ပြည်တွင်းသတင်း — ရန်ကုန်၊ သြဂုတ် ၂၃၊ ၂ဝ၁၂

၂ဝ၁၃ မြန်မာပြည်တွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပွဲတော်မှာမူ အခြားနိုင်ငံများတွင် ကျင်းပခဲ့သော အားကစားပွဲတော်များထက် ကမ္ဘာ့မီဒီယာများတွင် စိတ်ဝင်စားမှုများ ဒီရေတက်နေချိန်တွင် ၂ဝ၁၃ အားကစား ပွဲတော်၏ လာဘ်ကောင် (Mascot)ရုပ်ကို ပြည်သူအများသို့ ထုတ်ပြန် ကြေညာ လိုက်ချိန်တွင် ဝေဖန်မှုအချို့ ပေါ်ထွက်လာပါသည်။

နေပြည်တော်တွင် စိုက်ထူထားသည့် ၂ဝ၁၃ ဆီးဂိမ်း ကြော်ငြာကို တွေ့ရစဉ်

နေပြည်တော်တွင် စိုက်ထူထားသည့် ၂ဝ၁၃ ဆီးဂိမ်း ကြော်ငြာကို တွေ့ရစဉ်

Mascot အရုပ်မှာ ဇီးကွက်ဖြစ်ပြီး မြန်မာတို့အယူတွင် ဇီးကွက်သည် လာဘ်လာဘ ပွင့်သော အကောင်၊ ပညာ ရှိသော အကောင်ဟု အယူရှိသဖြင့် ဇီးကွက်ရုပ် ရွေးချယ်မှုသည် သင့်မြတ်လှပေသည်။

သို့ပါသော်လည်း အဆိုပါဇီးကွက်ရုပ်ကို သရုပ်ဖော်သည့် နေရာတွင်မူ နိုင်ငံတကာ အဆင့်မမီကြောင်း မြန်မာ နိုင်ငံရှိ ကာတွန်းပညာရှင်များမှ တညီတညွတ်တည်း မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့ပါသည်။

“ဇီးကွက်ရုပ်ကြီးက ပြားပြားကြီးနဲ့ အသက် မဝင်ပါဘူး။ ဇီးကွက်ရဲ့ ထူးခြားချက်တွေ ဖြစ်တဲ့ မျက်လုံးပြူးတာတို့၊ အတောင်ပံသေးတာ တို့ကိုလည်း ထင်ထင်ရှားရှား သရုပ်မဖော်နိုင်ပါဘူး။ ဒီပုံနဲ့ နိုင်ငံတကာကို ပြရင်တော့ မြန်မာနိုင်ငံက ကာတွန်းဆရာတွေ သိက္ခာကျစရာပါပဲ”ဟု မောင်တီထွင် ဇာတ်ကောင်ဖြင့် ကာတွန်း လောက တွင် ထင်ရှားသည့် ဦးသစ်ထွဏ်းက ပြောသည်။ “တကယ်တော့ ဆရာတို့ဆီမှာ အကောင်အရုပ် တွေကို သီးသန့် ကျွမ်းကျင်သူတွေ ရှိပါတယ်။ သူတို့ကို ဇီးကွက်ဆိုလည်း ဇီးကွက်ပေါ့၊ လိုချင်တဲ့ အကောင်ပုံစံ ပြပြီး သေချာအပ်နှံသင့်ပါတယ်”ဟု ဦးသစ်ထွဏ်းက အကြံပြု ပြောကြားခဲ့သည်။

ယခု အသုံးပြုထားသည့် အရုပ်မှာ အားကစား ဝန်ကြီးဌာနမှ ဦးစီး ကျင်းပသော လာဘ်ကောင် ရုပ်ပြိုင်ပွဲမှ နောက်ဆုံး အဆင့် ရွေးချယ် ထားသည့် အရုပ် ဖြစ်သည်။ ထိုပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ၇ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ နိုင်ငံတော်အဆင့် လူကြီးများမှ အဆင့်ဆင့် ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံခဲ့ရသော လက်ရာရှင် အမည်မှာ ကိုသူရဟု အားကစား ဝန်ကြီးဌာနမှ စုံစမ်း သိရှိရသည်။

“အခုလို အင်တာနေရှင်နယ် အဆင့် ပွဲကြီးရဲ့ အဓိက လာဘ်ကောင်ရုပ်ကို ပြိုင်ပွဲလုပ်ပြီး ရွေးတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ တကယ့် ပရော်ဖက် ရှင်နယ် ကာတွန်းဆရာ ၃၊ ၄ ဦးကို သေချာအပ်ပြီးတော့မှ ပြန်လည်ရွေး ချယ်သင့်ပါတယ်။ ဒီလိုမအပ်ချင်လို့ ပြိုင်ပွဲလုပ်ပြီး ရွေးမယ်ဆိုရင်တောင် ရွေးချယ်ရေးအဖွဲ့ထဲမှာ ကာတွန်း ပညာရှင်တွေ ထည့်သွင်းရပါမယ်။ အခုတော့ ကာတွန်းအကြောင်း ဘာမှ မသိတဲ့လူတွေက ရွေးချယ်တယ် ဆိုတာ မဖြစ်သင့်ပါဘူး” ဝါရင့်ကာတွန်း ဆရာကြီး ဦးမောင်မောင်က လာဘ်ကောင်ရုပ် ရွေးချယ်မှု အပေါ် ထောက်ပြ ပြောဆိုခဲ့သည်။

