ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၃၁၊ ၂ဝ၁၂

မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်မှ မျိုးဆက်သစ် သတင်းသမားများအား ပြုစုပျိုးထောင်၍ သတင်းထောက် သင်တန်းဆင်းပွဲ နှင့် အလုပ်ခန့်အပ်ခြင်းကို ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမတွင် မေလ ၃ဝ ရက်နေ့၊ ညနေ ၅ နာရီတွင် ကျင်းပပြီးစီးခဲ့သည်။

သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်နေစဉ်

အဆိုပါ အခမ်းအနားသို့ မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် မှ အယ်ဒီတာနှင့်အဖွဲ့ဝင်များ၊ သတင်းစာပညာ သင်တန်းစာဆရာ၊ ဆရာမများ၊ မြန်မာ့သတင်းဆရာကြီးများ၊ နိုင်ငံရေးပညာရှင်များ၊ သတင်းထောက်များ၊ စာနယ်ဇင်း ပညာရှင်များစွာ တက်ရောက်ကြ သည်။

မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် တည်ထောင်ပုံနှင့် ဖွဲ့စည်းပုံကို တာဝန်ခံ အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းနှင့် အမှုဆောင် အယ်ဒီတာ မသီတာ(စမ်းချောင်း)တို့က တင်ပြကြသည်။

သင်တန်းနည်းပြဆရာ ဦးရဲနိုင်မိုးက မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်၏ မျိုးဆက်သစ် သတင်းသမားများကို လေ့ကျင့်ပေးခဲ့ပုံနှင့် မြန်မာနိုင်ငံတွင် သတင်းစာ ဂျာနယ်ကောင်းများစွာ လိုအပ်ပုံတို့ကို တင်ပြသည်။

အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်အား စာနယ်ဇင်းများသို့ မိတ်ဆက်ခြင်း နှင့် သင်တန်းသား၊ သင်တန်းသူ ၁၄ ဦးတို့အား သင်တန်းဆင်း လက်မှတ်နှင့် မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်တွင် အလုပ်ခန့်အပ်ခြင်း Press ကတ်တို့ကို ပေးအပ်သည်။

စာရေးဆရာ ဖျာပုံတင့်ဆွေမှ အမှတ်တရ စကားများ ပြောကြားခဲ့ပြီး၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကလည်း မျိုးဆက်သစ် သတင်း သမားများကို အမှာစကား ပြောကြားခြင်းနှင့် သတင်းဂျာနယ်များတွင် ဖော်ပြသင့်သော သတင်းများ၊ လိုအပ်သော အချက်များကို ဝေဖန် အကြံပြု ပြောကြားခဲ့သည်။

ထို့နောက် မျိုးဆက်သစ် ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နှင့်ကိုဂျင်မီတို့က အမှတ်တရ စကားများနှင့် သတင်းထောက်များ၏ လိုအပ်ချက်များ၊ မလွတ်လပ်သေးသော သတင်းလောက အကြောင်း တို့ကို ဝေဖန်အကြံပြု၍ ပြောကြသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မျိုးဆက်သစ် သတင်းသမားများ မျှော်လင့် မထားသော ထူးချွန် သတင်းထောက်ဆု ၃ ဆုကိုလည်း သတင်းထောက် ကိုအောက်သိုက်၊ ကိုနန္ဒကျော်ထွေးနှင့် မယမင်းသီရိတို့အား ချီးမြှင့်ခဲ့သည်။ သတင်းထောက် ကိုသူရအောင်မှ အဆိုပါ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်သူအားလုံးကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကိုနိုင်က

အစတည်းကိုက ယုံကြည်မှုအပြည့်နဲ့ ဒီလုပ်ငန်းကို လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ အခု သတင်းထောက် အားလုံးကလည်း ကျွန်တော်တို့ ထားတဲ့ စိတ်ဓာတ်မျိုးနဲ့ အလုပ်လုပ်မယ်လို့ ယူဆတဲ့အတွက်ကြောင့် အားလုံး ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် အောင်မြင်မယ် ဆိုတာ သေချာပါတယ်။ လုံးဝ ယုံကြည်ပါတယ်…

ဟု ၎င်း၏ ယုံကြည်မှုကို ပြောသည်။

၎င်းပွဲတွင် တက်ရောက်လာသူ စာရေးဆရာ မောင်ဆွေသက် က ““ဒီအင်ဒီပဲန်ဒင့် ဂျာနယ်က နာမည်နဲ့ လိုက်အောင် လွတ်လပ်တဲ့ သတင်းတွေ ပါလိမ့်မယ်လို့ အဘကတော့ မျှော်လင့်ထားတယ်”” ဟု ဂျာနယ်အပေါ် မျှော်လင့်ချက်ကို ပြောသည်။

မြစ်မခသတင်းဌာနမှ သတင်းထောက် ကိုစောဇင်ညီက ““အင်ဒီပဲန်ဒင့် ဂျာနယ်ဝက်ဘ်ဆိုဒ်ကို သေချာ မလေ့လာဘူးပေမဲ့ ပွဲတွေမှာ မေးတဲ့မေးခွန်းတွေကတော့ ပြည်သူတွေဘက်က ရပ်တည်တာကို တွေ့ရပါတယ်”” ဟု ၎င်း၏ အမြင်ကိုပြောသည်။

မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်သည် ဇွန်လ ၇ ရက်နေ့တွင် ပြည်သူများထံ လွတ်လပ်စွာ ပေါ်ထွက်လာမည်ဖြစ်သည်။

၀၁၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*