သတင်းဆောင်းပါး — ဖေဖော်ဝါရီ ၆၊ ၂ဝ၁၃

Lapandaung Mountian

လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကြေး နီသတ္တုတွင်း တိုးချဲ့ရန် တပ်မတော်ပိုင် ကုမ္ပဏီ တစ်ခုနှင့် တရုတ်ပါတနာ ကုမ္ပဏီတို့အတွက် စပါးစိုက်ပျိုးရာ လယ်ကွက်ကြီး တစ်ကွက်ကို အသက် ၅၄ နှစ်ရွယ် ကျေးရွာ အကြီးအကဲ ဦးသိန်းထံ ဒေသအစိုးရ ကိုယ်စားလှယ်တစ်ဦးက ဒေါ်လာ ၆ဝဝ နှင့် ငှားရန် ကမ်းလှမ်း ခဲ့ရာ ဦးသိန်းက ငြင်းဆန် ခဲ့သဖြင့် ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသည်။ သူမရှိတော့သည့် အချိန်တွင် လက်နက်ကိုင် အစောင့်များ နှင့်အတူ မြေထိုးစက်ကြီးများ အရုဏ်မတက်မီ ရောက်ရှိလာပြီး ထိုရွာရှိအိမ်များမှ တစ်စုံတစ်ဦး ထွက်လာပါက အကြမ်းဖက်ရန်ပြုမည်ဟု ခြိမ်းခြောက် စကား ပြောကြားခဲ့သည်။

အဆိုပါ မြေယာ သိမ်းဆည်းခံရမှုမှ နှစ်စဉ် ဝင်ငွေဆုံးရှုံးမှု ဒေါ် လာ ၆၆,ဝဝဝ ခန့်ရှိမည်ဟု ဦးသိန်းက တွက်ချက် ပြပြီး တစ်နှစ်နီးပါး ကြာသည့်တိုင် လျော်ကြေး မရသေးကြောင်း ပြောသည်။ “ငွေက ယာယီ ပြဿနာပါဗျာ၊ မြေဆုံးရတာက လာမယ့် မျိုးရိုးစဉ်ဆက်အဖို့ ထာဝရပါ” ဟု သူကဆိုပါသည်။

မြန်မာနိုင်ငံသစ်တွင် စစ်အာဏာရှင်စနစ်၏ အမှောင်နှစ်ကာလ များအတွင်း ကျေးလက်လူ့အဖွဲ့အစည်း များမှာ မြေယာ လုယက် သိမ်းယူခံရမှု ကပ်ဘေးတစ်ခုကို ကြုံတွေ့ခံစား ခဲ့ကြရသည်။ ဒဏ်ခတ် ပိတ်ဆို့မှုများ လွန်မြောက်၍ ဤအပစ်ပယ်ခံ နိုင်ငံဟောင်း၌ ရင်းနှီးမြှုပ်နှံသမှု ပြုရန် အနောက်တိုင်း အစိုးရခေါင်းဆောင် များက အားပေး အားမြှောက် ပြုနေကြစဉ် ကြီးမားသော အကျိုးအမြတ်အတွက် ဆင်းရဲသား ပညာမဲ့များကို အဆက်အသွယ် ကောင်းသူ စီးပွားရေးသမားများက စနစ်တကျ အမြတ်ထုတ်နေကြသည့် အမှုအခင်းများ တစ်ပုံကြီး ပေါ်ပေါက်လာပါ သည်။

အချို့သော သိမ်းယူမှုများမှာ ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင် သိမ်းသွင်းရေးအတွက် လိုအပ်ကြောင်း မြန်မာအရာရှိများ က ငြင်းခုံတတ်ကြပါသည်။ ဝေဖန် ထောက်ပြသူများ ကမူ ဤနိုင့်ထက်စီးနင်း မြေယာလုယက် သိမ်းယူမှုများမှာ ပြုပြင်ပြောင်းလဲရေးစိတ် ရှိသည့် အစိုးရသစ်နှင့် တရုတ်နိုင်ငံနှင့် ကာလကြာရှည် ဆက်ဆံမှုရှိခဲ့သော စစ်တပ်ကို စမ်းသပ်နေကြောင်း ပြောကြပါသည်။

