ခေါင်းကြီးသတင်း — မတ် ၆၊ ၂ဝ၁၃

၂ဝ၁၃ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရသူပေါင်း ၂၅၉ ဦး ရှိသည့် အနက် ၂ဝ၉ ဦးမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်ပြီး အဖွဲ့အစည်း ၅ဝ လည်း ပါဝင်ကြောင်း Nobel Institute က မတ် ၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

နိုဘယ်လ်ဆုအတွက် လျာထား ခံရသူများစာရင်းတွင် တာလီဘန်တို့ ၏ ပစ်ခတ်မှုခံခဲ့ရသော ပါကစ္စတန် ကျောင်းသူလေး Malala Yousafzai ၊ အရှေ့ ဥရောပအုပ်စုမှ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အမေရိကန် သမ္မတဟောင်း Bill Clinton တို့ ပါဝင်ကြောင်း သိရှိရသည်။

Nobel Institute အကြီးအကဲ Geir Lundestad က လျာထားသူ စာရင်းအရေအတွက်မှာ နှစ်စဉ်လိုလိုပင် တိုးတက် များပြားလာနေကြောင်း ဤအချက်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအပေါ် စိတ်ဝင်စားမှု တိုးပွားလာနေသည် ကို ပြသခြင်းပင် ဖြစ်ကြောင်း၊ လျာထားချက် အမည်စာရင်း တင်သွင်းမှု များသည် ကမ္ဘာတစ်ဝန်းလုံး မှ ပေးပို့လာ ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

၂ဝ၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရွေးချယ်စဉ်က အမည်စာရင်း တင်သွင်းခံရသူပေါင်း ၂၄၁ ဦးရှိ ခဲ့သည်။ နိုဘယ်လ်ဆု ရွေးချယ်ရေး အဖွဲ့၏ စည်းမျဉ်းများအရ အမည်စာရင်း တင်သွင်းခံရသူတို့ အမည်စာရင်း ကို အနှစ် ၅ဝ တိုင်တိုင် ထုတ်ပြန်ကြေညာခြင်း မပြုဘဲ ထားရှိရမည် ဖြစ်သည်။

သို့ရာတွင် ကမ္ဘာတစ်လွှားမှ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် ဆန္ဒပြုပိုင်ခွင့်ရှိသူ အမြောက်အများ ရှိနေပြီး ယင်းတို့အနက် နိုဘယ်လ်ဆုရှင်များ၊ ပါလီမန်အမတ်များ၊ အစိုးရများ၊ တက္ကသိုလ်ပါမောက္ခများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များလည်း ပါဝင်သည်။ အမည်စာရင်း တင်သွင်းဆန္ဒ ပြုခွင့်ရှိသူတို့က ယင်းတို့တင်သွင်းသည့် အမည်များကို ထုတ်ဖော် ပြောကြားနိုင်သည်။

ဤသို့ဖြင့် Malala နှင့် Clinton တို့အပြင် Memorial အမည်ရ ရုရှား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့နှင့် မြန်မာ နိုင်ငံမှ ပြုပြင်ပြောင်းလဲရေး သမ္မတ ဦးသိန်းစိန်တို့ အမည်စာရင်း တင်သွင်း  ခံရသည့်အထဲတွင် ပါဝင်ကြောင်း သိရှိရသည်။

အမည်စာရင်း တင်သွင်းခြင်းကို ဖေဖော်ဝါရီ ၁ ရက်က စာရင်းပိတ်ခဲ့ပြီး အဖွဲ့ဝင် ၅ ဦးပါဝင်သော နိုဘယ်လ် ကော်မတီ ၏ ရွေးချယ်မှုကို အောက်တို ဘာ အစောပိုင်းတွင် ကြေညာမည် ဖြစ်သည်။ နိုဘယ်လ်ဆု ချီးမြှင့်ခြင်း အခမ်းအနားကိုမူ ၁၈၉၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သော နိုဘယ်လ်ဆု ထူထောင်သူ Afred Nobel ကွယ်လွန် ခဲ့သည့် ဒီဇင်ဘာ ၁ဝ ရက်ကို အထိမ်းအမှတ် ပြု၍ နှစ်စဉ် ဒီဇင်ဘာ ၁ဝ ရက်တွင် ကျင်းပပေးသည်။

ပြီးခဲ့သောနှစ်က ဥရောပသမဂ္ဂကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ခဲ့ရာ သမဂ္ဂထူထောင်ခဲ့သည့် နောက်ပိုင်း အဆိုးဆုံး အနေအထား ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေသဖြင့် ငြင်းခုန်ဝေဖန်ပြောကြားမှုများ ပေါ်ထွက်ခဲ့ ရသည်။

Ref: AFP

ဝ၃၉

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*