ပြည်တွင်းသတင်း — ရန်ကုန်၊ သြဂုတ် ၂၄၊ ၂ဝ၁၂

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်နှင့် အလုံမြို့နယ် အကြားရှိ ရေမြောင်းကို ပိတ်ဆို့၍ Asia World ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းကြောင့် ရပ်ကွက်နေ ပြည်သူလူထုများ ၏ နေအိမ်များ လုပ်ငန်းများ သို့ ရေဆိုး ရေညစ်များ စီးဝင်ကာ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရပ်ကွက်နေ ပြည်သူများမှ ဆန္ဒထုတ်ဖော်မှု တစ်ရပ် သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ဆန္ဒထုတ်ဖော် နေကြစဉ်

ဆန္ဒထုတ်ဖော် နေကြစဉ်

အဆိုပါ ရေမြောင်း ပိတ်ဆို့မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ အောက်ကြည့်မြင်တိုင်လမ်း၊ ဗားကရာ မီးပွိုင့်မှ အလုံမြို့နယ် အတွင်းရှိ ယာဉ်သွားလမ်း တချို့၌ပါ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ရာ နေရာသို့ ၈၈ မျိုးဆက် ကျောင်းသားများ ည ၈ နာရီ အချိန်တွင် ရောက်ရှိလာကြပြီး ကြားဝင် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ် ခဲ့ကြသည်။

ထိုသို့ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရပ်ကွက်နေ ပြည်သူများ၏ ဆုံးရှုံးမှုများ၊ ယာဉ်ကြော ပိတ်ဆို့ မှုများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဂျင်မီ၊ မြအေး၊ ပြုံးချိုနှင့် ထွန်းမြင့်အောင်တို့က နစ်နာမှုများ အတွက် တာဝန်ယူ ဖြေရှင်းပေးရန် ယင်းကုမ္ပဏီသို့ တောင်းဆိုခဲ့ကြသည်။

ညှိနှိုင်း ဆွေးနွေးချက်အရ  သဘောတူညီချက် အချို့ ရရှိခဲ့ပြီး Asia World ကုမ္ပဏီမှ ရေမြောင်းအား ပိတ်ဆို့ ရန် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းခွင်အား ဖျက်သိမ်းပေးမည် ဖြစ်ကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့်လည်း ပြည်သူလူထု၏ ဆုံးရှုံးနစ်နာမှုများအတွက် ရပ်ကွက်နေပြည်သူများနှင့် လက်တွဲ၍ ယင်းကုမ္ပဏီ အပေါ် တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ကုမ္ပဏီမှ တာဝန်ယူ မဖြေရှင်း ပေးခဲ့ပါက ရှေ့ဆက်ပြီး တရားဥပဒေ အရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်းကို ၈၈ မျိုးဆက် ကျောင်းသား မြအေးက ဆန္ဒထုတ်ဖော်ခဲ့သော ပြည်သူလူထုနှင့် မီဒီယာများသို့ ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဆုံးရှုံးနစ်နာမှုများ အတွက် ဆောင်ရွက်ရမည့် ကဏ္ဍများ နှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ဂျင်မီက “ဆုံးရှုံးမှုတွေအတွက် ရပ်ကွက်က ရပ်မိရပ်ဖတွေ အနေနဲ့ ကော်မတီတစ်ခု ဖွဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် လက်တွဲဆောင်ရွက် စေလိုပါတယ်။ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ အနေ နဲ့လည်း တစ်စုတစ်စည်းတည်း ရှိဖို့ လိုပါတယ်။ ကုမ္ပဏီကလည်း လုပ်ငန်းခွင်ကို မဖျက်သိမ်းပေးဘူးဆိုရင် ၈၈ မျိုးဆက် ကျောင်းသားတွေက တရားဥပဒေအရ ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမှာပါ”ဟု ပြောကြား ခဲ့ပါသည်။

ထို့နောက် Asia World မှ လုပ်ငန်းခွင်ဆိုဒ် တာဝန်ခံ ကိုမြတ်ကျော်က “ကျွန်တော်တို့ ကုမ္ပဏီက ကျူးကျော်တဲ့ ကိစ္စ အတွက် အားလုံးကို တောင်းပန်ပါတယ်။ ပိတ်နေတဲ့ ရေမြောင်းကိုလည်း ပြန်ဖွင့်ပေးပါမယ်”ဟု ဆန္ဒဖော်ထုတ်နေသော ပြည်သူများ၏ အရှေ့၌ ကတိပေး ပြောဆိုခဲ့သည်။

ညှိနှိုင်းဆောင်ရွက်မှု အပြီးနောက် ဆန္ဒပြကြသော လူစုလူဝေးများမှာ လူစုခွဲကာ ပြန်လည် ထွက်ခွာသွား ခဲ့ကြသည်။

ဝ၃၂၊ ဝဝ၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*