ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်နေသည့် ရခိုင်အမျိုးသမီးများ အဖွဲ့အစည်းက ၂၄ နှစ်ကြာအတွင်း ပထမဦးဆုံးအကြိမ် အဖြစ် လာရောက်ခဲ့သော ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ အတွင်းရေးမှူး ဒေါ်စောမြ ရာဇာလင်းနှင့် မြန်မာ အင်ဒီပဲန်ဒင့်တို့ တွေ့ဆုံ မေးမြန်းချက်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

ဒေါ်စောမြရာဇာလင်း

ဒေါ်စောမြရာဇာလင်း

မေး- အခုဖွဲ့လိုက်တဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ပေါ်ကို ဒေါ်စောမြ ရာဇာလင်းအနေနဲ့ ဘယ်လိုများ သုံးသပ် ပြောကြား ချင်ပါသလဲ။ ပြီးတော့ ဒီအဖွဲ့အပေါ်မှာရော ဘယ်လိုတွေ မျှော်လင့်ထားပါသလဲ။

ဖြေ- ကျောင်းသား ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရ မပါတဲ့ ကော်မရှင် အပေါ်မှာတော့ လွတ်လပ်တဲ့ ကော်မရှင်လို့ မျှော်လင့်တယ်။ အကောင်းဘက်က မျှော်လင့်ချက် ထားပါတယ်။ ကော်မရှင်ထဲမှာ သူတို့ဘက်က ဘာသာရေး ခေါင်းဆောင်တွေ ပါတာတွေ့ရတယ်။ သတင်းတွေ ပြတ်လပ် နေတာတွေ အများကြီး ရှိတယ်။ ဒီကိုရောက်ချိန်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ မပါဘူးဆိုတဲ့ အပေါ်မှာတော့ တချို့ရဲ့ ဝေဖန်သံတွေကို ကျွန်မအနေနဲ့ ကြားနေရတယ်။ ဘာပဲဖြစ်ဖြစ် ဘာသာရေး အဓိကရုဏ်း ဖြစ်သွားတာတော့ မဟုတ်ဘူး။ လူမျိုးရေး အဓိကရုဏ်း မဟုတ်ဘူး။ ဒါပေမယ့် ဖန်တီးတဲ့ လူတချို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာလို့ ထင်တယ်။ ရခိုင်ပြည်နယ်ရဲ့ အရေးအခင်းမှာ ဘာသာရေး တစ်ခုစီပေါ်မှာ အခြေခံတဲ့ လူမျိုး နှစ်မျိုး ပုံစံမျိုး ဖြစ်သွားတာကတော့ ငြင်းလို့လည်းရမှာ မဟုတ်ပါဘူး။ တစ်ဖက်က ဘုန်းတော်ကြီးတွေ ပါတယ်ဆိုလို့ရှိရင် တစ်ဖက်ကလည်း ဘာသာရေး ခေါင်းဆောင်တွေ ပါသင့် တယ်လို့ ကျွန်မအနေနဲ့ မြင်တယ်။ ဒီကော်မရှင်ဟာ လွတ်လပ်ပြီးတော့ တရားမျှတမှု ရှိအောင် လုပ်လိမ့်မယ် လို့တော့ အများအားဖြင့် မျှော်လင့်ပါတယ်။ ဒီလိုဖြစ်အောင်လည်း လုပ်ရမယ်။ ကော်မရှင်က စုံစမ်းစစ်ဆေးပြီးမှ ထွက်ပေါ်လာတဲ့ အဖြေက ပြည်သူလူထု တစ်ရပ်လုံးအတွက် အကျိုးရှိတဲ့၊ အေးချမ်းသာယာတဲ့၊ ငြိမ်းချမ်းရေးကို ပံ့ပိုးတဲ့ ကော်မရှင် ဖြစ်ဖို့ အရမ်း အရေးကြီးစေတယ်။ အဲဒီလို ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။

မေး- ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ မြန်မာပြည်မှာ ရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးတွေက ဘယ်လို အချက်တွေ ကွာခြားမှု ရှိသလည်း ဆိုတာကို ပြောပြပေး စေချင်ပါတယ်။

ဖြေ- ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း လူဝင်မှုကြီးကြပ်ရေးကို ပြောရမယ် ဆိုလို့ရှိရင် နတ်မြစ်ဘက်က လူဝင် မှုကြီးကြပ်ရေးက ဟာကွက်တွေ အများကြီးရှိပါတယ်။ သေချာစောင့် ကြည့်တဲ့ ဂိတ်တွေလည်း ရှိတာပေါ့။ ဒါပေမယ့် ကျွန်မတို့ အမြင်အနေနဲ့ နှစ်ဖက် နိုင်ငံလုံးမှာ လူဝင် လူထွက်တွေက အရမ်းအားနည်းနေ တယ်။ ဒီလိုပဲ ကျွန်မတိုတိုနဲ့ ပြော ပြချင်တယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ် ဘက်က ဒီဘက်နိုင်ငံကို ကူးလာ မယ်ဆိုလို့ရှိရင် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိတယ်။မြန်မာပြည်ဘက်  က ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးသွား မယ်ဆိုလို့ရှိရင်လည်း လွယ်လွယ် ကူကူနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်း တွေ အများကြီးရှိတော့ နှစ်ဖက် နိုင်ငံလုံးမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး အင်မတန်မှ အားနည်း ချက်ရှိတယ်လို့ နှစ်နိုင်ငံလုံးကို ပြော ချင်ပါတယ်။