“မြန်မာနိုင်ငံရဲ့ အခွင့်အရေး အနည်းဆုံး နိုင်ငံသားတွေဟာ နိုင်ငံတစ်ဝန်းမှာ ဖိနှိပ်ခံနေရဆဲ၊ အာဏာရှိ အခွင့် ထူးခံတွေနဲ့ သူတို့ရဲ့ နိုင်ငံတကာ အပေါင်းအဖော်တွေဆီမှာ မြေယာတွေ အဆုံးရှုံးခံနေရဆဲ၊ လူ့ အခွင့်အရေးတွေ ရဖို့ ရပ်တည်ရာမှာ မတော်မတရား ပြုမှုတွေကို ရင်ဆိုင်နေရဆဲပါ” ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့ (HRW) မှ မြန်မာ့ အရေးကျွမ်းကျင်သူ မက်သယူးစမစ်က ပြောသည်။ “နိုင်ငံတကာရဲ့ ချီးကျူးမှုကို ရနေတဲ့ ဒီအစိုးရကပဲ တစ်ခါတလေမှာ အဖိုးတန် သယံဇာတတွေပေါ် နေထိုင် နေရတဲ့ လူမှု အသိုက်အဝန်းတွေကို အကြမ်းပတမ်း တွန်းထုတ်ဖယ်ရှားနေတယ်” ဟု သူက ဆိုပါသည်။

ယခင် စစ်အစိုးရ၏ လွှမ်းမိုးမှု မရှိတော့သော်လည်း ယမန်နှစ်က အတည်ပြုပြဋ္ဌာန်းခဲ့သော မြေယာ ဥပဒေ သစ်နှစ်ခုမှာ အမျိုးသား အကျိုးစီးပွားအတွက် အစိုးရကို မြေယာသိမ်းယူခွင့် အာဏာ အကျယ်အပြန့် ပေးထား မှုအတွက် အပြင်းအထန် ဝေဖန်ခံနေရသည်။ ဤဥပဒေများ ကို မပြင်ဆင်ပါက မြန်မာနိုင်ငံ သည် မြေယာ လုယက် သိမ်းယူမှု ကပ်ရောဂါအန္တရာယ် ရှိကြောင်း၊ ကုလသမဂ္ဂသို့ အာရှလူ့အခွင့်အရေး စောင့်ကြည့် လေ့လာမှု ကော်မရှင် (AHRC) က ပြောကြားခဲ့သည်။

ယခုအခါတွင် ဝေးလံခေါင်ဖျားသော တောင်ပိုင်း ကမ်းရိုးတန်း နှင့် ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်းအဆက် အသွယ် ရှိသည့် မြောက်ပိုင်းနယ်စပ် ဒေသများမှသည် မြေဆီသြဇာ ကောင်းမွန်သည့် လယ်ယာမြေထိ မြေယာသိမ်းယူမှု သတင်းများ အနှံ့အပြား ကြားသိနေရသည်။

မန္တလေးမြို့အနောက်ဘက် ကြေးနီထွက်ရှိရာ နယ်မြေဖြစ်သော လက်ပံတောင်းတောင်ဒေသရှိ ရွာ ၂၆ ရွာမှ ၄ ရွာမှာ မြေလှန်ခံခဲ့ရ ပြီး ဒေသခံလူမှုအသိုင်းအဝိုင်းမှာ သတ္တုတွင်းစီမံကိန်းအတွက် မြေဧက ၇၈ဝဝ ကျော် ဆုံးရှုံး ခံခဲ့ရသည်။ အချို့ဒေသခံများမှာ အစိုးရက ဆောက်လုပ်ထားသော ပြန်လည်နေ ရာချထားရေးစခန်းများသို့ ပြောင်းရွှေ့ ခံခဲ့ရသည်။ အချို့က သူတို့မြေ ယာများကို ရေတိုအသုံးပြုမှုအတွက် ငွေလက်ခံယူရန် လိမ်ညာ လှည့်ဖျား ခံရပြီးနောက်မှ လုံးလုံးလက်လွတ် ဆုံးရှုံးရပြီဖြစ်ကြောင်း သိရတော့သည်ဟု ဆိုပါသည်။

