အဝေးပြေးလမ်းမတစ်နေရာတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုတစ်ခု

မြန်မာပြည်တွင် ဖောက်လုပ်ပြီးခဲ့သော ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပုသိမ် စသည့် အဝေးပြေးလမ်းမကြီးများကို နိုင်ငံတော်မှ တာဝန်ယူဖောက်လုပ်ခဲ့ကြပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရန် အတွက်ရည်ရွယ်ပြီး ရန်ကုန်-နေပြည် တော်-မန္တလေးလမ်းမကြီးကို ၂၀ဝ၅ ခုနှစ်မှစတင်၍ အပိုင်းလိုက်ဖောက် လုပ်ခဲ့သည်။ ရန်ကုန်-နေပြည်တော် လမ်းအပိုင်း ကို ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသုံးပြုခွင့်ပေးခဲ့သည်။ ယင်းလမ်းမကြီးသည် ခေတ်မီနည်းပညာများဖြင့် ဖောက်လုပ်ခဲ့သော်လည်း လမ်း၏ လိုအပ်ချက်များ ရှိနေသေးသည် ကို တွေ့ရသည်။ ယင်းလိုအပ်ချက် များကြောင့် လမ်းပေါ်တွင် မောင်းနှင်ကြသည့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီးမှု၊ ယာဉ်တိုက်မှု များ မကြာခဏ ဆိုသလို ဖြစ်ပေါ်လျက် ရှိခဲ့သည်။ နိုင်ငံတော် သမ္မတကြီးမှာလည်း ယင်းအဝေးပြေး လမ်းမကြီးအား ဖောက်လုပ်ပြီးစီးခဲ့သော်လည်း ယာဉ်တိုက်မှုများ မကြာ ခဏဖြစ်ပွားလျက်ရှိပြီး အသက်ဆုံးရှုံးမှုများရှိနေသည့်အတွက် ယင်းလမ်းမကြီးအား အဆင့်မြှင့်နည်းပညာ များကိုအသုံးပြုပြီး ခေတ်နှင့်အညီ အဆင့်မြှင့် တင်ပေးရန် အမေရိကန် သမ္မတ အိုဘားမား မြန်မာပြည်သို့ ရောက်ရှိခဲ့စဉ်က တောင်းဆိုခဲ့ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး  အဝေးပြေးလမ်းမကြီးပေါ်တွင် မောင်းနှင်နေကြသည့် မော်တော်ယာဉ် များသည် သတ်မှတ်ချက်မိုင်နှုန်းများ ထက်ပိုမိုမောင်းနှင်ခြင်း၊ လမ်း၏ လိုအပ်ချက်များရှိနေခြင်း၊ ယာဉ်မောင်းများ အနေဖြင့် ဟိုင်းဝေးလမ်း၏ သဘောသဘာဝကို မသိရှိခြင်းတို့ကြောင့် ယာဉ်အန္တရာယ်များ မကြာခဏဆို သလိုဖြစ်ပေါ် ခဲ့ရသည်။ ယင်းအဝေးပြေး လမ်းကြီးအတွင်း ဖြစ်ပေါ်တတ်သည့် အခြေအနေများနှင့် ဟိုင်းဝေး လမ်းမကြီးတစ်ခု၏ သဘောသဘာဝ အချို့ကို ပို့ဆောင်ရေး ဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာ တွင်“ကျွန်တော်တို့ မြန်မာပြည်မှာ ဒီလိုလမ်းမျိုးကို ယာဉ်မောင်းတော်တော်များများ မကြုံဖူးသေးဘူး။ အရင် တုန်း ကတော့ ရန်ကုန်-မန္တလေး သွားကြတာတော့ ရှိတယ်။ ခရီးဝေးတာပဲ ရှိတယ်။ ဒါပေမယ့် မြို့တွေ ရွာတွေ ကိုဖြတ်ရတယ်။ အထိုက်အလျောက် မြို့တန်း၊ ရွာတန်းတွေရှိတဲ့အတွက် လမ်းမှာပြတ်လပ်ရင် ၃/၄/၅ မိုင် လောက်ပဲ လမ်းသွားလမ်းလာတွေ ရှိတယ်။ ကားကို ထင်သလောက် မောင်းလို့မရဘူး။ တစ်ခါတလေ သူ့ အနေအထားနဲ့သူ တိုက်တာတွေ မှောက်တာတွေတော့ ရှိတာပေါ့။ လွတ်လွတ် လပ်လပ်မောင်းနိုင်တယ် ဆိုတဲ့လမ်းက လွန်ခဲ့တဲ့ စစ်အစိုးရတက်လာပြီးမှ တွေ့ရတာ။ ယာဉ်မောင်းတွေအနေနဲ့ကလည်း ဟိုင်း ဝေးလမ်းတစ်ခုရဲ့လိုအပ်ချက်တွေကို သေသေချာချာ ကျကျနန မသိကြသေးဘူး။ နိုင်ငံတကာက အဝေး ပြေး လမ်းမကြီးတွေ ကောင်းတယ် ဆိုတာကလည်း အရင်ကဖြစ်ခဲ့တဲ့ ဆုံးရှုံးမှုတွေ ပျက်စီးမှုတွေကို သင် ခန်းစာယူရင်းနဲ့ မုဆိုးစိုင်သင် ဆိုသလို တဖြည်းဖြည်း လိုအပ်ချက်တွေကို ပြုပြင်ရင်းနဲ့ လမ်းတွေက အန္တရာယ်ကင်းလာတဲ့ အနေအထား ဖြစ်လာတယ်”ဟုဆိုသည်။

အထက်ပါ လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်မောင်းနှင်မှုများ ယာဉ်၏စက်ပိုင်းဆိုင်ရာအခြေအနေများနှင့် ပတ်သက် ၍ပြောကြားရာတွင် “အခုဆိုရင် လမ်းမကြီးကလည်း ကောင်းတယ်။ ကားတွေကလည်း အသစ်တွေဖြစ်တဲ့အခါကျတော့ သတ်မှတ်မိုင်ထက် ပိုမောင်းကြတယ်။တကယ်တော့ မိုင်၃၀လောက် မောင်းပြီးရင် ကားကို ခေတ္တ အနားပေးရမယ်။ အခုအမြန်လမ်းမှာက ၁၀၅ မိုင်တစ်ခုမှာပဲ နားလို့ရတဲ့ နေရာရှိတော့ ယာဉ်မောင်းတွေက အဲဒီနေရာ ကိုရောက်အောင် အတင်းမောင်းကြတယ်။ ဟိုင်းဝေးမောင်းတဲ့ ကားတစ်စီးဟာ ဘယ်နှစ်မိုင်အကွာ မောင်းပြီးတိုင်း အင်ဂျင်ကို အနားပေးရမယ်ဆိုတာ ရှိရတယ်။ အဲဒီအတွက် လမ်းမှာ အနားပေးစရာ နားနေစခန်းလေးတွေ ဆောက်လုပ်ပေးသင့်တယ်။ အဲဒီလို အနေအထားက နိုင်ငံတကာမှာလည်း ဟိုင်းဝေးလမ်းတွေပေါ်မှာ နားနေ စခန်းလေးတွေ ထားပေးထားပါတယ်” ဟုပြောသည်။

အဝေးပြေးလမ်းတွင် ဖြစ်ပေါ်ခဲ့သည့်ယာဉ်တိုက်မှုများ၊ ယာဉ်တိမ်းမှောက်မှုများသည် ယာဉ်မောင်းများ၏ ဟိုင်းဝေးလမ်း အတွေ့အကြုံ အားနည်းခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရသည် ဟု မော်တော်ယာဉ်မောင်း ကျွမ်းကျင်သူ များက ဆိုသည်။ ယခုအခါတွင် နိုင်ငံတော်မှ ကားသစ်များ တင်သွင်းခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့် ပေးလိုက်သည့်အတွက်ကြောင့်လည်း