မေး- အခု ဒေါ်စောမြရာဇာလင်းက RWU အနေနဲ့ လာတယ်လို့ ကြားမိပါတယ်။ အဲဒီတော့ ရခိုင်ပြည်နယ် မှာရှိတဲ့ အမျိုးသမီးတွေအတွက် ဘာတွေများ လုပ်ဆောင်ပေးမလည်း ဆိုတာလေး သိချင်ပါတယ်။

ဖြေ- ကျွန်မတို့အဖွဲ့ကတော့ အား သာချက်ရှိသလို အားနည်းချက်တွေ လည်း အများကြီးရှိပါတယ်။ ကျွန်မ တို့အဖွဲ့မှာ ဒီပြဿနာတွေကို အခြေခံအကြောင်းပြုခဲ့လို့ ပြောလို့ ရတယ်။ ရန်ပုံငွေ အခက်အခဲလည်း ရှိတယ်။ ဒါပေမယ့် ကျွန်မတို့ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေက ပြည်သူအတွက် အမျိုးသမီးတွေ အတွက်ပဲ မဟုတ်ဘူး။ ပြည်သူ့ အတွက် အမြဲတမ်းလုပ်ဆောင်နေတာ ဖြစ်တယ်။ အနာဂတ်မှာလည်း ကျွန်မတို့ ပြည်သူတွေအတွက် အများကြီးလုပ်ဖို့ရှိတယ်။ အတိတ် ကလည်း လုပ်ခဲ့တယ်။ အဲဒါကြောင့်  မို့ ကျွန်မတို့ဟာ ရခိုင်ပြည်မှာရှိတဲ့ အမျိုးသမီးတွေ အားလုံးနဲ့တွေ့ပြီး တော့မှ ရခိုင်ပြည်အကျိုး ရခိုင်လူမျိုး တွေရဲ့ အကျိုးကို တစ်ချိန်ချိန်မှာ လွတ်လွတ်လပ်လပ်သယ်ပိုး ဆောင် ရွက်နိုင်မယ်လို့ ကျွန်မအနေနဲ့ မျှော် လင့်ထားပါတယ်။

မေး- ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အခြေ အနေတွေပေါ် ဘာများပြောချင်ပါ သလဲ။

ဖြေ- ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစိုးရ ကို ကျွန်မတို့ အရမ်းကျေးဇူးတင်စရာ ရှိတယ်။ အရမ်းလိမ္မာတယ်။ အရမ်း ထိန်းသိမ်းမှုကောင်းတယ်။ ကျွန်မ တို့အနေနဲ့ ထပ်ကာဆင့်ကာ အရမ်း ကျေးဇူးတင်တယ်။ ဘင်္ဂလားဒေ့ရှ် မှာ လူဦးရေသန်း ၁၆ဝ ကျော်ရှိ တယ်။ အဲဒီမှာ ဗုဒ္ဓဘာသာဟာ  ၁% နှုန်းမရှိဘူး။ အခုဖြစ်သွားတဲ့ အရေးအခင်း ကိစ္စမှာ အစိုးရက ကောင်းကောင်းမွန်မွန်းထိန်းသိမ်း စောင့်ရှောက်မှုမရှိဘူးဆိုရင် ဒါမှ မဟုတ် ရခိုင်ပြည်ဘက်က ထွက် ပြေးလာသမျှကို လက်ခံလိုက်မယ် ဆိုရင် ပြဿနာက ဒီထက်ကြီးသွား နိုင်တယ်။ အဲဒါကြောင့်မို့ အခုဖြစ် ပွားတဲ့ ကိစ္စရပ်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ထိန်းသိမ်းကိုင်တွယ်မှုဟာ ဆိုလို့ရှိရင် အင်မတန်မှ ချီးကျူးစရာ ကောင်းတဲ့ ကိုင်တွယ်မှုဖြစ်တယ်လို့ ကျွန်မအနေနဲ့ ဖြေချင်ပါတယ်။

မေး- ဒေါ်စောမြရာဇာလင်း အနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ထိန်းသိမ်း ကိုင်တွယ်မှုဟာ ဆိုလို့ရှိရင် အင်မတန် မှ ချီးကျူးစရာကောင်းတဲ့ ကိုင်တွယ်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီတော့ ဘင်္ဂလာဒေ့ရှ် အစိုးရက ဘယ် လိုတွေများ ထိန်းသိမ်းခဲ့တာလည်း ဆိုတာ သိပါရစေ။

