သို့

အမည်

နေရပ်လိပ်စာ

အကြောင်းအရာ ။         ။         ရဲစခန်းသို့ လာရောက် အစစ်ဆေးခံနိုင်ပါရန် အကြောင်းကြားခြင်း။

ရည်ညွှန်းချက်   ။         ။         —- မြို့နယ် ရဲတပ်ဖွဲ့စခန်း၏ (ပ)– /၂ဝ၁၂၊

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈

အထက် အကြောင်းအရာပါကိစ္စ နှင့် ပတ်သက်၍ လူကြီးမင်းအား —- ရဲစခန်း၏ ရည်ညွှန်းပါ အမှုဖြင့် အစစ်ဆေး ခံနိုင်ရေးအတွက် —-  ရဲတပ်ဖွဲ့စခန်းသို့  –.၉.၂ဝ၁၂ ရက်နေ့ —– အချိန် အရောက် မပျက် မကွက် (မပျက်မကွက်) လာရောက်ပါရန် အကြောင်းကြားပါသည်။

စခန်းမှူး

—- ရဲစခန်း

 

ထိုကဲ့သို့သော ဆင့်ခေါ်စာများဖြင့် ခေါ်ယူ အစစ်ဆေးခံရသူတို့ အများအပြား ရှိခဲ့သည်။ ယင်းတို့အနက် ဗိုလ်ကြီးဟောင်း တစ်ဦးလည်းဖြစ် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သူ ကိုနေမျိုးဇင်လည်း ပါသည်။ ကိုနေမျိုးဇင်ကို ကျောက်တံတား၊ မင်္ဂလာ တောင်ညွန့်၊ တာမွေ၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင် မြို့နယ် စသည့် ၅ မြို့နယ် ရဲစခန်းများမှ တစ်နေ့တည်း တစ်ချိန်တည်း လာရောက် အစစ်ဆေးခံရန် ဆင့်ခေါ်ခဲ့သည်။ အစစ်ဆေးခံပြီးပါက အာမခံ လက်မှတ် ထိုး၍ ပြန်လွှတ်မည် ဟု သိရသည်။ သို့သော် ကိုနေမျိုးဇင်က အာမခံလက်မှတ် ထိုးပေးရန် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ခေါ်ယူသွားခြင်း မရှိခဲ့။ ရဲစခန်း အသီးသီးမှ အိမ်ပြန်လာသော ကိုနေမျိုးဇင်က “ကျွန်တော့်ကို စခန်းမှူးက အာမခံ ထုတ်ပေးမယ့်သူ ဘယ်သူပါလဲ တဲ့။ ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် အာမခံပါတယ် ဆိုပြီး လက်မှတ်ထိုးပေးခဲ့တယ်”ဟု ဆိုသည်။

စက်တင်ဘာ ၂၁ ရက် မတိုင်မီ ညကပင် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အတွက် လှည့်လည်ဖျော်ဖြေမည့် ကားကို ပြင်ဆင်ခဲ့ကြ သည်။ အဖွဲ့ဝင်များ နှင့်အတူ ကိုနေမျိုးဇင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့၌လည်း မြို့နယ်ပေါင်း များစွာသို့ ကားဖြင့် လှည့်လည် ဖျော်ဖြေခဲ့သည်။ ငြိမ်းချမ်းရေး အထိမ်းအမှတ် ဖြစ်သည့် အပြာရောင် လွှမ်းသည့် ပိုစတာ ကပ်ထားသော ပေ ၂ဝ ကျော် ရှည်သည့် ကားကြီးပေါ်တွင် တီးဝိုင်းနှင့် သီဆိုသူများ တင်ကာ ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာ ၂၁ ရက်၏ နံနက်စောစော ကပင် ထိုကားပြာကြီးကို ရန်ကုန်မြို့၊ ဆူးလေရှိ မြို့တော်ခန်းမရှေ့၌ တွေ့မြင်ကြရသည်။ နံနက် ၁ဝ နာရီခန့်တွင် စတင်ကာ ရွေ့လျားမောင်းနှင် ခဲ့သည်။ ဖြတ်သန်းခဲ့ရာ မြို့နယ်တို့မှာ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗိုလ်တထောင်၊ ကမာရွတ်၊ လှိုင် စသည်ဖြင့် စုံလင်လှသည်။ လှည့်လည် ဖျော်ဖြေရာ နေရာတိုင်း၌ အောင်ဆန်း စိတ်ဓာတ် သီချင်းသံကြောင့် ကြည့်ရှုသူ လူထုကပါ တက်ကြွစွာ လိုက်လံသီဆို ကြသည်ကို ကြက်သီးထဖွယ် တွေ့ရသည်။ တက်ကြွနေသော လူထုက “သူငယ်ချင်းရေ” သီချင်းကြောင့် အပျော်အပြုံးများ ပွင့်လန်း ကုန်ကြသည်။

