မင်္ဂလာဒုံလေဆိပ်ကား မိုးမလင်းခင်ကပင် နိုးထနေပြီ။ လုံခြုံရေး သမားများနှင့် မီဒီယာသမားများ ကား သမိုင်းဝင် နေ့တစ်နေ့၏ နိဒါန်းကန့်လန့်ကာကို သည်နေရာမှာ ဖွင့်ခဲ့ ကြပြီ။ သည်နေ့သည် နှစ် ၆ဝ  အတွင်း ထူးခြားသော နေ့တစ်နေ့။ ရန်ကုန်သည် သူ၏ ဂန္ထဝင်မြောက်မှုကို ထပ်မံ ထိန်းသိမ်းလိုက်သောနေ့။

နံနက်ပိုင်း ရောက်ရှိလာစဉ်

နံနက်ပိုင်း ရောက်ရှိလာစဉ်

အရေးကြီးပုဂ္ဂိုလ် ဆိုက်ရောက်ပြီ

ဆယ့်နှစ်လမ်းသွား လမ်းမကြီးမျိုး၏ ကျယ်ဝန်းမှုကို မမီသည့်တိုင် ရန်ကုန်မြို့၏ အထင်ကရ ပြည်လမ်းမကြီး သည် အထူးအရေးကြီးပုဂ္ဂိုလ်၏ ခရီးစဉ်ကြောင့် ရှင်းလင်းဆိတ်ငြိမ်နေရာ သာမန်ထက်ပင် ပိုမို ကျယ်ဝန်း လာသယောင်။ လမ်းကြောင်း ပိတ်ထားမှုမရှိသည့် လမ်းမကြီးအချို့မှာမူ ကားပိတ်ဆို့မှုက အသည်းအသန်။ တက်စီဆရာများ က အိမ်ပြန်အိပ်ရန် ကြံသကဲ့သို့ ဝန်ထမ်းအချို့ကလည်း ကားလမ်းမှာ အချိန်လင့်ရကား ရုံးကို ခွင့်တိုင်ကာ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်ရသည်။ သမိုင်းဝင်မိန့်ခွန်းကို တက်ရောက် ခွင့်ရသည့်ဖိတ်ကြားခံရသူ နိုင်ငံ သားများလည်း မနက်စောစော ကပင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမအရောက် ကားတစ်တန် ခြေ လျင် တစ်လှည့်လာခဲ့ကြပြီ။ ထို့ နောက် ဘွဲ့နှင်းသဘင်ခန်းမနောက် ကျောမှာ စီတန်းစောင့်စားကြရာ အယုတ်အလတ်အမြတ်မရွေး ဦးသူ ရှေ့၊ နှောင်းသူနောက် အစဉ်အလာ အတိုင်း။ မြန်မာတွေ အမေရိကန် ထုံးကို နှလုံးမူသည့်ခဏ။

စင်စစ် ထိုလူတန်းကြီး၏ အဦး အစကို စတင်တန်းစီသူက စီနေချိန်မှာ အမေရိကန်သမ္မတက မင်္ဂလာဒုံ လေဆိပ် ကိုရောက်စပင် ရှိသေးသည်။  ကိုယ်ပိုင်လေယာဉ်ပေါ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟီလာရီ ကလင်တန်နှင့်အတူ ဆင်းလာသည့် သမ္မတအိုဘားမားကား အရေးကြီး ပုဂ္ဂိုလ်နားနေဆောင်ကိုပင် မဖြတ် သန်းတော့ဘဲ လေယာဉ်ကွင်းထဲတွင် အသင့်စောင့်နေသော၊ လွန်ခဲ့သည့် ရက်များကပင် ကြိုတင်ယူဆောင် လာခဲ့သည့် ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်ချေပြီ။

သမ္မတ လိုက်ပါလာသည့် ကားတန်း

သမ္မတ လိုက်ပါလာသည့် ကားတန်း

သမ္မတချင်း တွေ့ကြသည်

သမ္မတအိုဘားမားနှင့် အဖွဲ့ကား နိုဝင်ဘာ ၁၉ တနင်္လာနေ့ မနက် ၁ဝ နာရီ ၂ဝ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အအုံသို့ ရောက်ရှိလာခဲ့ပြီ။ ပြည်ထောင်စု လွှတ်တော် အဆောက်အအုံ အဖြစ် ခဏသာ စံမြန်းခွင့်ရှိခဲ့သော အဆောက်အအုံကြီးလည်း သူ၏ ဂန္ထဝင်ကာလများတွင် မရရှိခဲ့သော ဂုဏ်သရေကို ဆည်ရန် အကူအညီကောင်း ဖြစ်မည့် သမ္မတနှစ်ပါးကို မျှော်နေဘိအလား မျက်နှာချင်းဆိုင်မှ ရွှေတိဂုံစေတီတော်အား မမှိတ်မသုန် ကြည့်ကာ စောင့်စားလျက်။

သမ္မတ ဦးသိန်းစိန်ကလည်း လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကာလ အတွင်း အမေရိကန်-မြန်မာဆက်ဆံ ရေးမှာ အကြောင်းကြောင်းကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်ဟု သမ္မတအိုဘားမားကို ပြောခဲ့သည်။ ထို့ပြင် သမ္မတ အိုဘားမား၏ အမြော်အမြင်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီးတို့၏ ကြိုးပမ်းအားထုတ် မှုများကို ချီးကျူးပြောဆိုကာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တန်းတူ ရည်တူရှိမှု၊ စာနာမှု၊ တန်ဖိုးထားမှု များဖြင့် ရှေ့သို့ ဆက်မည် ဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေး နှင့် လူ့အခွင့်အရေးတို့ကို ကမ္ဘာ့စံချိန် စံညွှန်းများနှင့် အညီ ဆောင်ရွက်နိုင်ရန် မြန်မာလူမျိုးများ၏ အရည်အသွေး၊ အဆင့်အတန်းများ မြင့်မားလာရန် နှင့်ဝန်ထမ်း များ၏ အရည်အသွေးကို မြှင့်တင်နိုင်ရေး အမေရိကန်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမေရိကန် သမ္မတကြီး သုံးစွဲပြောဆိုလေ့ ရှိသည့်အတိုင်း ရှေ့သို့ဆက်လက်၍ (Move Forward) ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြုံးရွှင် ရယ်မောစွာ ပြောကြားခဲ့ပြန်သည်။

