ပြည်တွင်းသတင်း — ရန်ကုန်၊သြဂုတ် ၂၆၊ ၂ဝ၁၂

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသော လက်ရှိအနေအထားများကို အခြားနိုင်ငံသားများအား သိစေချင်သော စိတ်ကို အရင်းခံကာ မြန်မာ ဘလော့ဂ်ဂါ နေဘုန်းလတ်သည် လာမည့် သြဂုတ်လ နောက်ဆုံးပတ်တွင် အမေရိကန်နိုင်ငံရှိ အိုင်အိုဝါတက္ကသိုလ် (University of Iowa)သို့ သွားရောက်မည် ဖြစ်သည်။

ဘလော့ဂ်ဂါ နေဘုန်းလတ်

ဘလော့ဂ်ဂါ နေဘုန်းလတ်

အဆိုပါ ခရီးစဉ်သည် အမေရိကန် နိုင်ငံ၊ အိုင်အိုဝါ တက္ကသိုလ်မှ ပြုလုပ်သော ပရိုဂရမ်တစ်ခုကို တက်ရောက်ရန် ဘလော့ဂ်ဂါ နေဘုန်းလတ်အား ယင်းတက္ကသိုလ်မှ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ပရိုဂရမ် ကာလမှာ ၃ လ ဖြစ်သည်။ အဆိုပါ ပရိုဂရမ်ကာလ အတွင်း ဘလော့ဂ်ဂါနေဘုန်းလတ် အနေဖြင့် မည်သည့်ကိစ္စများ ပြုလုပ် မည့်အကြောင်းကို မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်ရာ “အဓိက လုပ်ဖြစ်မှာကတော့ အွန်လိုင်းမီဒီယာ အကြောင်း ပေါ့။ အွန်လိုင်းမီဒီယာက အခုဆိုရင် ဘယ်သူမှ လက်လွှတ်လို့ မရတော့ဘူးလေ။ အဲဒီအွန်လိုင်းမီဒီယာမှာ အကျိုး၊ အပြစ်တွေ အများကြီး ရှိတယ်။ အဲဒါကို ဘယ်လိုပြန်ပြီး လုပ်သင့်သလဲ ဆိုတာမျိုးတွေကို ကျွန်တော့် အတွေးအမြင်တွေနဲ့ စာတမ်းလုပ်ထားတာကို ဖတ်ဖြစ်မယ်”ဟု ဖြေကြားသည်။

အခြား မည်သည့် အကြောင်းအရာများကို ပြုလုပ်ဖြစ်ဦးမည် ဆိုသည်ကိုလည်း ယင်းက “နောက်ထပ်တစ်ခု ထပ်ရွေး ခိုင်းရင်တော့ ကျွန်တော်ထောင်ထဲမှာ နေခဲ့စဉ်ကရေးထားတဲ့ ကျဉ်းထဲကြပ်ထဲက အနုပညာဆိုတဲ့ ဟာပေါ့။ ထောင်ထဲမှာ အနုပညာကို ဘယ်လို ဖန်တီးတဲ့ အကြောင်းတွေ ပြောဖြစ်မယ်”ဟု ဆိုသည်။

အမေရိကန်နိုင်ငံရှိ အဆိုပါ ပရိုဂရမ်သို့ ၂ဝဝ၉ ခုနှစ်က သွားရောက်ခဲ့သော စာရေးဆရာကျော်ဝင်း၏ ခရီးစဉ် မှတ်တမ်းစာအုပ် ဖြစ်သော မစ္စပီခရီးသည် စာအုပ်ကို ထောင်အတွင်း ဖတ်ရှုခဲ့စဉ် ကတည်းက ကိုယ်တိုင် သွားရောက်ခဲ့ချင်ကြောင်းလည်း ယင်းက ပြောကြားသည်။ ယခုကဲ့သို့ ယင်းပရိုဂရမ်တွင်သွား ရောက်ပါဝင် နိုင်ရန်အတွက် ယခင်က တက်ရောက်ခဲ့ဖူးသော သူများ၏ ထောက်ခံ အားပေးမှုများအပေါ်တွင် မူတည်သည်ဟု ဆိုသည်။