“သူငယ်ချင်းရေ___ တပ်မတော်သား သူငယ်ချင်း___

သူငယ်ချင်းရေ___ တိုင်းရင်းသားသူငယ်ချင်း___

သူငယ်ချင်းရေ___ ရဲသားသူငယ်ချင်း___”

ယင်း ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှည့်လည်ဖျော်ဖြေရာတွင် ဦးဆောင်သူ ကိုနေမျိုးဇင် နှင့်အတူ အဆိုတော် လင်းနစ်နှင့် အခြားသူတို့လည်း ပါဝင်ခဲ့ကြသည်။

ဆင့်ခေါ်စာဖြင့် ခေါ်ယူ မေးမြန်းခံခဲ့ရသူ နောက်တစ်ဦးမှာ ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုဂျော်ဂွန်း ဖြစ်သည်။ ယင်းကို စမ်းချောင်း ရဲစခန်းမှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ “ငြိမ်းချမ်းရေးနေ့ လုပ်ဆောင်ခဲ့တဲ့ အချက်အလက်တွေကို အသေးစိတ် ပြန်ရေးပြီး အဲဒီအချက်တွေ မှန်ကန်ကြောင်း လက်မှတ် ထိုးခိုင်းတယ်”ဟု စမ်းချောင်း ရဲစခန်းမှ အပြန် ကိုဂျော်ဂွန်းက ဆိုသည်။ ယင်းတို့အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် နေပြည်တော်သို့ သွား၍ သမ္မတ အိမ်တော်ရှေ့၌ ဆန္ဒဖော်ထုတ်ကြမည်ဟု မူလက စီစဉ်ခဲ့ကြသည်။ သို့သော် နေပြည်တော်သို့ ကားများ ထွက်ခွာခွင့် မပေးခဲ့သဖြင့် ရန်ကုန်မြို့တွင်သာ လမ်းလျှောက်၍ ဆန္ဒဖော်ထုတ် ခဲ့ကြသည်။ ကချင်ငြိမ်းချမ်းရေး အဖွဲ့နှင့် နေပြည်တော်သို့ လိုက်ပါ ဆန္ဒထုတ်ဖော်မည့်သူများသည် အပြာရောင် ငြိမ်းချမ်းရေး စာတန်းပါ အင်္ကျီများကို ဆင်တူဝတ်ဆင်ကာ နေပြည်တော် သွားမည့် မူလစုရပ်ဖြစ်သော မြေနီကုန်း၊ ဒဂုံစင်တာရှေ့မှ ရန်ကုန် ပြည်သူ့ရင်ပြင်သို့ လမ်းလျှောက်ခဲ့ကြသည်။ ထို့နောက် ပြည်သူ့ရင်ပြင်တွင် ငြိမ်းချမ်းရေး သီချင်းများကို သီဆိုခဲ့ကြသည်။

“ဒီကမ္ဘာမှာ စစ် _ စစ် _ စစ် မဖြစ်ရာမြေ _ _ တစ်နေရာ ရှိ _ ရှိ _ ရှိရမယ်လေ _ _  သဘာဝရဲ့ ရင်သွေးငယ်တွေ”။