အလေ့အထ မရှိကြ၍ ဘယ်သူမှ စကားမဟရဲခဲ့ကြ။ သို့သော် ပြု ပြင်ပြောင်းလဲမှု ဒီရေအတက်တွင် အခွင့်အခါ ကျရောက်လာပြီး ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်ကုမ္ပဏီ (UMEH) နှင့် တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်ရာ ဤစီမံကိန်းကို ဆန့်ကျင်သည့် ဒေါသထွက်နေသော ဒေသခံတို့၏ စုရုံးမှု ဖြစ်ပေါ်လာ ခဲ့ကြောင်း ကျောင်းသား စည်းရုံးရေးမှူး ဖြစ်သူ အသက် ၂၇ နှစ်ရွယ် ကိုရဲရင့်ကျော်က ပြောပါသည်။ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအပေါ် လူထု၏ဖိအားကို ရင်ဆိုင်ခဲ့ရ၍ အခြားမြန်မာစစ်ဘက်နှင့် တရုတ် ဖက်စပ် စီမံကိန်း ဖြစ် သည့် ဒေါ်လာ ၃.၆ ဘီလျံတန်မြစ်ဆုံ ဆည်တည်ဆောက်ရေးကို ရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က ၂ဝ၁၁ စက်တင်ဘာတွင် အမိန့်ထုတ်ပြန်ခဲ့ရာမှ ဆက်လက်၍ ဤကန့်ကွက် ဆန္ဒပြမှု ပေါ်ပေါက်ခဲ့ရကြောင်း သူက ရှင်းပြပါသည်။

ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြ ရာ သပိတ်စခန်းတစ်ခုမှာ တရုတ်ကုမ္ပဏီဝင်း အဝင်ဝ ပြင်ပတွင် ကြီးထွားစ ပြုလာခဲ့ပြီး ဒေသ အာဏာပိုင်များက  လုပ်နေကျ နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ဖြိုခွဲနှိမ်နင်းမှုအတွင်း နံပါတ်တုတ်ကိုင်ရဲ များ၏ မြင်မြင်သမျှ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ဆန္ဒပြသူ ရာနှင့်ချီ၍ ထိခိုက်ခံရသည်။ မျက်ရည်ယိုဗုံး ဒဏ်ကြောင့် သံဃာတော် ဒါဇင်နှင့် ချီပြီး ဆေးရုံတင်ခဲ့ရသည်။ အကြမ်းဖက် ဖြိုခွဲမှုနောက်တွင် အမေရိကန် နိုင်ငံခြားရေး ဌာန၏ ပြစ်တင်ရှုတ်ချမှု၊ ဒေသတွင်း ဘုန်းတော်ကြီးကျောင်း များနှင့် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များ၏ မြို့ကြီးများတွင် ဆန္ဒပြ ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့ပြီး အစိုးရက ဝန်ချတောင်းပန်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လွတ်လပ်သော ကော်မရှင် တစ်ရပ်ကို စီမံကိန်း အနာဂတ်နှင့် ပတ်သက်၍ သုံးသပ်ရန် တာဝန်ပေး ခဲ့ရသည်။

UMEH ပြောခွင့်ရပုဂ္ဂိုလ်နှင့် မြန်မာအစိုးရအရာရှိများကမူ ကော်မရှင်တွေ့ရှိချက်များ မထုတ် ပြန်မီ ထင်မြင်ချက် တစ်စုံတစ်ရာ ပေးရန် ငြင်းဆန်ခဲ့ကြသည်။ တရုတ်နိုင်ငံကလည်း မြစ်ဆုံလိုမျိုး ထပ်မဖြစ်စေရန် ပိုင်းဖြတ် ထားဟန် ရှိသည်။ တရုတ်အစိုးရသတင်းစာ ဂလိုဘယ်တိုင်း(မ)တွင် အယ်ဒီတာ့ အာဘော်မှ လက်ပံတောင်း စီမံကိန်း ရပ်ဆိုင်းခြင်း ကို နှစ်ဖက်အရှုံးအနေ အထားတစ်ခုဟု ခေါ်ဆိုရေးသားခဲ့ သည်။ “အနောက်တိုင်းမှ အချို့ သော အင်အားစုများ အပါအဝင် တတိယ အုပ်စုများကသာ ဤသို့သော အဖြေကို မြင်လိုကြပါလိမ့်မည်” ဟု ဖော်ပြခဲ့သည်။