မော်တော်ယာဉ်အသစ်များ ဝင်ရောက်လာခဲ့သည်။ ယာဉ်မောင်းများမှာ အတွေ့အကြုံနုနယ်သောကြောင့် ယခုကဲ့သို့ ယာဉ်တိုက်မှုများ အသက်ဆုံးရှုံးမှုများ မကြာခဏဖြစ်ပွားလာ ခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းများအနေဖြင့် ဟိုင်းဝေးလမ်းတွင် မောင်းနှင်သည့်အခါတွင် မော်တော်ယာဉ် နှင့်ယာဉ်မောင်းများ လိုက်နာသင့်သည့်အချက်အလက်များ၊ နိုင်ငံတော်မှ လုပ်ကိုင်ပေးရမည့် အဓိကအချက် များကို ယင်းက ဆက်လက်ပြောကြားရာတွင်” ဟိုင်းဝေးမောင်းမယ့် ယာဉ်မောင်းတစ်ယောက်အနေနဲ့ လိုက်နာ ရမယ့်အချက်တွေကို နိုင်ငံတော်က ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာ ပေးသင့်တယ်။ ဟိုင်းဝေးမောင်းမယ့် ကားဟာ ဘယ်လောက်ကောင်းကောင်း စစ်ဆေးဖို့တော့ လိုအပ်တယ်။ ကားတစ်စီးဟာ သူ့မှာ ရုန်းကန်လာ ရတဲ့အနေအထား အင်ဂျင်အပူချိန်ဆိုတာတွေကို သိထားသင့်တယ်။ နောက်တော့ ကားဘီးဟာလည်း ဟိုင်းဝေးလမ်းမှာအမြန်မောင်းရတဲ့အတွက် အပူချိန်တိုးလာနိုင်တယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ ကား ဘီးပေါက်တာတို့ ဘီးကွဲတာတို့ ဘရိတ်ပေါက်တာတို့ ဖြစ်လာတတ်တယ်။ တကယ်တန်းမောင်းပြီဆိုရင် ကားရဲ့အစိတ်အပိုင်းတွေအားလုံးဟာ သူ့အပိုင်းနဲ့သူ ရုန်းရတယ်။ အဲဒီလိုအပိုင်းတွေကို ယာဉ်မောင်းတွေသိဖို့ နိုင်ငံတော်က ပြောပြပေးရမယ်။ ကာတွန်းတွေ ပိုစတာတွေနဲ့ ဖော်ပြပေးသင့်တယ်။ ကြေညာချက်တွေထုတ် သင့်တယ်။ သရုပ်ပြလုပ်ငန်းတွေနဲ့ သင်ကြားပိုချသင့်တယ်။ အခုဖြစ်နေတဲ့ကားတွေက ကားသစ်တွေ ဖြစ်တာများတယ်။ အဲဒီလို ကားသစ်တွေဖြစ်တဲ့အတွက် မောင်းတဲ့ယာဉ်မောင်းတွေကတောက် လျှောက်မနားဘဲ မောင်းကြတဲ့သူများတယ်။ဒီလိုအရှိန်ပြင်းပြင်းမောင်းတဲ့အခါမှာလမ်းရဲ့ယာဉ်ကြောအကွေ့ တွေ လမ်းအကွေ့တွေရှိတယ်။ ထူးခြားတာက သာမန်မိုင်၅၀ နှုန်းမှာကွေ့တဲ့ ဗဟိုခွာ အကွာအဝေးနဲ့ မိုင်၇၀/၈၀ မောင်းနေတဲ့ကားရဲ့ အမြန်နှုန်းမှာကွေ့ရတဲ့ ဗဟိုခွာ အားချင်းမတူဘူး။ အဲဒီလို အနေအထားတွေ အန္တရာယ်ဖြစ်တာများတယ်။ ဖြစ်လိုက်ရင်လည်း ကားသစ်တွေပဲ ဖြစ်တာများတယ်။ ကားကြီးတွေကတော့ ယာဉ်မောင်းရဲ့ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်တတ်ကြတယ်။ အခု အဝေးပြေးလမ်းမှာ ဖြစ်လိုက်ရင် ပါဂျဲရိုး၊ လင်ခရုဇာ၊ ပရာဒို၊ ဟယ်ရီယာတို့လိုကားတွေပဲ ဖြစ်ကြတာများတယ်။ မောင်းတဲ့ယာဉ်မောင်းတွေက ကားအပေါ်မှာ ယုံ ကြည်မှုထားကြတယ်။ တကယ်မောင်းတဲ့အခါကျတော့ မော်တော်ယာဉ်ရဲ့ရုန်းကန်အား၊ အင်ဂျင်ပါဝါတွေကို မတွက်တတ်ကြဘူး။ အဲဒါကြောင့်လည်း အခုလိုဖြစ်ကြတာတွေကိုတွေ့နေရတယ်” အဝေး ပြေးလမ်းများတွင်ထားရှိသည့် လမ်းညွှန်ချက်များ၊ ယာဉ်အန္တရာယ်အတွက် သတိပေးချက်များ အထိုက် အလျောက်ပြည့်စုံမှုရှိသော်လည်း အရေးပေါ်ဆက်သွယ်ရမည့် အချက်အလက်များလိုအပ်နေခြင်းနှင့် လမ်း၏ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ နေ့စဉ်အသုံးပြုနေရသည့် စက်ဘီး၊ ဆိုင်ကယ်များနှင့် ပတ်သက်ပြီး ယင်း၏အမြင်ကို ပြောကြားရာတွင်”လမ်းညွှန်ဆိုင်းဘုတ်တွေ ထောင်ထားတာ အတိုင်းအတာ တစ်ခုအထိပြည့်စုံပါတယ်။ ဆိုင်းဘုတ်မှာ ဖော်ပြထားတဲ့အတွက် ဘယ်မြို့ကိုရောက်နေပြီ ဘယ်နယ် ထဲကိုရောက်နေပြီဆိုတာတွေတော့ သိရတယ်။ လမ်းပေါ်မှာ လှည်းမမောင်းရ၊ ဆိုင်ကယ်မစီးရ၊ စက်ဘီးမစီးရ၊ မိုင် ၆၀ ထက်ပိုမောင်း ရင်သေတတ်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကတော့ ပြည့်စုံမှုရှိတယ်။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု တို့ဖြစ်လာတဲ့အခါမှာ ဘယ်ကို ဆက်သွယ်ရမှန်း မသိတဲ့ အခြေအနေ မျိုးတော့ရှိတယ်။ အမှန်ဆိုရရင်တော့ အရေးပေါ်ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကို သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြပေးထားတဲ့ ဆိုင်းဘုတ်ကြီးတွေ စိုက်ထူထားသင့်တယ်။ မြို့တစ်ခုနဲ့တစ်ခုကြားမှာ ဆက်သွယ်ရေးစခန်းတွေ ထားပေးသင့်တယ်။ သူနာပြုစခန်း၊ ရဲလုံခြုံရေးစခန်း၊ မီးသတ်လုံခြုံရေး စခန်းလေးတွေကို ထားပေးသင့်တယ်။ တစ်ခုခုဖြစ်ပြီဆိုရင် ချက်ချင်းဆက်သွယ်လို့ရမယ့် ချက်ချင်း အကူအညီပေးနိုင်မယ့်နေရာ စခန်းလေးတွေထားပေးသင့်တယ်။ အခု အခြေအနေက လမ်းဘေးမှာရှိတဲ့ ရွာနီးချုပ်စပ်ကလူတွေကပဲ ကူညီကြတာတွေ့ရတယ်။ သူတို့မှာလည်း ဂေါ်ပြားနဲ့ပေါက်တူးပဲရှိကြတာ။ ဘာမှလုပ်ပေးနိုင်တဲ့အခြေအနေမှာ မရှိဘူး”ဟု သူ၏အတွေ့အကြုံကို ပြောသည်။