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ

ငြိမ်းချမ်းရေးကိုတောင့်တသော သီချင်းသံတို့ ပြည်သူ့ရင်ပြင်မှ ထွက်ပေါ်ခဲ့သည်။ နေပြည်တော်သို့ သွားရောက် ဆန္ဒဖော်ထုတ်ခွင့် မရရှိခဲ့သူတို့၏ သီဆိုသံများ ဖြစ်သည်။ အမှန်တကယ်သာ နေပြည်တော်သို့ သွားခွင့်ရခဲ့ပါက နိုင်ငံတော် သမ္မတရုံး၊ ကာကွယ်ရေး စစ်ဦးစီးချုပ်ရုံး၊ ပြည်ထောင်စု လွှတ်တော်ရုံး စသည့် နေရာအသီးသီးတို့သို့ ငြိမ်းချမ်းရေး ပန်းစည်းများ ပို့ဆောင် ပေးမည်ဟု စီစဉ်ထားခဲ့ကြသည်။ နိုင်ငံတော် သမ္မတရုံးကို ငြိမ်းချမ်းရေး ပန်းစီး ပို့ရန် ရည်ရွယ်ရခြင်းမှာ သမ္မတသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၏ ဥက္ကဋ္ဌဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို ငြိမ်းချမ်းရေးအတွက် တံခါးဖွင့် ဖိတ်ခေါ်ခဲ့သူ ဖြစ်၍ လည်းကောင်း၊ ပြည်သူတို့၏ ငြိမ်းချမ်းရေးအတွက် တောင်းဆိုသော ဆန္ဒသဘောထား များကို ဆောင်ရွက်မှု ပြုလုပ်ပေးနိုင်ပါရန် မျှော်လင့်သောကြောင့် လည်းကောင်း ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ

ကာကွယ်ရေး စစ်ဦးစီးချုပ်ရုံးကို ငြိမ်းချမ်းရေး ပန်းစည်းပို့ရန် ရည်ရွယ်ရခြင်းမှာလည်း ယင်းဦးစီးချုပ်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို စီမံခန့်ခွဲ ကွပ်ကဲသည့် အကြီးအကဲ ဖြစ်ပြီး နိုင်ငံတော်ကို ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေး အတွက် ညွှန်ကြား အမိန့်ပေးနိုင်သော လုပ်ပိုင်ခွင့် အာဏာရှိသူ ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံ သားများအပေါ် ဘေးအန္တရာယ် ဆက်လက် မကျရောက်စေရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက် ပေးနိုင်ရန်တို့ အတွက်လည်းကောင်း ရည်ရွယ်ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်ရုံးကို ရွေးချယ်ရခြင်းမှာလည်း ဥပဒေကို အတည်ပြု၊ မပြု ဆုံးဖြတ်ပေးနိုင်သည့် ဥပဒေပြုရေး အတွက် အမြင့်ဆုံး အာဏာ ရှိသောကြောင့် ပြည်ထောင်စု လွှတ်တော်ရှိ ကိုယ်စားလှယ်တို့က တိုင်းရင်းသားတို့၏ ရင်တွင်းမှ ဆန္ဒများကို တင်ပြပေးနိုင်ပါရန် စစ်မှန်ပြီး  တရားမျှတသော ငြိမ်းချမ်းရေးအတွက် အစိုးရအဖွဲ့နှင့် တပ်မတော် ပူးပေါင်း လုပ်ဆောင်မှု ရှိလာစေရန် အားပေး တိုက်တွန်းနိုင်ပါရန် တို့ကြောင့် ဖြစ်သည်။

သို့သော် နေပြည်တော်သို့ အမှန်တကယ်တွင် ငြိမ်းချမ်းရေး ပန်းစည်းများ မရောက်ရှိခဲ့ရပါ။ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်ခဲ့သော မဇွန်စီက “ကျွန်မတို့နိုင်ငံက တာဝန်ရှိသူတွေ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ အခမ်းအနား တက်ရောက်ဖို့ နိုင်ငံခြားကို သွားပါတယ်။ ကျွန်မတို့တွေလည်း အဲဒီနေ့ကို ပါဝင်ဆင်နွှဲပြီး ငြိမ်းချမ်းရေး တောင်းတာပါ”ဟု ဆိုသည်။

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ

“ထိုးစစ်ရပ်ပေးပါ” “ပြည်တွင်းစစ်တွေရပ်ပေးပါ” “တစ်နိုင်ငံလုံး စစ်ပွဲရပ်” အဓိပ္ပာယ် ကိုယ်စီ၊ ရင်တွင်း ခံစားချက် ကိုယ်စီတို့ကို ပေါ်လွင်စေသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ပြင်းထန်သော နေပူဒဏ်ကို အံတုပြီး မရပ်မနား လမ်းလျှောက် ဆန္ဒဖော်ထုတ် နေကြသည်။