အမေရိကန်သမ္မတ အိုဘားမား ကလည်း သမ္မတဦးသိန်းစိန်၏ ခြေ လှမ်းများဖြစ်သည့် လူ့အခွင့်အရေး ကိစ္စရပ် များကို အမေရိကန်တို့နှင့် ဆွေးနွေးရန် ဆုံးဖြတ်ချက်၊  ဒီမို ကရေစီရေးကြိုးပမ်းချက်နှင့် ယုံ ကြည်ချက်ကြောင့် အကျဉ်းကျသူ များအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့မှုများက မြန်မာနိုင်ငံအတွက် အလားအလာကောင်းများကို ဆောင်ကြဉ်းပေး ခဲ့ပါကြောင်း၊  ယခုခြေ လှမ်းမှာ ရှည်လျားလှသည့် ခရီးအ တွက် ပထမခြေလှမ်းသာရှိသေး သည်ဟူသည့် ယင်း၏အမြင်ကို လည်း လက်ခံပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ခိုင်မာသည်ထက် ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက် ကြခြင်းဖြင့် မြန်မာနိုင်ငံအတွက် သာမကဒေသတွင်းနိုင်ငံများအတွက် ရော နိုင်ငံတကာ အသိုင်းအဝိုင်း အတွက်ပါ ထူးခြားတိုးတက်မှုများ ကိုဆောင်ကြဉ်းနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ နောက်ဆုံးအနေဖြင့် အိုင်အေအီးအေ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ၏ နောက်ဆက်တွဲ စည်းမျဉ်း စည်းကမ်းများ အပါအဝင် လူအများအပြားအား သေကျေပျက်စီးစေနိုင်သည့် လက်နက်ကိရိယာများ မပျံ့ပွားအောင် ဆောင်ရွက်မှုကို ဆုံးဖြတ်ဆောင်ရွက် နိုင်ခဲ့ခြင်းမှာ အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုကို လျော့ကျစေခဲ့သဖြင့် ချီးကျူးမိပါ ကြောင်းတို့ကို ပြန်လည် ပြောကြားခဲ့ပါသည်။

ထိုသို့ သမ္မတနှစ်ဦး တွေ့ဆုံပွဲတွင် မြန်မာဘက်မှ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊  ဦးအောင်မင်းနှင့် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ အမေရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးသန်းကျော်တို့ တက် ရောက်ကြကာ အမေရိကန် ပြည်ထောင်စုဘက်မှ နိုင်ငံခြားရေး ဝန်ကြီး မစ္စဟီလာရီ ကလင်တန်၊ အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ မစ္စတာသောမတ်စ် ဒိုနယ်လ်လန်၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးရာ ဒုတိယ အမျိုးသား လုံခြုံရေး အကြံပေး မစ္စတာ မိုက်ကယ် ဖရိုမန်၊ အာရှ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကင်းမ်ဘဲလ်၊ နည်းဗျူဟာ ဆက်သွယ်ရေး ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာဘန်ရို့ဒ်စ်၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး  မစ္စတာဒဲရစ်မစ်ချယ်နှင့်အခြားအဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

နှစ်နိုင်ငံသမ္မတနှစ်ဦးသည် လတ် တလောတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပလျက်ရှိ သည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် အစီအစဉ်ဖြင့် ပြည်ပရောက်နေရာမှ ရန်ကုန်မြို့သို့ သမိုင်းဝင် အခမ်းအနား အလို့ငှာ နိုဝင်ဘာ ၁၉ ရက်အမီ ရောက်ရှိလာခဲ့ကြ ခြင်းလည်းဖြစ်ပါသည်။

ရွှေတိဂုံ စေတီ သောကြာထောင့်တွင် ရေသပ္ပါယ်နေစဉ်

ရွှေတိဂုံ စေတီ သောကြာထောင့်တွင် ရေသပ္ပါယ်နေစဉ်

ရွှေတိဂုံ စေတီတော်ကို ဖူးမြော်

အင်းလျားလမ်းတစ်လျှောက် ဖိတ်ကြားခံလူတန်းကြီးက နံနက် ၁၁ နာရီတွင် ဖွင့်ပေးလိုက်သည့် ဘွဲ့နှင်း သဘင် ခန်းမနောက်ကျော ဂိတ်တံခါးမှ တစ်ဦးချင်း စီတန်းကာ လုံခြုံရေးစစ်ဆေးခံရန် တရွေ့ရွေ့ ရွေ့နေ ကြသည့်အချိန်တွင် သမ္မတ အိုဘားမားနှင့်အဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မှ ရွှေတိဂုံ စေတီတော် သို့ ရွေ့လျားထွက်ခွာခဲ့ ကြသည်။

သမ္မတအိုဘားမားနှင့်အဖွဲ့ ရွှေ တိဂုံစေတီတော်သို့ ရောက်ချိန်မှာ နံနက် ၁၁ နာရီ ၄ဝ မိနစ်။ သည် အစီအစဉ်ကို အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလှုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တာဝန်ယူ ကာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့နှင့်အတူ ကြိုဆိုခဲ့ကြ သည်။ သမ္မတက တန်ဆောင်မုန်း နေရောင်အောက် တွင် ကုတ်အင်္ကျီပင် မပါတော့ဘဲ ရေချမ်း သပ္ပာယ်လှူ ဒါန်းခဲ့ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းသို့ ရောက်ရှိလာသော သမ္မတ အိုဘားမား

ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းသို့ ရောက်ရှိလာသော သမ္မတ အိုဘားမား