အိုင်အိုဝါ တက္ကသိုလ်၏ ပရိုဂရမ်သို့ သွားရောက်ချင်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ဘလော့ဂ်ဂါ နေဘုန်းလတ်က “ကျွန်တော်တို့ နိုင်ငံမှာ အခုပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီ ဆိုတဲ့အကြောင်း၊ ပွင့်လင်းလာပြီဆို တဲ့ အကြောင်းတွေကို တခြားနိုင်ငံတွေကို သိအောင် ပြောပြချင်တယ်။ ဒီပရိုဂရမ်မှာ တခြားနိုင်ငံကလူတွေ လည်း အများကြီးလာကြမှာဆိုတော့ ပိုပြီးကျယ်ပြန်တာပေါ့။ ပြီးရင် နိုင်ငံတကာကနေ မြန်မာနိုင်ငံမှာ ပြန်အသုံး ချလို့ရမယ့်အချက်အလက်တွေကို စုဆောင်းခဲ့မယ်။ ပြီးရင်ကိုယ့်နိုင်ငံမှာ ပြန်ပြီး ဝေမျှပေးချင်တယ်”ဟု ပြောကြားသည်။

အဆိုပါ အိုင်အိုဝါ တက္ကသိုလ်၏ ပရိုဂရမ်သို့ လာရောက်ရန် စတင် အကြောင်းကြားစဉ် မှစ၍ ပြည်ပထွက်ခွာခွင့် ဗီဇာအား လျှောက်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာမှုများ ရှိခဲ့သည်။ ထို့ကြောင့် သွားရောက်ရန် အချိန်နီးကပ်လာသဖြင့် မိမိ မသွားနိုင်တော့ဟု ထင်ကာ အခြားတစ်ဦးအား အဆိုပြု ရွေးချယ်ရန် ယင်းတက္ကသိုလ်သို့ အကြောင်းကြားခဲ့သည်။ ယခင် အဆိုပါ ပရိုဂရမ်သို့ တက်ရောက်ဖူးသူများ၏ အဆိုပြုချက်များဖြင့် မြန်မာကဗျာဆရာမ တစ်ဦးဖြစ်သူ ပန်ဒိုရာကို သွားရောက်ရန် ရွေးချယ်ခဲ့သည်။ သြဂုတ် ၂၅ ရက် တွင် ယင်းပရိုဂရမ် စတင်မည် ဖြစ်သည်။ သြဂုတ် ၂၁ ရက်တွင် ဘလော့ဂ်ဂါ နေဘုန်းလတ်အား ပတ်စ်ပို့ ထုတ်ပေးခဲ့သည်။ ထို့ကြောင့် ယင်းတက္ကသိုလ်သို့ သွားရောက်ရန် ပြန်လည်ကြိုးစားခဲ့ပြီး ဗီဇာရရှိမည့် အနေအထား ရှိသဖြင့် ယခုကဲ့သို့ သွားရောက်ရန် စီစဉ်နေရခြင်း ဖြစ်သည်။ ပရိုဂရမ်သို့ အနည်းငယ် နောက်ကျမှသာ တက်ရောက်နိုင်မည် ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်အတွက် အိုင်အိုဝါ တက္ကသိုလ်၏ ပရိုဂရမ်သို့ မြန်မာပြည်မှ စာရေးဆရာ ၂ ဦး တက်ရောက်ခွင့်ရခြင်း ဖြစ်သည်။

ဘလော့ဂ်ဂါ နေဘုန်းလတ်သည် ၂ဝဝ၄ ခုနှစ်မှစ၍ အတွေးဆောင်းပါးများ ရေးသားခဲ့သူ ဖြစ်သည်။ ဝတ္ထုတိုများ၊ နည်းပညာဆိုင်ရာ ဆောင်းပါးများ အက်ဆေးများလည်း ရေးသားခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် “ကျွန်တော်လွတ် ကျခဲ့တဲ့မြို့တော်” အမည်ဖြင့် ဘလော့ဂ်တစ်ခု ဖန်တီးကာဝတ္ထုတိ၊ု ကဗျာ၊ ဆောင်းပါးများ၊ အက်ဆေးများကို ရေးသားခဲ့သည်။

စင်္ကာပူ အခြေစိုက် သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်းအယ်ဒီတာများထဲမှ တစ်ဦး ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

အိုင်အိုဝါ တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ အရေးအသား အစီအစဉ် IWP တွင် ၁၉၉၂ ခုနှစ်မှ စတင်ကာ မြန်မာ စာရေးဆရာများကို နှစ်စဉ်ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*