“နေပူတာက သိပ်မပြင်းပါဘူး။ စစ်မီးအပူက ပိုပြင်းပါတယ်”ဟု ကချင်ပြည်နယ်မှ စစ်ဘေးရှောင်ခဲ့သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ပြီး ပြန်လာသော ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုမိုဃ်းသွေးနှင့် ဦးဆောင်သူ ၄ ဦးတို့ကို အရပ်ဝတ် ရဲတချို့က လိုက်လံ ဖမ်းဆီးမှု လုပ်ခဲ့ကြောင်း ယင်း၏ပြောကြားချက်အရ သိရသည်။ “ကျွန်တော် တို့က ငြိမ်းချမ်းရေး အတွက် တောင်းဆိုတာ ဒုစရိုက်သမားတွေကို ဖမ်းသလို ပုံစံမျိုး မလုပ်သင့်ဘူး။ ကျွန်တော် တို့ရဲ့ သိက္ခာကို ညှိုးနွမ်းစေတယ်” ဟု ယင်း၏ ခံစားချက်ကို ပြောသည်။

ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့သည် ရန်ကုန်မြို့တွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး အင်းလျားကန်ဘောင်၌ အခြား ငြိမ်းချမ်းရေး တောင်းဆိုသူများ နှင့် ပူးပေါင်းခဲ့ကြသည်။

စီတန်း လမ်းလျှောက်သူများထဲတွင် မပါဝင်ခဲ့သော်လည်း ငြိမ်းချမ်းရေး သီချင်းများ ပါဝင်သီဆိုပေးခဲ့သူ ကိုမြတ်စံက ငြိမ်းချမ်းရေး အတွက် ဆန္ဒဖော် ထုတ်သူများကို အရေးယူခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းမိကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည့် နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်းများမှ ပါဝင်ဖြေရှင်း ပေးသင့် ကြောင်း ဆိုသည်။ ဆက်လက်ပြီး ယင်းက “ငြိမ်းချမ်းရေးနေ့မှာ တာဝန်အရ ဆောင်ရွက်ခဲ့တဲ့ သက်ဆိုင်ရာ အာဏာပိုင်က တာဝန်ရှိသူတွေရဲ့ မျက်နှာမှာ ငြိမ်းချမ်းရေးကို လိုလားတဲ့အရိပ်အယောင်တွေ တွေ့ခဲ့ရတယ်” ဟု ကိုယ်တွေ့ ခံစားချက်ကို ပြောကြားသည်။

ငြိမ်းချမ်းရေး တောင်းဆိုသူတွေက ငြိမ်းချမ်းရေး နှင်းဆီပန်းကို တစ်ဦးလျှင် တစ်ပွင့်နှုန်းဖြင့် ဝေငှပေးခဲ့သည်။ လာရောက် ကြည့်ရှု အားပေးကြသော ပြည်သူများ သာမက တာဝန်အရ စောင့်ဆိုင်းနေရသော တာဝန်ရှိသူ အာဏာပိုင် ရဲတပ်ဖွဲ့ဝင်များကိုလည်း ငြိမ်းချမ်းရေး နှင်းဆီ ဝေငှခဲ့သည်။ ရဲယူနီဖောင်း ဝတ်ထားသော လုံခြုံရေးရဲတို့၏ လက်ထဲတွင် ငြိမ်းချမ်းရေး နှင်းဆီသည် ပိုင်ပိုင်နိုင်နိုင် ရောက်ရှိသွားခဲ့သည်။ ထိုငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းပေး ရန် ပြည်သူလူထုက အမှန်တကယ် လိုလားကြသည်။

“လျှပ်တပြက် ငြိမ်းချမ်းရေး ကျောက်တိုင်နှင့် တည်ဆဲဥပဒေ”