နှုတ်ခွန်းဆက် စကားများ ပြောကြားနေကြစဉ်

နှုတ်ခွန်းဆက် စကားများ ပြောကြားနေကြစဉ်

အောင်မြင်မှု အတုအယောင်၏ အလှည့်စားမခံ

မွန်းလွဲ ၁၂ နာရီ ၂ဝ မိနစ်တွင်ကား များပြားလှစွာသော အမေရိကန်လုံခြုံရေးနှင့် သတင်းအဖွဲ့များ ခြံရံလျက် သမ္မတ အိုဘားမားနှင့် အဖွဲ့သည် တက္ကသိုလ်ရိပ်သာလမ်းရှိ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရောက်လာခဲ့ ကြသည်။ သမ္မတအိုဘားမားနှင့် အတူပါလာသော လုံခြုံရေးနှင့် သတင်း အဖွဲ့ဝင် အင်အားမှာ  အိမ်ဖြူတော် သတင်းအဖွဲ့ဝင်များပါ ပါနေရာ အနည်းဆုံး ၃ဝ ဦးဝန်းကျင်။ မီဒီယာ လက်နက် ကိရိယာများကလည်း စုံလင်များပြား ကြီးမားနေရာယူ။ ပြည်တွင်းမီဒီယာသမားများအတွက် နေရာယူရန်ပင် ခက်သည်ထိ တစ်ကွင်းလုံးပြည့် သိမ်းပိုက်ထားသည်။ ပြည်တွင်း မီဒီယာသမားများမှာ အချိန်မီ စာရင်းမပေးနိုင် သည်မှအစ အခက်အခဲများစွာကြောင့် သတင်းယူခွင့် မရခြင်းများလည်း ရှိနေသည်။ ထို့ကြောင့် ၅၄ တက္ကသိုလ် ရိပ်သာ လမ်းအိမ်အတွင်း ဝင်ခွင့်မရသော သတင်းသမားအချို့မှာ အိမ်ပြင်မှသာ သတင်း ယူနိုင်ခဲ့သည် များလည်း ရှိနေသည်။

“ကျွန်တော်တို့ သမ္မတအိုဘား မားကားပေါ်ကဆင်းပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့ လက်အုပ် ချီနှုတ်ဆက်တဲ့ပုံ ကို ကောင်းကောင်း မရလိုက် ဘူး။ ဗီဒီယို ကင်မရာ သမားတွေကို ရှေ့ဘက်မှာ နေရာယူခိုင်းလိုက်လို့ ဒီလိုဖြစ်တာ။ ဓာတ်ပုံသမားတွေအားလုံး ကြုံရတဲ့ကိစ္စ ပါ”ဟု ကိုယ်တိုင် တင်းရယူခွင့် ရ သော ပြည်တွင်း သတင်းထောက် တစ်ဦးက ရင်ဖွင့်သည်။

ထို့ပြင် အမေရိကန်ဘက်မှ ချထားသော လုံခြုံရေး အင်အားနှင့် ပတ်သက်၍ “သူတို့တွေက လူအင်အား အရမ်းများတယ်ဗျ။ အိမ်ရှင်က နည်းနည်း၊ ဧည့်သည်က များများ ဆိုပါတော့ဗျာ”ဟု နေအိမ်ခြံဝင်းအတွင်းမှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးကလည်း ရှင်းပြသည်။

နေအိမ်ခြံဝင်း အပြင်တွင် သတင်းယူရန် စောင့်ဆိုင်းနေကြသည့် သတင်းသမားအချို့နှင့် ကြိုဆိုသူ အချို့

နေအိမ်ခြံဝင်း အပြင်တွင် သတင်းယူရန် စောင့်ဆိုင်းနေကြသည့် သတင်းသမားအချို့နှင့် ကြိုဆိုသူ အချို့

သမ္မတအိုဘားမားနှင့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦး တင်ဦး၊ ဦးဝင်းတင်တို့ပါ တွေ့ဆုံခဲ့ ကြပြီး မွန်းလွဲ ၁ နာရီ ၇ မိနစ်တွင် မီဒီယာများအား ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို ၃ မိနစ်ခန့် ပြုလုပ် ထုတ်ပြန်ခဲ့ကြသည်။ သမ္မတအိုဘား မားက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်နေရာကို မပြိုကွဲနိုင်သော သတ္တိနှင့်ဆုံးဖြတ်ချက်များ၏ ပြယုဂ် အဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန် ပြောဆိုရာတွင် “အကူးအပြောင်း တိုင်းအတွက် အခက်ခဲဆုံးအချိန် ဟာ ကျွန်မတို့က အောင်မြင်မှုကို မြင်နေရပြီလို့ ထင်တဲ့အချိန်ပါပဲ။ ကျွန်မတို့အနေနဲ့အောင်မြင်မှုရဲ့ အတု အယောင်ကြောင့် အလှည့်စားမခံရ အောင် သတိထားကြရမှာ ဖြစ်ပါ တယ်။ ကျွန်မတို့ဟာ လူထုအတွက် စစ်မှန်တဲ့ အောင်မြင်မှုရအောင် ဦး တည် ကြိုးစားရမှာဖြစ်သလို နှစ် နိုင်ငံကြား ချစ်ကြည်ရေးကိုလည်း ဦးတည်ကြရမှာ ဖြစ်ပါတယ်”ဟု ဆိုပါသည်။

မျှော်သူများ မျှော်ဆဲ၊ တွေ့သူများ တွေ့

နှစ်ပေါင်းများစွာ ဆိတ်ငြိမ်နေခဲ့ သော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမကား ကင်မရာရောင်ပြန်မီး တဖျပ်ဖျပ် အပါအဝင် မီးရောင်များအောက်တွင် ကြိတ်ကြိတ် တိုး ဖိတ်ကြားခံဧည့်သည်များနှင့် စည်ကားလျက်။ သည်ဧည့်သည် များကား လုံခြုံရေးအလို့ငှာ ပစ္စည်း ပစ္စယများ ယူလာခွင့်မရရှာသဖြင့် နံနက် ၁၁ နာရီ ဝန်းကျင် ကတည်း က ဝေငှပေးသော အဖုံးမဲ့ ရေပုလင်းငယ်များကိုသာ အားကိုးကာ သမ္မတ အလာကို ငံ့လင့်လျက်။ ဗိုက်ဟာနေ ကြသော်လည်း စိတ်အဆာပြေနေ သယောင်။