ဖြေ- သောကြာနေ့တိုင်း၊ သောကြာနေ့တိုင်း ရောက်လာလို့ရှိရင် လုံခြုံရေးတွေ အများကြီး ချထားပေးတယ်။ ဗလီ ပတ်ဝန်းကျင် တွေမှာပေါ့။ မြန်မာနိုင်ငံဘက်က လူတွေ ကူးမလာဖို့၊ မြန်မာပြည်ဘက်က မောင်တောဘက် ကနေ ကူးလာမယ့် လူတွေကို လက်မခံဘူး။ လူတွေဆိုတာက ဘင်္ဂါလီလို့ ခေါ်နေကြတဲ့ လူတွေ ပိုများတယ်။ ဘင်္ဂလားဒေ့ရှ်ကို ကူးတာလေ။ တကယ်လို့ သူတို့ ဝင်လာလို့ရှိရင် ထိန်းသိမ်းရတာလည်း အခက်အခဲ ရှိမယ်။ ပါလာတဲ့ လူတွေမှာ ဘယ်လိုလူတွေ ပါလာမလဲ ဆိုတာကို ဘင်္ဂလားဒေ့ရှ် အစိုးရက မတွေးနိုင်ခဲ့ဘူး။ အဲဒါကြောင့် မောင်တော ဘက်က နေပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ကူးမယ့်သူတွေ အားလုံးကို မကူးရအောင် ပိတ်ပင်ထားတယ်။

မေး- ALP (ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ)အနေနဲ့ရော ဘာတွေများ လုပ်ကိုင်ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါသလဲ။

ဖြေ- ကျွန်မ ဒီကိုလာတဲ့ ကိစ္စမှာ ဖြစ်သွားတဲ့ ပြဿနာအပေါ်မှာ ကူညီစောင့်ရှောက်ချင်တဲ့ ဆန္ဒရှိ တယ်။ ကူညီစောင့်ရှောက် ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ တတ်နိုင်တဲ့ နည်းလမ်းပါ။ အကြီးအကျယ်တော့ စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး။ တတ်နိုင်တဲ့ နည်းလမ်းနဲ့ တတ်နိုင် တဲ့ ဘက်ကနေ ဒုက္ခရောက်သွားတဲ့ သူတွေကိုပါတီအနေနဲ့ ကူညီဖို့ ဆန္ဒ ရှိပါတယ်။ ထို့အတူပဲ ရခိုင်အမျိုး သမီးများ အစည်းအရုံးကလည်း ပံ့ပိုးကူညီချင်တဲ့ ဆန္ဒတွေအများကြီး ရှိပါတယ်။ တတ်နိုင်တဲ့ နည်းလမ်း တွေနဲ့ ရန်ပုံငွေတွေ ရှာဖွေရှာကြံပြီး ဒုက္ခရောက်နေကြတဲ့ လူတွေကို ကျွန်မတို့အနေနဲ့ ကူညီချင်လို့ လာတဲ့ ကိစ္စတစ်ခုပါတယ်။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီဟာဆိုလို့ရှိရင် ပြည်နယ်အဆင့်ကို လက်မှတ်ထိုး ထားတဲ့ ပါတီဖြစ်တယ်။ ဒီလိုလက် မှတ်ထိုးထားတဲ့အပိုင်းမှာ ကျွန်မတို့ တွေက မေတ္တာရပ်ခံခဲ့တာက ပလက်ဝ မှာ စီးပွားရေးရုံးကို ဖွင့်မယ့်အစား စစ်တွေမှာ ဆက်သွယ်ရေးရုံးကို ဖွင့်ပေးဖို့ တောင်းဆိုခဲ့သည်။

ဒေါ်စောမြရာဇာလင်း မြန်မာပြည်ကို ပြန်လာရခြင်းသည် ၂၄ နှစ် တာ ဝေးကွာနေသော မြန်မာပြည်သို့ ပြန်လာ ချင်သောကြောင့်လည်းကောင်း၊ အပြောင်းအလဲတစ်ခု၌ ဖြစ်ပေါ်လာ သော အနေအထားများအပေါ်၌ ကိုယ့်လူမျိုးများအတွက် လုပ်ဆောင် ပေးနိုင်မည့် အနေအထားများကို လေ့လာရန်၊ ယခုဖြစ်သွားသော ပြဿနာ အနေအထားများပေါ်၌ ဒုက္ခဖြစ်နေသော ပြည်သူများအတွက် ကူညီပေးရန်၊ ALP (ရခိုင် ပြည်နယ် လွတ်မြောက်ရေးပါတီ)၏ ဆက်သွယ်ရေးရုံးများ ဖွင့်ရန်စသည့် ရည်ရွယ်ချက် ၃ ခုရှိကြောင်း သိရ သည်။

ဝဝ၇

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*