ရန်ကုန်မြို့ အင်လျားကန်၏ ပြည်လမ်း မျက်နှာစာဘက်တွင် ငြိမ်းချမ်းရေး အထိမ်းအမှတ် ကျောက်တိုင်ကို ထိုနေ့ညနေ ၄ နာရီတိတိ အချိန်တွင် ငြိမ်းချမ်းရေး လိုလားသူတို့က စိုက်ထူခဲ့ကြသည်။ ငြိမ်းချမ်းရေး ချိုးဖြူငှက် ပုံပါသော အဆိုပါ ကျောက်တိုင်ကို ဖျက်ဆီးသူတို့သည် ငြိမ်းချမ်းရေးကို မလိုလာသူများဟု ပြည်သူလူထုက မှတ်ယူပါသည် ဟုလည်း ဆန္ဒဖော်ထုတ်သူ အင်းလျားကန်အပြည့်လူထုကြီးက ၃ ကြိမ်ကြွေးကြော်ခဲ့သည်။ သို့သော် ထိုလူထုကြီး မရှိတော့သည့် ယင်းနေ့ညပိုင်း ၁၁ နာရီဝန်းကျင်ခန့်တွင် ငြိမ်းချမ်းရေး ကျောက်တိုင်မှာ မူလစိုက်ခဲ့ရာ နေရာတွင် ရှာဖွေ၍ မတွေ့ရှိတော့ပေ။

တခဏသာ ခံခဲ့သည့် ငြိမ်းချမ်းရေး ကျောက်တိုင်

တခဏသာ ခံခဲ့သည့် ငြိမ်းချမ်းရေး ကျောက်တိုင်

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ တစ်စုံတစ်ရာ စိုက်ထူခြင်း ပြုလုပ်ပါက ပြည်ထောင်စု မြန်မာ နိုင်ငံတော်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် နှင့် ညွှန်ကြား ချက်များတွင် ပါရှိသည့် ပုဒ်မ(၂၈)အရ ပြစ်မှုကျူးလွန်သူကို အနည်းဆုံး ကျပ်တစ်သောင်းမှ ကျပ် ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ် အထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးကို လိုလားသဖြင့် ဆန္ဒဖော်ထုတ် ခဲ့ကြသူများကို လက်ရှိတွင် ခေါ်ယူစစ်ဆေးဆဲ အခြေအနေဖြစ်ခြင်းကြောင့် မင်္ဂလာတောင်ညွန့် ရဲစခန်းမှ တာဝန်ရှိသူက ယင်းတို့ကို ပုဒ်မ(၁၈)ဖြင့် စစ်ဆေးလျက် ရှိကြောင်းသာ ပြောနိုင်ကြောင်း၊ စက်တင်ဘာ ၂၄ ရက် ညနေ မိုးချုပ်သည်အထိ စစ်ဆေးလျက် ရှိသော လူအရေအတွက် စာရင်းကို ပြောကြားလိုခြင်း မရှိကြောင်း သိရသည်။

ပုဒ်မ(၁၈)သည် ၂ဝ၁၁ ခုနှစ်တွင် ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ၂ဝ၁၂ ခုနှစ် တွင် နည်းဥပဒေ ထွက်ရှိခဲ့သည့် အထူးနှင့် အထွေထွေ ဥပဒေ၏ စီတန်း လှည့်လည်မှု ဆိုင်ရာ ပုဒ်မတစ်ခု ဖြစ်သည်။ ထို့ပြင် အဆိုပါစီတန်းလှည့် လှည်မှုနှင့် စပ်လျဉ်း၍ တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ခိုင်ခိုင်လဲ့ က တစ်နှစ်အတွင်း မျိုးတူပြစ်မှု ၏အခြေအနေ(Cause of action) တူညီသည့် ပြစ်မှုများ အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပြစ်ဒဏ်၊ စွဲချက် စုပေါင်းကာ စီရင်နိုင်သော်လည်း မျိုးတူထောင်ဒဏ်များ ပေါင်းစပ်ကာ အမိန့်ချခြင်း ပြုမည်၊ မပြုမည် ဆိုသည်မှာ စီရင်ချက် ချနိုင်သည့် တရားရုံးနှင့်သာ သက်ဆိုင်ကြောင်း ဆိုသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၃၄(၁)အရ လူတစ်ဦး တစ်ယောက်သည် တစ်မှုထက် ပိုပြီး မျိုးတူဖြစ်သော ပြစ်မှုများကို ကျူးလွန်ခဲ့သည်မှာ ပထမပြစ်မှုမှ နောက်ဆုံးကျူးလွန်သည့် ပြစ်မှုအထိ လူတစ်ဦးတစ်ယောက် တည်းနှင့် ပတ်သက်၍ဖြစ်စေ၊ ထိုသို့ပတ်သက်ခြင်း မရှိဘဲ ဖြစ်စေ၊ တစ်ဆယ့် နှစ်လအတွင်း ကျူးလွန်ခဲ့ကြောင်း စွပ်စွဲသည့်အခါ ထိုသို့ကျူးလွန်သည့် ပြစ်မှုများအနက် သုံးမှုထက်မပိုသည့် ပြစ်မှုများအတွက် စွဲချက်တင်၍ အမှုတစ်ခုတည်းတွင် စစ်ဆေး စီရင်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၃၄(၂)အရ ပြစ်မှုဆိုင်ရာဥပဒေ (သို့မဟုတ်) အထူးဥပဒေ (သို့မဟုတ်) ဒေသန္တရ ဥပဒေ၏ တူညီသော ပုဒ်မများအရ တူညီသော ပြစ်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုများသည် မျိုးတူပြစ်မှု များဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၃၅(၁)အရ အမှုတစ်မှု တည်းဖြစ်အောင် ဆက်စပ်နေသည့် တစ်ဆက် တည်း ဖြစ်ပြီး တစ်ခုတည်းသော ပြုလုပ်ဆောင်ရွက် မှုမှ ပေါ်ပေါက်လာသော ပြုလုပ်မှုများသည် လူ တစ်ယောက်တည်းက တစ်မှုထက်များသော ပြစ်မှုများကို ကျူးလွန်လျှင် ယင်းသို့ကျူးလွန်သော ပြစ်မှုများကို ယင်းအား စစ်ဆေးစီရင်သည့် အမှုတစ်မှုတည်းတွင် အဆိုပါပြစ်မှုတိုင်းအတွက် စွဲချက်တင်၍ စစ်ဆေးစီရင် နိုင်သည် ဟု ပြဋ္ဌာန်း ထားသည်ကို တွေ့ရသည်။