သမ္မတအိုဘားမား လာမည်ဟု ကြေညာထားသည့်အချိန်မှာ မွန်းလွဲ ၂ နာရီ။ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် ခန့်တွင် ရောက်လာခဲ့သည်။ မျှော်နေ သူများ အတန်အသင့် အာသာပြေ သွားသကဲ့သို့ နှုတ်ဆက်ကြသူများ၊ ဓာတ်ပုံတွဲရိုက်ကြသူများနှင့် ခန်းမ အတွင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ် သွားပြန်သည်။

ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ ဟောပြောပွဲ တက်ရောက်လာကြသည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့်အတူ ဦးကျော်သူ

ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ ဟောပြောပွဲ တက်ရောက်လာကြသည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့်အတူ ဦးကျော်သူ

ခန်းမအတွင်း နေရာယူထားသည့် ကမ္ဘာ့သြဇာ အရှိဆုံး အမျိုးသမီး စာရင်းဝင် နှစ်ဦး

ခန်းမအတွင်း နေရာယူထားသည့် ကမ္ဘာ့သြဇာ အရှိဆုံး အမျိုးသမီး စာရင်းဝင် နှစ်ဦး

နှုတ်ဆက်ကြသူများတွင် သူ ငယ်စဉ် ၂ နှစ်သမီးအရွယ်က ဖခင် ၏ ဈာပနတွင် သူ့အား ချီပိုးထိမ်း ပေးခဲ့ဖူးသော ဦးမောင်ကိုလည်း ပါခဲ့သည်။ ဦးမောင်ကိုသည် ထိုစဉ် က စိန်ဂျွန်း သူနာပြုတပ် ဗမာ့တပ်ရင်း အလယ်ပိုင်း တပ်မမှူးဖြစ်ပြီး အသက် ၁၈ နှစ်သာ ရှိခဲ့ချိန် ဖြစ်သည်။

မွန်းလွဲ ၂ နာရီ နီးကပ်လာသဖြင့် တာဝန်ရှိသူများက ဓာတ်ပုံ ရိုက်လိုသူများကို ရှင်းပြတားမြစ် ယူလိုက်ရ၏။

ထိုအချိန်တွင် သမ္မတအိုဘား မားမှာ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်အချို့နှင့် တွေ့ဆုံနေ ခဲ့သည်။ တွေ့ဆုံဖြစ်သူ များမှာ သီတဂူဆရာ တော်အရှင်ဉာဏိဿရ၊ ရှမ်းတိုင်း ရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားများမှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ အပါအဝင် ၁၅ ဦး ဖြစ်သည်။

ထိုတွေ့ဆုံပွဲနှင့် ပတ်သက်၍ ကိုကိုကြီးက “အိုဘားမားရဲ့ ထိပ် တန်းလက်ထောက်အမျိုးသမီးတစ် ယောက်နဲ့ အရင်ဦးဆုံးသီးခြားတွေ့ ပြီးပြောချင်တာတွေကို ပြောရတယ်။ သူက သေချာမှတ်တမ်းရေးပြီး မှတ် သွားတယ်။ အိုဘားမားနဲ့ တွေ့တဲ့အ ခါမှာတော့ ပြောချင်တာ တစ်ခွန်း နှစ်ခွန်းလောက်ပဲ ပြောဖို့အချိန်ရ တယ်”ဟု ဖြစ်စဉ်ကို ရှင်းပြသည်။ ထို့ပြင်“ကျွန်တော်နဲ့ မင်းကိုနိုင်နှစ် ယောက်ကလည်း အရပ်သားအဖွဲ့ အစည်းတွေ အားကောင်းဖို့ အရည်အသွေး မြှင့်တင်တဲ့ လုပ်ငန်းတွေ၊ ပညာရေးရင်းနှီးမြှုပ်နှံမှုတွေကို အားပေးဖို့ အလေးအနက် ထားပြီး ပြောခဲ့ ပါတယ်”ဟု ပြောကြားခဲ့သည်။

အဓိပတိကား အဓိပတိသို့ ခြေချပြီ

မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်တွင် အမေရိကန်ပြည်ထောင်စု၏ အဓိ ပတိဖြစ်သူ အိုဘားမားကား ရန်ကုန် တက္ကသိုလ် အဓိပတိလမ်းရှိ ဘွဲ့နှင်း သဘင်ခန်းမသို့ ဆိုက်ရောက်လာခဲ့ ပေပြီ။ နိုင်ငံသားများကို ကိုယ်စားပြု သည့် လူထုနှင့် တွေ့ဆုံစကားပြော ပွဲကား အစဉ်အလာ ကြီးမားသော ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်း မတွင် အမှန်တကယ် အထမြောက် လေပြီ။

ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမအတွင်း မိန့်ခွန်း ပြောကြားနေသည့် အိုဘားမား

ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမအတွင်း မိန့်ခွန်း ပြောကြားနေသည့် အိုဘားမား

မြန်မာနိုင်ငံ မင်္ဂလာပါ

သမ္မတအိုဘားမား၏ မြန်မာ သံပီပီသသဖြင့် နှုတ်ခွန်းဆက်မှုက လူနှစ်ထောင်ခန့်၏ လက်ခုပ်ကို ကောင်းကောင်း ကြီး ခြွေလိုက်နိုင် သည်။ စာရွက်တစ်စ ကိုင်မလာသော သမ္မတက သူ့ရင်ထဲက စကားများကို လက်တန်းမိန့်ခွန်းခြွေတော့၏။

မြန်မာနိုင်ငံ အထူးသဖြင့် ရန် ကုန်တက္ကသိုလ်သို့ လာရောက်ရခြင်း အကြောင်းရင်းကို ပြောကြားရာတွင်  အရှေ့အာရှနှင့်  တောင်အာရှလမ်းဆုံ နေရာမျိုးတွင်ရှိသည့် ပထဝီဝင် အနေအထား၏ အရေးပါမှုကြောင့် တစ်ကြောင်း ၊ နိုင်ငံ၏ မတူ ကွဲပြားသည့် အလှအပကြောင့်တစ်ကြောင်းနှင့် ရန်ကုန်တက္ကသိုလ်၏ လေးစားဖွယ် ရာ သမိုင်းကြောင်းကြောင့် တစ ကြောင်း တို့ကြောင့်ဟု ပထမဦးစွာ ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကို အဆင့် မြှင့်ရန်နှင့် ပြန်လည်သက်ဝင်ရှင် သန်ရန်လွှတ်တော်တွင် ထောက်ခံ အတည်ပြုခဲ့ခြင်းကိုလည်း အသိအမှတ် ပြုပြောကြားခဲ့ကာ တိုင်းပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင် သောအရာမှာ လူငယ်လူရွယ်များ၏ ပညာရေးပင်ဖြစ်ကြောင်း ဆိုသည်။