ရာသီဥတုအခြေအနေများကြောင့် ဖြစ်ပေါ်တတ်သည့်ယာဉ် တိုက်မှုများမဖြစ်ပေါ်စေရန် သတ်မှတ်ပြထား သင့်သည့် လမ်းညွှန် ဆိုင်းဘုတ်များနှင့် ပတ်သက်ပြီး ဆက်လက်ပြောကြားရာတွင် “ဆောင်းတွင်းဆိုရင် အဲဒီလမ်းမကြီးတွေပေါ်မှာ နှင်းတွေ မြူတွေ အရမ်းကျတတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ ယာဉ်အန္တရာယ်ဖြစ် တတ်တယ်။ လမ်းအမှတ်အသားပြထားတဲ့ဆိုင်းဘုတ်တွေ လမ်းညွှန်အမှတ်အသားတွေကို မြင်နိုင်တဲ့ဆေးမျိုး တွေသုတ်ပြထားသင့်တယ် စတေကာတွေနဲ့ ဖော်ပြထားသင့်တယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေရဲ့ အမှတ်အသားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသင့်တယ်။ နောက်တစ်ခုက လမ်းပေါ်မှာ ဆိုင်ကယ် မစီးရဘူး။ စက်ဘီးမစီးရဘူး။ လှည်းမမောင်းရဘူး။ တွေ့ရင် သိမ်းမယ်၊ ဖမ်းမယ်ဆိုပေမယ့် ဒီလမ်းမကြီးပတ်ဝန်း ကျင်မှာနေတဲ့ ကျေးရွာကလူတွေအနေနဲ့ ဒီဆိုင်ကယ်၊ စက်ဘီးတွေကိုမှ မစီးရဘူးဆိုရင် အဆင်မပြေဘူး။ အဝေးပြေး လမ်းမကြီးဆိုပေမယ့် ရွာနီးချုပ်စပ်က လူတွေအတွက်လည်း စဉ်းစားပေးဖို့ လိုအပ်ပါတယ်။ လမ်းရဲ့ ဧရိယာအဆုံးမှာ စက်ဘီး၊ ဆိုင်ကယ် လူသွားလမ်းဆိုတာတွေကို သတ်မှတ်ပေးသင့်တယ်။ ၉ လက်မ လောက်မြင့်တဲ့ ပလက်ဖောင်းတစ်ခုကိုပြုလုပ်ထားပြီး အဲဒီပလက်ဖောင်းနောက်က သူတို့သွားလို့၊ လာလို့၊ မောင်းလို့ရမယ့်နေရာလေးတစ်ခုတော့ သတ်မှတ်ပေးထားသင့်တယ်။ အဲဒီလိုပလက်ဖောင်းလုပ်လိုက်လို့ ကုန်ကျစရိတ်ထက် ဆုံးရှုံးသွားမယ့် လူတွေရဲ့အသက်တွေ၊ သူ့ကိုမှီခိုနေတဲ့မိသားစုဘဝတွေနဲ့ ယှဉ်လိုက်ရင် ဒီကုန်ကျစရိတ်ဟာ ဘာမှမပြောပလောက်ပါဘူး”ဟု ယင်း၏အမြင်ကိုဆိုခဲ့ပါသည်။ အနာဂတ်မြန်မာ နိုင်ငံ၏တိုးတက်ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်လာသည့်အခါ လမ်းပန်းဆက်သွယ်မှုအခန်းကဏ္ဍသည်လည်း အရေး ကြီးသည့်အစိတ်အပိုင်းတွင် ပါဝင်မည်ဖြစ်သည်။ မိမိတို့တိုင်းပြည်တွင် နိုင်ငံတကာအဆင့်မီအဝေးပြေး လမ်းမကြီးများကို နေရာဒေသ အလိုက် ဆက်လက်ဖောက်လုပ် ရဦးမည်ဖြစ်သည့်အတွက် ယာဉ်အန္တရာယ် များမဖြစ်ပွားနိုင်ရန်အတွက် အသေအချာလေ့လာသုံးသပ်ပြီး ကြိုတင်ကာကွယ်တားဆီးမှုများ ပြုလုပ်သင့်သည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

၀၃၂

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*