လူမှုရေးသတင်း — September 26, 2012

မြန်မာ ယူနီကုတ်နှင့် ပတ်သက်သော စာတမ်းဖတ်ပွဲတစ်ခု ကျင်းပသွားနိုင်ရန် စီစဉ်လျက် ရှိကြောင်း စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ မစ္စတာဘရောင်း ကော်ဖီဆိုင်တွင် ပြုလုပ်သည့် ကွန်ပျူတာသုံး မြန်မာစာ စနစ် စိတ်ဝင်စားသူများ တွေ့ဆုံပွဲမှ သိရသည်။ အဆိုပါ စာတမ်းဖတ်ပွဲကို လာမည့် အောက်တိုဘာ လကုန်ပိုင်းခန့် တွင် ပြုလုပ်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

စာတမ်းဖတ်ပွဲတွင် မြန်မာဘာသာ စကား၏ သဘာဝများ အကြောင်း၊ ယူနီကုတ်ပွိုင့်နှင့် ပတ်သက်သည့် အကြောင်း၊ ယူနီကုတ် အသုံးပြုသည့် အကြောင်း၊ ယူနီကုတ် ဖောင့်များ အကြောင်းနှင့် ယူနီကုတ်ပွိုင့်တွင် ပါဝင်သည့် တိုင်းရင်းသား ဘာသာစကား  အကြောင်းတို့ကို တင်ပြဆွေးနွေး နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူနီကုတ်နှင့် ပတ်သက်၍ မကျေလည်မှုများသည် ကာလ အတန်ကြာ ရှိခဲ့ပြီး အငြင်းပွား မှုများလည်း ဖြစ်ပေါ်လျက် ရှိသည်။ ထိုသို့ အငြင်းပွားမှုများကို အကျေအလည် ဆွေးနွေးရန်၊ စံသတ်မှတ်ချက် အတိုင်း အတိအကျ သုံးစွဲနိုင်ရန်နှင့် နောက်ဆုံးအဆင့် အသုံးပြုသူများ (End Users) အတွက် လိုအပ်မည့် အကူအညီများ ပေးနိုင်ရန်အတွက် အဆိုပါ စာတမ်းဖတ်ပွဲတွင် ညှိနှိုင်း အဖြေရှာသွားမည် ဟု သိရသည်။ ထို့အပြင် အဆိုပါ စာတမ်းဖတ်ပွဲသို့ နယ်ပယ် အသီးသီးမှ ပညာရှင်များနှင့် ကွန်ပျူတာသုံး မြန်မာစာစနစ်  စိတ်ဝင်စားသူများ အားလုံး ပါဝင်ဆွေးနွေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

ယူနီကုတ် ကွန်ဆိုဒီယမ်တွင် မြန်မာဘာသာ စကားအတွက် ယူနီကုတ်ပွိုင့်များ ရရှိရန် ၁၉၉၄ ခုနှစ် ဝန်းကျင် ကတည်းက စတင်ကြိုးပမ်း ခဲ့ကြသည်။ ထို့နောက် ယူနီကုတ်စံနှုန်းကို တစ်ဝက်တစ်ပျက်သာ လိုက်နာထားပြီး စံနှုန်းမပြည့်သည့် ယူနီကုတ် အမည်ခံ မြန်မာဖောင့်များ ထွက်ပေါ်လာခဲ့သည်။ ယင်းဖောင့်တို့သည် ၂ဝဝ၄ ခုနှစ် ဝန်းကျင်တွင် အသုံးပြုသူများထံသို့ ကျယ်ပြန့်စွာ ရောက်ရှိသွားခဲ့သည်။ ထို့နောက် စံနှုန်းမမီသော မြန်မာ ယူနီကုတ်ဖောင့်နှင့် စံသတ်မှတ်ချက် အတိုင်း အတိအကျ လိုက်နာထားသော မြန်မာယူနီကုတ် ဖောင့်တို့ အကြား အငြင်းပွားခြင်း၊ အခြေအတင် ဆွေးနွေးခြင်းများ မကြာခဏ ဖြစ်လေ့ရှိခဲ့ကြောင်း တွေ့ရသည်။

ဝ၃၃

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*