ထို့နောက် အမေရိကန်-မြန်မာ နှစ်နိုင်ငံ၏ ဆက်ဆံရေးသမိုင်း ကြောင်းကို ပြန်လည်တူးဆွပြခဲ့ သည်။ လွန်ခဲ့သည့် နှစ် ၂ဝ အတွင်း ဆက်ဆံရေးကျဲခဲ့သော်လည်း ထိုစဉ် ကအစိုးရအားမြန်မာဘက်မှ လက် သီးဖြေရန်ဆန္ဒရှိလာလျှင် အမေရိက ဘက်မှ လက်ကမ်းမည်ဟု ပြောခဲ့ဖူး ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လန့်ဖွယ်ကောင်းသည့် သိက္ခာ တရားမှာ မည်သူတစ်ဦးတစ်ယောက် မျှ သူ၏မျှော်လင့်ချက်ကို နှလုံးသား မှာ လောင်ကျွမ်းမခံသရွေ့ ထိုလူ သားတစ်ဦးတစ်ယောက်ကိုမျှ အကျဉ်း မချနိုင်ဟူသည့် အမှန်တရားဖြစ် ကြောင်းကို သက်သေထူခဲ့ပြီးဖြစ် ကြောင်း၊ ယခုခရီးစဉ်သည် သူ့ ကတိအတိုင်း ချစ်ကြည်ရေးအတွက် လက်ဆန့်တန်း ပေးကမ်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

တစ်ဖန် သမ္မဟောင်းရု့စ်ဘဲ့၏ ပြောကြားခဲ့ဖူးသော လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ လွတ်လပ်စွာ ကိုး ကွယ်ယုံကြည်ခွင့်၊ လိုအပ်ချက်များမှ လွတ်လပ်မှုနှင့် ကြောက်ရွံ့ခြင်းမှ လွတ်လပ်မှုတို့အကြောင်းကိုပင် အကျယ်တဝင့် ထပ်မံရှင်းလင်းခဲ့ပါ သည်။ ထိုသို့ရှင်းလင်းရာတွင် ဗြိတိ သျှ လက်အောက်သို့ကျရောက်ခဲ့ဖူး သော နိုင်ငံဖြစ်ခဲ့ရသည့် တူညီသော အတွေ့အကြုံများကို ထုတ်ဖော်ခဲ့ သကဲ့သို့ထို့ကြောင့်ပင် အမေရိက ရော မြန်မာမှာပါကိုယ့်ခေါင်းဆောင် ကို ကိုယ်ရွေးချယ်လိုသော အိပ်မက်၊ ငြိမ်းချမ်းစွာနေထိုင်လိုသော အိပ် မက်၊ ကောင်းမွန်စွာ သက်မွေးနေ ထိုင်ရေးအတွက် ပညာရေးကောင်း ရလိုသည့် အိပ်မက်နှင့် မိသားစုနှင့် လူ့အဖွဲ့အစည်းကို ချစ်ခင်လိုသော အိပ်မက်များကဲ့သို့ တူညီသော အိပ် မက်များရှိနေကြောင်းလည်း ထုတ် ဖော်ပြောကြားခဲ့သည်။

သမ္မတမှာ အကြွင်းမဲ့အာဏာ မရှိ

ထို့နောက် တပ်မတော်၏အခန်း ကဏ္ဍနှင့် ပတ်သက်သည့် သူ၏အ မြင်ကိုလည်း “အမေရိကန်တွေမှာ ကမ္ဘာမှာ ခွန်အားအပြင်းထန်ဆုံး စစ် တပ်ရှိချင်ရှိနေမယ်။ ဒါပေမယ့် စစ်တပ်က အရပ်သားတွေရဲ့ ထိန်း ချုပ်မှုအောက်မှာပဲ ရှိရမှာပဲ။ ကျွန်တော်က အမေရိကန်ပြည် ထောင်စုရဲ့ သမ္မတတစ်ဦးအနေနဲ့ စစ်တပ်ကို ဘာတွေ ဆက်လုပ်ပါလို့ အဆုံးအဖြတ်ပေးနိုင်တာမျိုး မရှိပါ ဘူး။ စစ်သေနာပတိချုပ်တစ်ယောက် အနေနဲ့ တာဝန်ခံမှုသာရှိတာပါ။ သမ္မတ တစ်ယောက်အနေနဲ့ လူထုကို ပွင့်လင်းမြင်သာစွာ တာဝန်ခံရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်က ကွန် ဂရက်ကိုလည်း ကျွန်တော့်သဘော အတိုင်းဖြစ်အောင် လုပ်ချင်တာ တောင်မှလုပ်လို့မရနိုင်ပါဘူး။ဥပဒေ ပြုရေးမဏ္ဍိုင်အနေနဲ့ သူတို့မှာ ကိုယ် ပိုင်သြဇာအာဏာရှိနေပါတယ်။ ကျွန်တော့်ရဲ့ အာဏာကို သူတို့က အပြန်အလှန်ထိန်းကျောင်းထားတာ ပါ”ဟု ရှင်းပြခဲ့ကာ သမ္မတတွင် အကြွင်းမဲ့အာဏာမရှိကြောင်း ထုတ် ဖော်ခဲ့သည်။

