိုတာဟာ မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို) အမှုဆောင် ကော်မတီဝင်တွေ အနေနဲ့ ရိုးသားမှုမှ ရှိရဲ့လားဆိုတာ အတွေးဝင်လာပါ တယ်။ အဲဒါ ရိုးရိုးသားသား ဟုတ် မဟုတ် သိလိုပါတယ်။

စတုတ္ထမေးခွန်းကို မေးရမှာတော့ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) အမှုဆောင် အဖွဲ့ဝင်တွေကိုတော့ အားနာ ပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းကို မေးမှပြည့်စုံမှာမို့လို့ အားနာနာနဲ့ပဲ မေးရမှာပါ။

အခုခေတ်မှာ တန်ဖိုးကြီးကြီး အရောင်းအဝယ် ဖြစ်ရင်သော် လည်းကောင်း၊ ငှားရမ်း အသုံးပြုရင် သော် လည်းကောင်း၊ အရောင်းအဝယ် ဖြစ်အောင် ဆောင်ရွက် ကြိုးပမ်းသူ၊ ငှားရမ်းရာတွင် အဆင်ပြေအောင် ဆောင် ရွက်ပေးသူတွေ၊ အရောင်းအဝယ် ဖြစ်အောင်၊ ငှားရမ်းဖြစ်အောင် အဆုံးအဖြတ် ပေးနိုင်သူတွေ အနေနဲ့ အကျိုး အမြတ် မြက်မြက်လေး ရတတ်ပါတယ်။

ယခုခေတ် တန်ဖိုးနဲ့ တွက်မယ် ဆိုရင် မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံကြီးနဲ့ ခြံဝင်းကြီးရဲ့ တန်ဖိုး ဟာ ကြီးမားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဆရာဝန် အသင်း(ဗဟို) အဆောက်အအုံကြီးနဲ့ ဝင်းကြီးတစ်ခုလုံး BOT စနစ်နဲ့ နှစ်ရှည် ငှားရမ်းဖြစ်သွားရင် အမှုဆောင် အဖွဲ့ထဲက အဆုံးအဖြတ်ပေးနိုင်သူတွေ အနေနဲ့ အကျိုးအမြတ် ဘယ်လောက် ရနိုင်မယ်ဆိုတာ  ကာလဈေးနှုန်းနဲ့ မှန်းဆလို့ရပါတယ်။

အခုအရောင်းအဝယ်ကိစ္စမှာလည်း အဲဒီအကျိုးအမြတ်တွေရဲ့ လွှမ်းမိုးမှု မပါဘူးဆိုတာ စိတ်ရှင်းရှင်းနဲ့ အာမခံ နိုင်ရဲ့လား။ ဒါကြောင့်မို့ ကျွန်တော် ယခုတင်ပြခဲ့တဲ့ မေးခွန်းတွေကို မြန်မာ နိုင်ငံဆရာဝန်အသင်း(ဗဟို) အမှုဆောင် အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးက ဆရာဝန်တွေ ထင်သာ မြင်သာရှိအောင်၊ ပွင့်ပွင်းလင်း လင်းတင်ပြပေးရန် လိုအပ်ပါတယ်။

မြန်မာနိုင်ငံဆရာဝန်အသင်းကြီး အတွက် အသက်တမျှအရေးကြီးတဲ့ မြန်မာနိုင်ငံဆရာဝန် အသင်းကြီးရဲ့ အဆောက်အအုံကြီးနဲ့ ခြံဝင်းကြီးကို BOT စနစ်နဲ့နှစ်ရှည်ငှားရမ်းရေးကိစ္စ မှာ ဆရာဝန်များ စုံစုံလင်လင် မတက်ရောက်တဲ့ မော်လမြိုင်မြို့မှာ ကျင်းပ ပြုလုပ်တဲ့ ညီလာခံမှာ အတည်ပြု ခြင်းဟာ လုံလောက်မှု ရှိမယ် မထင်ပါဘူး။ မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနဲ့ ခြံဝင်းကြီး တစ်ခုလုံး BOT စနစ်နဲ့နှစ်ရှည် ငှားရမ်းရေးကိစ္စကို မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ ဆရာဝန်တွေရဲ့ဆန္ဒကို ရယူပြီး(ဆန္ဒခံ ယူပွဲပြုလုပ်ပြီး) မှသာ ဆက်လက် စဉ်းစားစေချင်ပါတယ်။

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)


  1. မြန်မာနိုင်ငံ ဆရာဝန်မြေနေရာကို မည်သည့်ပုံစံမျိုးနှင့်မှ ပြည်ပ/ပြည်တွင်းရင်းနှီးမြှပ်နှံသူစီးပွားရေးသမားများလက်သို့မအပ်သင့်ပါ။
    ဆရာဝန်အသင်း လုပ်ငန်း စီမံချက်များအတွက် နေရာမရှိသေးလျှင်၊ ရေရှည် မိမိအား မိမိကိုးပြီး မည်သို့ဖန်တီးလျှင်ကောင်းမည် ဆိုသည်ကို အဖွဲ့ဝင် ဆရာဝန်များ၏ အကြံပြုချက်များ ရယူပြီး လုပ်ဆောင်ရန်သာ ရှိပါသည်။ စီမံချက် လုပ်ငန်းများ လုပ်ရာတွင် အစိုးရ မဟုတ်သောအဖွဲ့များ၏ ငွေကြေးအကူအညီကို ရသည်ဖြစ်ရာ၊ ထိုငွေများထဲမှ လုပ်ငန်းနေရာကို သင့်တော်သလို ငှားရမ်းအသုံးပြုရန်သာ ရှိပါသည်။ မည်သို့သော ဖိအားပေးမှု၊ အလွန်အကျွံမှားယွင်းစွာ ဂတိပေးလွန်ကျွန်ထားမှု၊ ကိုယ်ရေးကိုယ်တာ အားနည်းချက်အပေါ် ဖိအားပေးခံရမှု၊ ရှိနေမှသာလျှင်၊ မျက်စိမှိတ် နားပိတ် ဆက်လက် လုပ်ဆောင်နေကြမည်ဖြစ်ရာ ထိုသို့ မဖြစ်ရေး အတွက် ဆေးကောင်စီ မှတ်ပုံတင်ရ ဆရာဝန်များ အားလုံးတွင်တာဝန်ရှိသည်ဟု ယူဆပါသည်။

    သို့ဖြစ်ရာ အထက်ပါရေးသားဖေါ်ပြချက် များကို ထောက်ခံပါကြောင်း၊ အကောင်အထည်ဖေါ်သွားကြရန် တိုက်တွန်းအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

*