ပြည်တွင်းသတင်း — မန္တလေး၊ မတ်လ ၂၈၊ ၂၀၁၂

 

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၏ မြို့နယ်အချို့တို့တွင် လျှပ်စစ်မီးနှင့် သောက်သုံးရေပြတ်လပ်ခြင်းများ​ ဖြစ်ပေါ်ခဲ့ရာ မဟာအောင်မြေမြို့နယ်၌ အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရကြောင်း မြို့နေလူထု၏ပြောစကားများအရ သိရသည်။

မန္တလေးတိုင်းအတွင်းရှိမြို့နယ်များအနက် မဟာအောင်မြေမြို့နယ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အဖြစ် နိုင်ငံရေးပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် မြို့နယ်တစ်ခုဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အချိန်နီးကပ်လာသည်နှင့်အမျှ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခြင်းများ၊ ပါတီတွင်းဆွေးနွေးညှိနှိုင်းမှုများ၊ လူထုဟောပြောစည်းရုံးမှုများ ပိုမိုပြုလုပ်လာချိန်လည်း ဖြစ်သည်။

သို့ရာတွင် ယခုကဲ့သို့လျှပ်စစ်မီးများ မကြာခဏပြတ်တောက်မှုကြောင့် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုအခွင့်အရေးများ အခက်အခဲ မျိုးစုံ ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံရေးပါတီများ၏ ပြောပြချက်အရသိရသည်။ ထိုကိစ္စနှင့်ပါတ်သက်၍ ဒီ/ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးနှင့်  ​​တွေ့ဆုံ​​​​  မေးမြန်းခဲ့ရာ ၎င်းက ““ မကြာခဏမီးပျက်ပျက်နေတာ လေးငါးရက်လောက်ရှိပြီ၊ ပါတီရုံးခန်းမှာရေတောင် သောက်စရာမရှိဘူး၊ ပါတီတွင်း စည်းဝေးပွဲတွေ လုပ်တော့လဲ မှောင်မဲနေတော့ တစ်ယောက်နဲ့တစ်ယောက်မြင်တောင်မမြင်ရဘူး””  ဟုပြောသည်။

တပ်မတော်အစိုးရမှ အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းလာသည့် ပြုပြင်ပြောင်းလဲရေးအစိုးရသစ်တာဝန်ယူချိန်မှစ၍ ရန်ကုန်နှင့်မန္တလေး အပါအဝင် မြို့ကြီးတစ်ချို့တို့တွင် လျှပ်စစ်ဓါတ်အားပေးဝေမှုများ အတော်အသင့်ကောင်းမွန်လာပြီး ယခုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မှုများမှာ မတ်လနောက်ဆုံးပါတ်တွင် အဆိုးရွားဆုံးကြုံတွေ့ခဲ့ရကြောင်းကိုလည်း ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး အနောက်တိုက်တန်းနေ ​  ဒေါ်လဲ့လဲ့ဝင်းက ““မီးမပျက်တာတော်တော်ကြာနေပြီးဗျ၊ ကျနော်တို့အိမ်မှာဆို အင်ဗာတာတောင်မသုံးရတော့ တာကြာနေပြီ၊ ပထမတော့ မဟာအောင်မြေဘက်မှာ မီးခဏခဏပျက်နေတယ်လို့ကြားရတယ်၊ အခုတော့ ကျနော်တို့မြို့နယ်မှာပါမလာတော့ဘူး”” ဟုပြောသည်။

အဆိုပါတိုက်ခန်းနေသူများသည် ရေရရှိရေးအတွက် လျှပ်စစ်မီးကိုသာအားထားနေရကြောင်း၊ လျှပ်စစ် မီးလာမှ ရေတင်ရ၍ သောက်သုံးရေကိစ္စ စီစဉ်ရကြောင်း၊ ယခုကဲ့သို့လျှပ်စစ်မီးမလာတစ်ချက်လာတစ်ချက် ဖြစ်နေ၍ သောက်သုံးရေပါပြတ်လပ်ကုန်ပြီး အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကိုလဲ ““ဒီရက်ပိုင်းကျမှ ရာသီဥတုကလည်း တအားပူလာတယ်၊ ရေချိုးဖို့ဆိုတာထက်မျက်နှာသစ်စရာတောင် ရေမရှိဘူး။ ရေအားလျှပ်စစ်စီမံကိန်းတွေ ကနေလျှပ်စစ်မီးအားတွေပိုလျှံနေလို့ နိုင်ငံခြားကိုတောင်ရောင်းစားနိုင်တယ်ဆိုပြီး အခုတော့ဘယ်လိုဖြစ်တာလဲ”” ဟု အဆိုပါတိုက်တန်းနေ   ကျောင်းဆရာမတစ်ဦးဖြစ်သူဒေါ်ခင်သီတာမှ ပြောသည်။

ယခုကဲ့သို့လျှပ်စစ်မီးလာလိုက်မလာလိုက် ဖြစ်နေခြင်းကြောင့် မီးလောင်ကျွမ်းမှုအန္တရာယ်များနှင့်ကြုံတွေ့နိုင်ကြောင်း အရင်ကလည်းမကြာခဏ ကြုံတွေ့ခဲ့ရကြောင်း၊ မြို့နယ်လျှပ်စစ်ဓါတ်အားပေးဝေရေးအဖွဲ့အစည်းများအနေနှင့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများရှိပါက ပြည်သူလူထုအား ကြိုတင်အသိပေးသင့်ကြောင်း၊ သို့မှသာမီးဘေးအန္တရာယ်အတွက်လည်း ကြိုတင်ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်လက် ပြောသည်။

လျှပ်စစ်မီးမကြာခဏပျက်နေခြင်းနှင့်ပါတ်သက်၍ သက်ဆိုင်ရာသို့ တယ်လီဖုန်းနှင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်မှုလိုင်းများ ချို့ယွင်းနေပါသဖြင့် ပြန်လည်ဖြေကြားချက်များမရရှိခဲ့ကြောင်း ကိုယ်တိုင် ဆက်သွယ်မေးမြန်းခဲ့သူ တစ်ဦး ဖြစ်သော မဟာအောင်မြေ မြို့နယ်၊​  ရွှေဘုန်းရှိန်ရပ်ကွက်နေ ဦးအေးမြင့်၏ ပြောပြချက်အရသိရသည်။ ““ ကျနော်လဲ ဒီကိစ္စကို ဘယ်လိုဖြစ်တာလဲသိချင်လို့ မြို့နယ်ရုံးကို လှမ်းပြီးဖုန်းဆက်ဖို့ကြိုးစားတယ်၊ ဖုန်းကခေါ်လို့မရဘူးဗျာ”” ဟု ပြောသည်။

မန္တလေးမြို့တွင် လွန်ခဲ့သောနှစ်များအတွင်း လျှပ်စစ်မီးပြတ်တောက်ခြင်းများ မကြာခဏဖြစ်ပွားခဲ့ပြီး အရပ်သား အစိုးရ တက်ခါစမှစတင်၍​ပြန်လည် ကောင်းမွန်လာခဲ့ရာ ယခုလအတွင်းဖြစ်ပေါ်ခဲ့သောအခြေအနေမှာ အဆိုးရွားဆုံးဖြစ်သည်ဟု​ ဒေသခံပြည်သူများ၏​​ ပြောပြချက်အရ သိရသည်။

၀၀၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.