ယခုအခါ တူးဖော်မှုများ ဆက် လက်လုပ်ဆောင်နေသည်။ အင်္ဂတေ ဘားတိုက်များနှင့် ယန္တရား အသုံးအဆောင် များကြား ဆန္ဒပြစခန်း အပျက်အစီးများကို ဝတ်စုံဝတ် ခမောက်ဆောင်း တရုတ်အလုပ် သမားများ ရှင်းလင်းနေကြသည်ကို ကုမ္ပဏီ အစောင့်များက စောင့်ကြပ် ကြည့်ရှုခဲ့ကြသည်။ မာရှယ်လော ထုတ်ထားကြောင်း လူတိုင်းကို နှိုးဆော်သည့် အချက်ပြ သတိပေးချက် အမှတ်လက္ခဏာ တစ်ခုဖြစ်ပါသည်။

စီမံကိန်း တိုးချဲ့မှုသာ ပြီးပြည့်စုံသွားပါက တစ်ချိန်က စိမ်းလန်းစိုပြည်ခဲ့သော လက်ပံတောင်း လယ်ယာမြေမှာ လွင်တီးခေါင်တစပြင်ဖြစ် ပြီး ခြေသလုံးအိမ်တိုင်အလုပ်သမား များက ကြေးနီ အကြွင်းအကျန် ကလေးများ လက်တစ်ဆုပ် စာကို ကျတ်တီးမြေတွင် ရှာဖွေတူးဆွနေ ကြရပေလိမ့်မည်။

အနီးအနားရှိ ကန်ကုန်းရွာ ကလေးတွင် ကြာမြင့်စွာ နေထိုင်ခဲ့ ကြသူများက သူတို့ရွာအစွန်ရှိ အက်ဆစ်စက်ရုံမှ သတ္တု တူးဖော်ရေး ဓာတုပစ္စည်း များကြောင့် သောက် ရေနှင့် သီးနှံများတွင် အဆိပ်သင့်ပြီး ကျန်းမာရေး ပြဿနာ များ ဖြစ်ခဲ့ရကြောင်း၊ စက်ရုံမှ ခဲတစ်ပစ်စာ အကွာတွင် နေထိုင်သော ကလေး အမြောက်အမြားမှာ မျက်စိ မမြင် ခြင်းနှင့် မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ပေါ်ခဲ့ရကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။ သိပ္ပံနည်းကျ စမ်းသပ် စစ်ဆေးမှု အဖြေများကို လူသိရှင် ကြား မထုတ်ပြန်ခဲ့သော်လည်း ကြောက်ရွံ့စိုးရိမ်မှုများက တည်ရှိ နေဆဲပင်။ “ကလေးထပ်မွေးဖို့ ကျွန်တော်တို့ ကြောက်နေပြီ။ ဒီမြေ က မသန့်တော့ဘူး” ဟု အသက် ၄ဝ အရွယ် မြေပဲ တောင်သူ ဦးအောင်စိုးက ပြော ပါသည်။

သတ္တုတွင်းကို ဖြတ်သန်း သွားလာရာ လမ်းတစ်လျှောက်ရှိ အရိပ်ကောင်းသော ဘုန်းကြီးကျောင်းတစ်ခုတွင် ခန္ဓာကိုယ် ကျစ်လျစ်သွက်လက်သော မန္တလေးအခြေစိုက် ရှေ့နေတစ်ဦးဖြစ်သည့် ဦးမြင့်သိန်း က မြေယာ ပိုင်ဆိုင်ခွင့်ဆိုင်ရာ အခမဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ ပြီး လယ်ယာသမား ၃ဝ ခန့်ပါဝင် တက်ရောက် ခဲ့ကြသည်။ တစ်ဦးချင်း အမြင်အရမူ လက်ပံတောင်း၏ ကံကြမ္မာနှင့်ပတ်သက်၍ သူက သံသယရှိသည်။ မြစ်ဆုံ စီမံကိန်းပြို ကွဲပျက်စီးမှုနောက်ပိုင်း တရုတ်၏ နိုင်ငံရေးဖိအား အတိုင်းအတာကို မှတ်သားမိခြင်းနှင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော စုံစမ်းရေး ကော်မရှင် ၏ တရားဝင် လုပ်ပိုင်ခွင့် အာဏာကင်းမဲ့မှုကို သတိပြုမိခြင်းကြောင့်ပင်။