တရားဥပဒေကိုနိုင်ငံသားတိုင်း လိုက်နာရေး အရေးကြီးပုံကိုလည်း “အမေရိကမှာ နွမ်းပါးတဲ့ ကလေး တစ်ယောက်ကစလို့ ကျွန်တော်လို သမ္မတတစ်ယောက်အဆုံး ဥပဒေရဲ့ လက်အောက်မှာ အတူတူပါပဲ။ တရားသူကြီးတွေက ကျွန်တော့်ကို ပင်လျှင် တရားဥပဒေကို လိုက်နာ ရဲ့လား၊ ချိုးဖောက်နေလားဆိုတာ သုံးသပ်ဆုံးဖြတ်ပေးတာပါ”ဟု နမူနာပြကာ မြန်မာ့အနာဂတ်အရေး တွင် ထိုကဲ့သို့ တရားဥပဒေကို လေးစားလိုက်နာသင့်ကြောင်း တိုက် တွန်းပြောဆိုခဲ့သည်။

ထို့နောက် အနာဂတ်မြန်မာ ပြည်တွင် အမျိုးသားလုံခြုံရေးကို အရပ်သားအစိုးရအောက်တွင် တာဝန်ထမ်းဆောင်နေသော တပ်မ တော်ကသာ ခိုင်မာတောင့်တင်း အောင် စွမ်းဆောင်နိုင်ရမည်ဟု ဆို ပြန်ပါသည်။  ဖွဲ့စည်းပုံအခြေခံ ဥပဒေအနေဖြင့်လည်း နိုင်ငံသား လူထုများကရွေးကောက်တင်မြှောက် သောကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည့် အစိုးရကိုသာ အာမခံ သင့်ကြောင့်း ဆိုခဲ့သည်။

လူ့သိက္ခာသည် လူတိုင်းမှာ ရှိ

လွတ်လပ်စွာ ကိုးကွယ်ယုံ ကြည်ခွင့်ကိုရှင်းပြရာတွင် လူသား တိုင်းတွင်ရှိသင့်သော အခြေခံလူ သားသိက္ခာအရေးကိုလည်း အကျယ် တဝင့်ရှင်းလင်းပြခဲ့သည်။ မြန်မာ့ နိုင်ငံရေးတွင် ပြည်တွင်း လက်နက် ကိုင်ခုခံမှုများသည် ကာလရှည်ကြာ လွန်းလှသဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေး နှောင့်နှေးခဲ့ရသည်ကိုလည်း ထောက် ပြခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ် ရေးလုပ်ငန်းစဉ်မပါဝင်ဘဲအပြောင်း အလဲကို အကောင်အထည် မဖော် နိုင်ကြောင်း ထောက်ပြခဲ့သကဲ့သို့ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အရေးနှင့်ပတ်သက်၍လည်း အပြစ် မဲ့လူထုများအပေါ် အကြမ်းဖက်မှု သည် ဆင်ခြေပေး၍ရနိုင်သော အမှု ကိစ္စမဟုတ်ကြောင်း သတိပေးခဲ့ သည်။ ထို့ပြင် “ရိုဟင်ဂျာတွေဟာ လည်း ခင်ဗျားတို့ ကျွန်တော်တို့လို လူသားသိက္ခာဆိုတာကို ကိုင်စွဲထိန်း သိမ်းထားချင်မှာပဲ”ဟု ဘင်္ဂါလီ အဖြစ်မြန်မာနိုင်ငံသားများက သတ် မှတ်ထားသော လူစုအကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတစ်နိုင်ငံတွင် မှီ တင်းနေထိုင်သူများအဖို့ တစ်သား တည်းဖြစ်သည်ဟူသော ခံယူချက် အရေးကြီးပုံကို “တစ်နိုင်ငံ တစ် လူထု ဥညန အြေငသည ဥညန ဏနသစူန ဆိုတဲ့စိတ်ဓာတ်က ကျွန်တော်တို့ အမေရိကအတွက် အင်အားကြီး ခွန်အားရှိမှုကို ဖြစ်စေတာပါ”ဟု နမူနာပြပြောဆိုခဲ့သည်။  တစ်ချိန်က အသားအရောင်ကြောင့် သူကဲ့သို့လူ မျိုးများမဲပေးခွင့်ပင် မရခဲ့သော နိုင်ငံ တွင် သူကိုယ်တိုင် သမ္မတဖြစ်ခွင့်ရ ခဲ့ပြီဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင် လည်း ယခုနှယ် စိတ်ဓာတ်ရေးရာ အပြောင်းအလဲမျိုး လုပ်နိုင်ပါစေဟု ဆိုသည်။

တစ်ဖန် အမေရိကန်ပြည်ထောင် စုသည် မြန်မာနိုင်ငံရှိ အမေ့ခံထား ရသူများ၊ ပစ်ပယ်ခံထားရသူများ၊ သနားစဖွယ် ဘေး ဖယ်ခံထားရသူ များအားလုံးနှင့်အတူ ရှိနေပါ ကြောင်း မလွတ်မြောက်သေးသော နိုင်ငံရေး အကျဉ်းသားများ အကြောင်း ပြောကြားစဉ်တွင်   ထည့်သွင်းပြော ကြားခဲ့သည်။

နိုင်ငံသားများက သမ္မတထက် အရေးကြီး

ဒီမိုကရေစီတွင် အရေးကြီးဆုံး သော ရုံးခန်းမှာ သမ္မတနှင့် ပြော ရေးဆိုခွင့်ရှိသူများ၏ ရုံးခန်းမဟုတ် ဘဲ နိုင်ငံသားများ၏ ရုံးခန်းသာ ဖြစ် ကြောင်း သမ္မတအိုဘားမားက ပြော ကြားသည့်အခါ တက်ရောက်လာ သော နိုင်ငံသားပရိသတ်များက လက်ခုပ်သြဘာ တီးလိုက်ကြပြန် သည်။

“နောက်ဆုံးမှာတော့ ခင်ဗျား တို့နိုင်ငံသားတွေကပဲ ခင်ဗျားတို့ လိုချင်တဲ့ လွတ်လပ်မှုကို ကိုယ်တိုင် အနက် အဓိပ္ပာယ် ဖွင့်ကြရမှာပါ။ တကယ့်တော်လှန်ရေးဝိညာဉ်ဆိုတာ ကျွန်တော်တို့တစ်ယောက်ချင်းစီရဲ့ နှလုံးသားထဲကနေစလာတာပါ”ဟု သမ္မတက ဆက်လက်ပြောကြား သည်။

