ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၁၉၊ ၂ဝ၁၃

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)များ အားလုံးက နိုင်ငံရေး ပါတီ အလုပ်ကို   လုပ်ဆောင် သွားရန်  သဘောတူညီထားပြီဟု သတင်းများ ထွက်ပေါ် လာခြင်းနှင့် ပတ်သက်၍ မင်းကိုနိုင်က သူတို့အားလုံး သဘောတူ ထားသည်မှာ နိုင်ငံရေးပါတီ အလုပ်ဖြစ်စေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အလုပ် ဖြစ်စေ လွတ်လပ်စွာ ရွေးချယ်ခွင့်သာ ဖြစ်ကြောင်း မတ် ၁၉ ရက်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြား လိုက်သည်။

၈၈ မျိုးဆက် အနေဖြင့် မည်သည့်အခါတွင်မျှ နိုင်ငံရေး ပါတီအလုပ်များကို လုပ်ဆောင်သွားမည် မဟုတ်ဟု ဆုံးဖြတ် ထားခြင်းမျိုး မရှိကြောင်းလည်း ယင်းက ပြောပါ သည်။ နိုင်ငံရေး ပါတီအသစ်တစ်ခု အဖြစ် တည်ထောင်ခြင်းကို ၈၈ မျိုးဆက်က လုပ်မည်၊ မလုပ်မည် စသဖြင့် ပြောဆိုဝေဖန်မှုများ ပေါ်ထွက်လာသည့် အပေါ်တွင် လည်း ယင်းက “ပါတီဆိုတာ ကိုယ်က ထောင်တာမျိုး မဟုတ်ဘဲ ရှိပြီးသား ပါတီတစ်ခုခုထဲကို ဝင်ရောက် ဆောင်ရွက်တာ မျိုးလည်း ရှိနိုင်တာပါပဲ။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ အားလုံးကြားမှာ နားလည် ထားတာ ဘယ်သူမဆို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ် ဆိုတာပါပဲ။ အခြေအနေ၊ အချိန်အခါကို လိုက်ပြီး ရွေးချယ်နိုင် ကြပါတယ်။ တစ်ဦးချင်းရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ” ဟု ဆိုသည်။

မင်းကိုနိုင်၏ တစ်ဦးတည်း ဆန္ဒနှင့် ပတ်သက်၍မူ “ကျွန်တော်ကတော့ နိုင်ငံထဲမှာ အရပ်ဘက် လူ့အဖွဲ့အစည်း ဆိုတာ အခုမှ အခြေတည်ကာစပဲ ရှိသေးတော့ အားကောင်းအောင် လုပ်ဖို့ လိုနေသေးတယ်။ အဲဒီတာဝန်ကို ကျေအောင် လုပ်ရဦးမယ်လို့ တွေးထားတာပါ။ အဲဒီအလုပ်ကိုပဲ အားသန်သူမို့ အဲဒီအလုပ်ကိုပဲ လုပ်ဖြစ်နေဦး မှာပါ။ နိုင်ငံရေး ဆိုတာကို ပါတီနဲ့ပဲတွဲပြီး တွေးရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်ကတော့ ဘယ်လိုပဲရွေးရွေး အပြန်အလှန် နားလည်ကြဖို့ အရေးကြီးတယ် လို့ ထင်ပါတယ်” ဟု ထုတ်ဖော် ပြောကြားသည်။

၈၈ မျိုးဆက်တို့ အနေဖြင့် နိုင်ငံရေး ပါတီအလုပ်ကို အစုအဖွဲ့အနေဖြင့် လုပ်မည်၊ မလုပ်မည်ဟု ဆွေးနွေး ညှိနှိုင်း ထားမှုမျိုး ရှိမရှိဟူသည့်အမေးကို လည်းမင်းကိုနိုင်က “နောက်ဆုံးအချိန်ထိ ဝိုင်းဆွေးနွေးခဲ့ကြတာက အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အားကောင်းမောင်းသန်ဖြစ်လာအောင် ဘယ်လိုလုပ်ကြရင် ကောင်းမလဲ ဆိုတာပါပဲ။ ဒါကိုပဲ ရှေ့တန်းတင်ပြီး ဆွေးနွေးခဲ့ ကြတာပါ” ဟု ဆိုပါသည်။

ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြည်ပသို့ရောက်ရှိနေသော ၈၈ မျိုးဆက်ကိုဌေးကြွယ်က ၈၈ မျိုးဆက် တစ်ခုလုံးကို ကိုယ်စားပြုသော နိုင်ငံရေးပါတီတစ်ခု ယခုနှစ်တွင်ပင် ထွက်ပေါ်လာရန် ရှိသည်ဟု ပြောဆို ခဲ့ပါသည်။

ဝ၃၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*