“လာဘ်ကောင်တို့၊ လိုဂိုတို့ဆိုတာ ရေးချက်နည်းနည်းနဲ့ ရှင်းနေအောင် သရုပ်ဖော်နိုင်ရမယ်။ ဒါမှ ကြည့်တဲ့သူက ထင်းကနဲ မြင်ပြီး မှတ်မိလွယ်မှာပေါ့”ဟု နာမည်ကြီးကာ တွန်းဆရာ စိုးသော်တာက လာဘ်ကောင်ရုပ်နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။

ယခုနောက်ပိုင်း ကျင်းပလာသည့်  အားကစားပွဲတော်များတွင် အားကစား ယှဉ်ပြိုင်ရုံ သာမက ဖွင့်ပွဲ၊ ပိတ်ပွဲများ ကိုပါ အပြိုင်ကြဲကာ အခမ်းနားဆုံး ကျင်းပလာကြသည်။ ထိုဖွင့်ပွဲ၊ ပိတ်ပွဲများမှ တစ်ဆင့် အိမ်ရှင်နိုင်ငံ၏ အနုပညာ အဆင့်အတန်းကို အကဲဖြတ်နိုင်သည်။ ထို့ကြောင့်ပင် ပေကျင်း အိုလံပစ်ပွဲတွင် တရုတ်နာမည်ကြီး ဒါရိုက်တာ ကျန်းရိမူးက ဦးဆောင်ကျင်းပ သကဲ့သို့ မကြာမီက ကျင်းပခဲ့သော လန်ဒန်အိုလံပစ်ပွဲကြီးတွင်လည်း အင်္ဂလိပ်လူမျိုး အော်စကာဆုရ ဒါရိုက်တာ ဒင်နီဘိုင်းက စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆီးဂိမ်း အားကစား ပွဲတော်ကြီးသည် ဒေသတွင်း နိုင်ငံများအတွင်း ပြိုင်ဆိုင်မှု ပြင်းထန်ပါသော်လည်း ကမ္ဘာ့အဆင့် အားကစား စာမျက်နှာတွင်တော့ စိတ်ဝင်စားမှု များများစားစား မရှိပေ။

ဆယ်စုနှစ်ပေါင်းများစွာ အထီးတည်း နေခဲ့သော အာဏာရှင် နိုင်ငံသည် မြန်ဆန်သော ပြောင်းလဲမှုများနှင့် အတူ ကမ္ဘာ့မျက်နှာစာတွင် စာမျက်နှာ စာသစ်များ ရေးထိုးလျက် ရှိသည်။ ထိုအထဲမှ ၂ဝ၁၃ အားကစား ပွဲတော်ကြီးမှာလည်း ဒီမိုကရေစီ အပြောင်းအလဲ၏ အသီးအပွင့်တစ်ခု ဖြစ်ပါသည်။ ထိုပွဲတော်သို့ သတင်း ယူရန် ကမ္ဘာ့မီဒီယာကြီးများမှ စိုင်းပြင်းလျက် ရှိနေကြပါပြီ။ ဂျပန်၊ တရုတ် အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံ များမှလည်း အဆိုပါ အားကစားပွဲ တော်ကြီးကို ကူညီပံ့ပိုးပေးရန် ကမ်းလှမ်းမှုများ ရှိနေပါပြီ။

၂ဝ၁၃ နေပြည်တော်တွင် ကျင်းပမည့် ဆီးဂိမ်းပွဲကြီး တွင်လည်း ဖွင့်ပွဲ၊ ပိတ်ပွဲများကို မြန်မာနိုင်ငံသား အနုပညာရှင် တစ်ယောက်ယောက်အား ရွေးချယ်တာဝန် ပေးသင့်ကြောင်းနှင့် ထိုသူ၏ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို နိုင်ငံတကာ အဆင့်မီ ဖော်ထုတ် ပြသသင့်ကြောင်း ပြောဆိုမှုများလည်း ရှိနေပေသည်။

ထိုသို့ မဟုတ်ဘဲ လာဘ်ကောင်ရုပ် ရွေးသကဲ့သို့ ဝါသနာရှင် အဆင့်နှင့် ဖြစ်စေ သို့မဟုတ် အနုပညာနှင့် ဝေးသော ဌာနဆိုင်ရာများ မှဖြစ်စေ ဦးဆောင် ကျင်းပပါက ဒေသတွင်း နိုင်ငံများ အလယ် မျက်နှာငယ်ဖွယ် ရှိသည်ဟု ဆိုကြသည်။ “နဂိုကတည်းက မြန်မာဆိုရင် နိုင်ငံတကာ အနုပညာ အဆင့်အတန်းမှာ စာရင်း မသွင်းရတဲ့ ကြားထဲ ဆီးဂိမ်းပွဲကြီးရဲ့ ဖွင့်ပွဲပိတ်ပွဲကိုလည်း အဖြစ်သာ ကျင်းပသွားမယ် ဆိုရင်တော့ ရှေ့လျှောက် ပိုဆိုးကုန်လိမ့်မယ်။ အခွင့်အရေး ရတုန်း အနုပညာ အရည်အသွေးကို အစွမ်းကုန် ပြသသွား ရပါမယ်” လူငယ် ဒါရိုက်တာ တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။ ဖွင့်ပွဲ ပိတ်ပွဲ အတွက် မည်သူမှ တာဝန်ယူ ကျင်းပမည်နည်းကို မသိရသေး သကဲ့သို့ အားကစား ဝန်ကြီးဌာနမှ တာဝန်ယူမည်လော၊ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ယူ မည်လောဟု ကွဲကွဲပြားပြား မသိရသေးပေ။

ဝ၆၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*