သည်နိုင်ငံမှာ တစ်စုံတစ်ခု ဖြစ်နေပါပြီ

မိနစ် ၃ဝ ကြာမြင့်သော သူ၏ မိန့်ခွန်းကို သမ္မတအိုဘားမားက ယခုကဲ့သို့ အဆုံးသတ်လိုက်သည်။

“ရှေ့ခရီးမှာစိန်ခေါ်မှုတွေအများ ကြီး ဖြစ်လာနိုင်ပါတယ်။ အပြောင်း အလဲကို ခုခံတွန်းလှန်သူတွေ ရှိနိုင် ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော် ယုံယုံကြည်ကြည်ပြောနိုင်တာကတော့ ဒီနိုင်ငံမှာ တစ်ခုခု တော့ ဖြစ်နေပါပြီ။ နောက်ကြောင်း မပြန်နိုင်လောက်ပါဘူး။ ဒီမှာ လူ တွေက နိုင်ငံကို ပြန်လည် တည့်မတ် အောင် တည်ထောင်ဖို့ လုပ်နေပါပြီ။  ဒီလုပ်ရပ်တွေ အပေါ် ကမ္ဘာ့စံပြပါပဲ လို့ ဆိုလာကြမှာပါ။ အမေရိကန် ပြည်ထောင်စုကလည်း ဒီ့အတွက် လက်တွဲဖော်အဖြစ် ရှိနေပါမယ်” ဟူ၍။ အဆုံးမှာတော့ မြန်မာလို “ကျေးဇူးတင်”ဟု စတင်အားယူ ကာ ခေတ္တတုံ့ဆိုင်းလိုက်ပြီး “ပါ တယ်”ဟု ပီပီသသ အဆုံးသတ်လိုက် သည်။

နိုင်ငံသားများက ရန်ကုန်တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သမ္မတအိုဘားမားအား မတ်တပ်ရပ် ကာ နှုတ်ဆက် ဂုဏ်ပြုလက်ခုပ်သြ ဘာများ ချီးမြှင့်ခဲ့ကြသည်။ သမိုင်း ဝင် မိန့်ခွန်းကား ပြီးဆုံးလေပြီ။

ပြန်သူကား ပြန်လေပြီ၊ ပဲ့တင်သံတို့ ထပ်လေပြီ

သမ္မတအိုဘားမားကား မိန့်ခွန်း အပြီးတွင် ရန်ကုန်တက္ကသိုလ်မှသည် မင်္ဂလာဒုံလေဆိပ်၏ လေယာဉ်ပြေး လမ်းထိအရောက်သွားကာ အာဆီယံ ထိပ်သီး မျက်နှာစုံညီ အစည်းအဝေး သို့ပြန်လေပြီ။ ဧည့်ပရိသတ်မြန်မာ နိုင်ငံသားများကား မကြုံစဖူး ထူးကဲ လှစွာရှင်းလင်းနေသည့် လမ်းမကြီး များအတိုင်း တဖွဲဖွဲ အသုတ်လိုက် အိမ်ပြန်ကြလေ၏။ သို့သော် ပဲ့တင် သံများကား ရန်ကုန်မှသည် နိုင်ငံ အနှံ့ ပျံ့လွင့်ကျန်ရစ်ဆဲ။

အပြန်ခရီး မြင်ကွင်း

အပြန်ခရီး မြင်ကွင်း

၈၈ မျိုးဆက်ကျောင်းသားများ ထဲမှ ဧည့်သည်အားလုံးနှင့်တန်းတူ ကိုယ်တိုင်တန်းစီကာ တက်ရောက် နားထောင်ခဲ့သော ကိုမင်းဇေယျက   “သူ ပြောသွား တာ တော်တော် အားရစရာပါ။ ပြည်သူတွေရဲ့ အခန်း ကဏ္ဍကို တော်တော်လေး အမွှန်း တင်ပြီး ပြောသွားတယ်။ မီးမောင်း လည်း ထိုးပြတယ်။ လက်ရှိအစိုးရ အပေါ်မှာလည်း ဒီ့ထက် ချိန်ညှိဖို့  ပြောသွားတော့ ကောင်းတဲ့အလား အလာ ဖြစ်လာမယ်လို့ မျှော်လင့်မိ တယ်”ဟု ဆိုပါသည်။

ထို့နောက် ကိုပြုံးချိုကလည်း သူ့အမြင်ကို “ ဒီနေ့မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လိုအပ်ချက်တွေ အားလုံးကို သူ့နိုင်ငံမှာ ဆောင်ရွက်နေတာတွေနဲ့ နှိုင်းယှဉ် ပြောသွားတာ တွေ့ရပါတယ်။ အစိုး ရပိုင်း တာဝန်ရှိတဲ့လူတွေကို တိုက်တွန်းတဲ့အချက်တွေ အများကြီး ပါ လာတယ်။ သူ့အနေနဲ့ အစဉ်အလာ ရှိတဲ့ တက္ကသိုလ်ကြီးရဲ့ ပညာရှင် တွေ အားလုံးရှေ့မှောက်မှာ သူ့ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြစ် စေချင်တဲ့ ဆန္ဒတွေကို မျှဝေသွားခဲ့ တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ရှေ့ တည်ဆောက်မယ့်အရာတွေအတွက် အလားအလာတွေ အများကြီး ဖြစ်စေမယ် ထင်ပါတယ်”ဟု ပြောခဲ့ သည်။

ကိုအံ့ဘွယ်ကျော်ကမူ “တိုင်း ရင်းသားတွေရဲ့ စရိုက်သဘာဝတွေ က ချက်ချင်းပြောင်းဖို့ ခက်လိမ့် မယ်။ အဓိကကတော့ ဒီမိုကရေစီ နိုင်ငံဖြစ်မယ်ဆိုရင် ပြည်တွင်းစစ် ကတော့ ရပ်ကိုရပ်ရမယ်။ လူမျိုးကွဲ ဘာသာကွဲပဲဖြစ်ဖြစ် တိုင်းရင်းသား ကွဲပဲဖြစ်ဖြစ် အတူတကွ ပူးပေါင်း နေထိုင်ခြင်းဟာ ဒီမိုကရေစီပါ”ဟု ဆိုပါသည်။

