ပြည်တွင်းသတင်း — ရန်ကုန်၊ ဇွန် ၁၉၊ ၂ဝ၁၂

လာမည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်နေမှုများကို စက်ဘီးအဖွဲ့ချုပ်နှင့် ရေကူးအဖွဲ့ချုပ် တာဝန်ရှိသူများက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။

စက်ဘီးအဖွဲ့ချုပ်မှ ဦးကျော်ထူးအောင်

စက်ဘီးအဖွဲ့ချုပ်မှ ဦးကျော်ထူးအောင်

၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲ အတွက် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၏ ကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ် တွဲဖက်ဦးစီးအရာရှိ ဦးကျော်ထူးအောင်က ပြောကြားရာ “လာမယ့် ဆီးဂိမ်းအတွက် စက်ဘီးအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ အားကစားသမားအယောက် ၅ဝ ခန့်ကို နေပြည်တော်   ရွှေကြာပင် လေ့ကျင့်ရေးစခန်းမှာ လေ့ကျင့်ပေးနေပါတယ်။ လေ့ကျင့်ပေးနေတဲ့ ပြိုင်ပွဲအမျိုးအစားတွေကတော့ တာဝေးစက်ဘီးပြိုင်ပွဲ၊ တောင်ဆင်း (Down Hill)စက်ဘီးပြိုင်ပွဲ၊ တောင်တက် (Mountain)ပြိုင်ပွဲနဲ့ BMX စက်ဘီးပြိုင်ပွဲတွေ အတွက် ဖြစ်ပါတယ်။ တာဝေးစက်ဘီးပြိုင်ပွဲမှာ တစ်ဦးချင်း၊ အသင်းလိုက်၊ အုပ်စုလိုက်ဆိုပြီး ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ တောင်တက်စက်ဘီး ပြိုင်ပွဲအတွက် အားကစားဝန်ကြီး ကိုယ်တိုင် ရွှေတံဆိပ်ရဖို့ အပြည့်အဝ မျှော်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၆ ကြိမ်မြောက် အင်ဒိုနီးရှား ဆီးဂိမ်းမှာ အမျိုးသားရော၊ အမျိုးသမီးရော မတော်တဆထိခိုက်ပြီး ပြိုင်ပွဲမှာ ချောက်ထဲ ကျခဲ့တာတွေ ရှိခဲ့တဲ့အတွက် ဆုတံဆိပ်တွေ လက်လွှတ်ခဲ့ရပါတယ်။ လာမယ့်ဆီးဂီမ်းအတွက် ဆုတံဆိပ်တွေ ရဖို့ နေပူ၊ မိုးရွာမရှောင် နံနက် ၈းဝဝ နာရီကနေစပြီး နေ့လယ် ၁၂းဝဝ နာရီအထိ တစ်ပတ်မှာ ၆ ရက် လေ့ကျင့်ပေးနေပါတယ်”ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်၏ ကြိုတင် ပြင်ဆင်မှုများကို    ရေကူးအဖွဲ့ချုပ် အမှုဆောင် ဦးရဲအောင်က ပြောကြားရာ“လာမယ့်ဆီးဂိမ်းမှာ ဝါတာပိုလို ပြိုင်ပွဲကို ထည့်သွင်း ကျင်းပမှာပါ။ ရေကူးပြိုင်ပွဲ၊ ဒိုင်ပင်ပြိုင်ပွဲ၊ ဝါတာပိုလိုပြိုင်ပွဲ သုံးမျိုးစလုံး ရေကူးအဖွဲ့ချုပ်က ဝင်ပြိုင်မှာပါ။ ဒိုင်ပင်မှာတော့ ရွှေတံဆိပ်ရဖို့ မျှော်လင့်ထားပါတယ်။ ရေကူးနဲ့ ဝါတာပိုလိုပြိုင်ပွဲတွေမှာ ဆုရဖို့ အခက်အခဲရှိပါတယ်။ ကိုယ့်နိုင်ငံသားတွေရှေ့မှာ ဆုတံဆိပ်တွေရရှိအောင် ကျားကုတ်ကျားခဲ ကြိုးစား သွားမှာပါ။ ပြီးခဲ့တဲ့ အင်ဒိုနီးရှားဆီးဂိမ်းမှာ အမျိုးသမီး နှစ်ယောက်တွဲ ဒိုင်ပင်ပြိုင်ပွဲမှာ ကြေးတံဆိပ်ပဲ ရခဲ့ပါတယ်။ ရေကူးမှာတော့ ဆုမရခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

ဝဝ၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*