အနုပညာသတင်း — ရန်ကုန်၊ ဧပြီ ၂၅၊ ၂ဝ၁၂

ဖမ်းမိထားသော တရားမဝင်ခိုးကူးခွေများတွေ့ရစဉ်

မြန်မာဗီဒီယို ကာဗာအဝိုင်းအတုပြုလုပ်ပြီး ဗီဒီယိုကားရောင်းချနေမှုကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းပြီးချိန်၌ ပထမဆုံး ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ ဥက္ကဌဦးလှမျိုးမှMIJ သို့ ပြောသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ကျောက်တံတားမြို့နယ်၊ ဆူးလေတော်ဝင် ဂုံးကျော်တံတားအောက်၌ မြန်မာဗီဒီယို နေ့ထွက် ဇာတ်ကားများအား တရားမဝင်ရောင်းချနေကြောင်း သတင်းရရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ အဖွဲ့ဝင်များနှင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး အခွေများ ရောင်းချနေသူ ဉာဏ်ထွန်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖမ်းဆီးမိခဲ့သော တရားခံ ဉာဏ်ထွန်း ၏ ထွက်ဆိုချက်အရ- ပန်းဘဲတန်းမြို့နယ် ၃၂ လမ်းအ ထက်၊ အမှတ် ၁၈၅ ထပ်၊ အခန်း(စီ) တွင် စိုင်းမောင်မောင်ဆိုသူ၏ အခွေများလည်းရှိသေးကြောင်း သိရ ပြီး၊ သွားရောက်ရှာခဲ့ရာ စိုင်းမောင်မောင်ကို မတွေ့ရှိဘဲ အခန်းပိုင်ရှင် ဒေါ်စုစုလှိုင်နှင့် ၄င်းအပ်နှံထားသော တရားမဝင်အခွေများကိုသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဗီဒီယိုအခြေခံအဖွဲ့မှ ဥက္ကဌက ထပ်လောင်း ပြောကြားခဲ့သည်။

ဆင်ဆာကာဗာအဝိုင်းအား အတုပြုလုပ်ထားသော မြန်မာဗီဒီယိုဇာတ်ကားများမှာ ယနေ့ ထုတ်ဝေသည့် ဗီဒီယိုကားများနှင့် ရန်ကုန်မဖြန့်ချီရသေးသော ဇာတ်ကားများ ဖြစ်ကြောင်း သိရှိရသည်။ ထိုဇာတ်ကားများမှာ ဂျိုက်သိုး၊ အမုန်းမီး၊ လျှပ်မဲ့မိုးကြိုးနှင့် တစ်ယောက်တစ်ဝက်ပိုင်တဲ့ ကမ္ဘာ စသည့် ဗီဒီယိုကားများဖြစ်သည်။ ထုတ်လုပ်သော ကုမ္ပဏီများမှာ ကြောင်ကမ္ဘာ၊ ဂျော်လီဆွေနှင့်သားများတို့ ဖြစ်ကြောင်း သိရပါသည်။

မဖြန့်ချီရသေးသော ဇာတ်ကားများ တရားမဝင် ရောင်းချနေခြင်းနှင့် ပတ်သက်၍ ဂျောလီဆွေနှင့်သားများ ကုမ္ပဏီမှ ဦးထူးသာ ကလည်း- တရားဥပဒေနှင့်အညီ ပန်းဘဲတန်းရဲစခန်းတွင် တရားလိုလုပ်ပြီး တိုင်ချက်ဖွင့်ထားကြောင်း၊ ဗီဒီယိုကား မထွက်သေးဘဲ အရင်ကြိုထွက် မိတ္တူပွားရောင်းခြင်းသည် မသင့်တော်ကြောင်း ပြောသည်။

အဆိုပါ မြန်မာဗီဒီယိုဇာတ်ကားများ တရားမဝင် ရောင်းချမှုကို ကျောက်တံတားရဲစခန်းနှင့် ပန်းဘဲတန်းရဲစခန်းတို့မှ အရေးယူ ဆောင်ရွက်နေပြီး တရားခံ ဉာဏ်ထွန်းကို (ပ) အမှတ် ၁၂၄/၂ဝ၁၂ ဗီဒီယိုဥပဒေပုဒ်မ ပုဒ်မ ၃၂ (က)၊ ၃၂ (ခ)၊ ၃၃ (ခ) တို့ဖြင့် ဖမ်းဆီးအရေးယူ စစ်ဆေးနေပြီး ထွက်ပြေးတိမ်းရှောင်နေသူ တရားခံ စိုင်းမောင်မောင်အား (ပ) အမှတ် ၁၁၁/ ၂ဝ၁၂ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်းကို ကျောက်တံတား ရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် ထူးနိုင်ဝင်းက ပြောသည်။

၀၁၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.