တစ်ဖန် ဟံသာဝတီ ဦးဝင်းတင် အနေဖြင့် သမ္မတအိုဘားမား မလာမီက လက်ရှိအစိုးရအပေါ် ဘိသိက် သွန်းရာ ကျမည့်စကားများ ပြောလေမလားဟု စိုးရိမ်ခဲ့ဖူးသူဖြစ်ရာ လူကိုယ်တိုင် တွေ့ဆုံ စကားပြောခွင့် ရခဲ့သည့်ပြင် မိန့်ခွန်းကိုလည်း လေ့လာပြီး ဖြစ်သဖြင့် ယင်း၏ သဘောထား ပဲ့တင်သံကို တီးခေါက်မေးမြန်းဖြစ်ပါသည်။ ထိုအခါ ယင်းက “သူက  လက်ရှိအစိုးရကို ဘိသိက်သွန်းသွား တာမျိုး မရှိခဲ့ပါဘူး။ အပြောင်းအလဲ တွေ မြန်မြန် ထက်ထက်ဖြစ်အောင် တွန်းအားပေးသွားတာပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အထိ လာတွေ့ တာ၊ အစဉ်အလာ တွေ ကြီးမားများပြားခဲ့တဲ့ ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပြောတာ၊ နေပြည်တော်ထက် ရန်ကုန်ကို ရွေးလာတာ အဲဒါတွေကို ကြည့်ရင် ဒီမိုကရေစီ ဘက်တော်သားတွေကို ထောက်ခံကြောင်း ပြသရာ ရောက်နေပါတယ်။ နောက် စစ်တပ်ဆိုတာ ဘယ်လောက် အင်အားကြီးကြီး အရပ်သားအစိုးရနဲ့ လွှတ်တော်တွေ ကို နာခံရတယ်၊ ထိန်းညှိရတယ် ဆိုတာမျိုး ပြောသွားတာလည်း ကောင်းပါတယ်။ အလွန်အရေးကြီးတဲ့ အ ချက်တွေကို ပြောသွားတာမို့ ကောင်းပါတယ်။ ကျွန်တော့်သဘောအရ တစ်ခုပဲ ပြောစရာရှိတာက ၈၈ ကျောင်းသားတွေကို တွေ့တာတွေ ဘာတွေမှာ လူမှုရေး အဖွဲ့အစည်း အနေနဲ့ တွေ့တာမျိုး ဖြစ်နေတာပေါ့ အဲဒါထက် နိုင်ငံရေး အဖွဲ့အစည်းကို တွေ့တဲ့သဘောမျိုး ဖြစ်ရင် ပိုအားကောင်းမှာပေါ့”ဟု ဖြေကြား ခဲ့ပါသည်။

ထို့ပြင် တရုတ်အမေရိကန် တစ်ဦးလည်းဖြစ်ကာ မြန်မာ့သွေး ဇနီးသည်နှင့်အတူရန်ကုန်သို့ အလည် အပတ်ရောက် ရှိနေသော ဒဲမီရမ်ကို လည်း သမ္မတအိုဘားမား၏ ခရီး စဉ်အပေါ် သဘောထားကို မေးမြန်း ခဲ့ပါသည်။ “ကျွန်တော်က အိုဘား မားအနေနဲ့ မြန်မာ့ဒီမိုကရေစီအ ပြောင်းအလဲအတွက် ဖွံ့ဖြိုးတိုးတက် ရေးတွေမှာ တက်တက်ကြွကြွနဲ့ စိတ်ပါဝင်စားစွာ ပါဝင်လာတာ မြင်ရတော့ ဝမ်းသာပါတယ်။ ဒီနေ့ ကမ္ဘာ့ စီးပွားရေး နယ်ပယ်မှာလည်း  နိုင်ငံတစ်နိုင်ငံ ချင်းစီရဲ့ ချမ်းသာ ကြွယ်ဝမှုဟာ အပြည်ပြည်ဆိုင်ရာက ကုန်သွယ်ဖော်ကုန်သွယ်ဖက်နိုင်ငံတွေ ရဲ့ ချမ်းသာကြွယ်ဝမှုပေါ်မှာ ပိုပိုပြီး မူတည်လာနေ ပါတယ်။ နိုင်ငံများများနဲ့ပိုပြီး ကုန်သွယ်နိုင်လာရင် အမေရိကရဲ့ စီးပွားရေးကလည်း ပိုသန်မာလာ မှာ ဖြစ်သလို ပိုကျယ်ပြန့် လာမှာ ဖြစ်ပါတယ်။ တစ်နေရာရာမှာ စီး ပွားရေးနိမ့်ကျလာရင်၊ ဥပမာ လတ် တလောအနေနဲ့ဆို ဥရောပပေါ့၊ ကျွန် တော်တို့ အမေရိကန်အနေနဲ့ နောက် ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ဆက် သွယ်ပြီး အကျိုးအမြတ်တွေ ရှိမြဲရှိ အောင် ကြိုးစားရမှာပေါ့။ မြန်မာ ပြည်မှာ ဒီမိုကရေစီလည်းရှိ၊ ကြွယ်လည်း ကြွယ်ဝဆိုရင် အမေရိကန် -မြန်မာ နှစ်နိုင်ငံလုံးအတွက် ကောင်းတာပေါ့”ဟု ဆိုပါသည်။

ရန်ကုန်ကား ညနေစောင်းတွင်ပင် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှား  သက်ဝင်နေပေပြီ။ ရန်ကုန်တက္ကသိုလ် သည်လည်း သူ၏ သမိုင်းစာ မျက်နှာသစ်တစ်ခုကို သပ်ရပ် လုံခြုံ စွာ သိမ်းဆည်းထား လိုက်နိုင်ပေပြီ။ ရန်ကုန်သူ၊  ရန်ကုန်သားတို့ ကား နောက်တစ်နေ့ အရုဏ်တက်ချိန်မှ စကာ အနာဂတ်အတွက် အားသစ် ပြင်ကြလျက်။ အဓိပတိကား တိတ်ဆိတ်ကျန်ရစ်…။

မြန်မာအင်ဒီပဲန်ဒင့် သတင်းအဖွဲ့

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*