“ဒီမှာရှိတဲ့ ဥပဒေက စစ်ဘက်က လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ သူတို့ရဲ့ ခရိုနီတွေကို မျက်နှာသာ ပေးနေ တုန်းပဲ” ဟု သူက ပြော သည်။ “ဥပဒေရေးရာ ပြုပြင် ပြောင်းလဲမှုနဲ့ တရားဥပဒေ စိုးမိုးရေးတွေ အလေးအနက် လုပ်ပြီးတာတောင် လယ်သမားတွေအတွက် အာမခံချက်က ရှိမှာမဟုတ်ဘူး”ဟု သူက ဆိုပါသည်။ မြေယာ သိမ်းယူမှုများကို ဆိုင်းငံ့ထားသော် လည်း နှင်ထုတ်ခံရမည့် အန္တရာယ်မှာ ရှိနေသေးကြောင်း ပရိသတ်အများစုကို သူက အသိပေး ရှင်းပြခဲ့သည်။

“ဒါဆို ဒီအချိန်မှာ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ” ဟု ရွာသား တစ်ဦးက မေးသည်။ “လယ် ဆက်လုပ်ပေါ့” ဟု သူက မထီပြုံးဖြင့် ပြောပါသည်။ အခြားသူများ အတွက်မူ ရွေးချယ်စရာ မရှိတော့သည်မှာ ရှင်းပါသည်။ ဘဝ တစ်လျှောက်လုံး ဂျုံစိုက် တောင်သူတစ်ဦး ဖြစ်ခဲ့သူ  အသက် ၆ဝ ရွယ် ဦးကြွက်နီမှာ သူ့မိသားစုနှင့်အတူ လွန်ခဲ့သည့် နှစ်က လက်ပံတောင်း တစ်ဝိုက်ရှိ ပြန်လည် နေရာချထားရေးစခန်း လေးခုအနက် တစ်ခုသို့ ရွှေ့ပြောင်းခံခဲ့ရသူ ဖြစ်ပါသည်။ ယမကာအရှိန်ကြောင့် သူ့မျက်လုံးတွေက နီနေသည်။ သူက သူ့အိမ်အမိုးက မိုးယိုကြောင်းနှင့် သူ့ဟင်းသီးဟင်းရွက် စိုက်ခင်းက သေး လွန်းကြောင်း တဖျစ်တောက်တောက် ညည်းတွားနေ သည်။

အစည်းအဝေး ပြုလုပ်နေစဉ်အတွင်း ပလတ်စတစ် ခမောက်များ ဆောင်းထားသည့် လူအပြည့်ပါသော ထရပ်ကား တစ်စီး ရုတ်တရက်ထိုး ဆိုက်လာသည်။ သူ့ကို နှင်ထုတ်ခဲ့သော တရုတ်သတ္တု တူးဖော်ရေး ကုမ္ပဏီ အတွက် ယခုအခါတွင် လုံခြုံရေး အစောင့်တစ်ယောက် လုပ်နေသည့် သူ့သားကို တင်ခေါ်ရန်ဖြစ်သည်။ “အခုကျွန်တော်တို့မှာ ဘာများ ရွေးစရာ ရှိလို့လဲ” ဟု ဦးကြွက်နီက ပြောသည်။ “ငြင်းဖို့ ဆိုတာက စဉ်းစားလို့ မရပါဘူး”ဟု သူက ဆိုပါ သည်။

(ဤသတင်းဆောင်းပါးကို အကျပ်အတည်း သတင်းရေးသားမှု ဆိုင်ရာ ပူလစ်ဇာစင်တာ အတွက် Motlagh က ရေးသား၍ ဝါရှင်တန် ပို့(စ)သတင်းစာ တွင် ဖော်ပြခဲ့သည်။)

Ref: northjersey.com

ဝ၄ဝ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*