မိမိတို့နိုင်ငံတွင် စီတန်းလှည့်လည်ခွင့် ဥပဒေ ပြဋ္ဌာန်းထားသော်လည်း ယခုဖြစ်ပွားသည့် ကိစ္စရပ်သည် ဥပဒေသမား တစ်ယောက် အမြင်ဖြင့် ကြည့်ရှုပါက ဥပဒေ ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေက ပြောသည်။

“အနယ်နယ် အရပ်ရပ်က ငြိမ်းချမ်းရေးလှုပ်ရှားမှု”

ရန်ကုန်မြို့ပေါ်၌ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကိုလည်း စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီက အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ နွယ်နီလမ်း၊ အိမ်အမှတ် ၁၄ တွင် ပြုလုပ်ခဲ့ကြသည်။ ထိုလှူဒါန်းပွဲကို အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။ အဆိုပါပွဲ၌  ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ပေး လှူခဲ့ကြသူများကို ရည်စူး၍ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ငြိမ်းချမ်းရေး ဆိုင်ရာ သီချင်းများ၊ ကဗျာများ ရွတ်ဆိုခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ပွဲသို့ကြွရောက် ချီးမြှင့်သော ရွှေတွံတေး ဆရာတော် ဦးဝါယမက “နိုင်ငံတော် က လက်နက်အင်အား လည်းကြီးတယ်။ အာဏာပါဝါတွေလည်း ရှိပါတယ်။ အားကောင်းတဲ့သူက သဘောထား ကြီးရမှာ”ဟု ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ကြားခဲ့သည်။

ငြိမ်းချမ်းရေး လိုလားသူ ပြည်သူလူထုက မြန်မာနိုင်ငံ အရပ်ရပ်တွင် ဆန္ဒ ဖော်ထုတ်ပွဲများ ပုံစံမျိုးစုံဖြင့် ပြုလုပ် ခဲ့ကြသည်။ မန္တလေးမြို့၊ တောင်သမန် အင်းစောင်းတွင် ငြိမ်းချမ်းရေး မြတ်နိုးသူ စိမ်းရောင်စိုအဖွဲ့မှ လူငယ်များ က ငြိမ်းချမ်းရေး သီချင်းသီဆိုခြင်း၊ စာရေးဆရာ ကိုလေး-အင်းဝဂုဏ်ရည်က အမှတ်တရ စကားပြောခြင်း၊ စစ်ပွဲများနှင့် ပဋိပက္ခများ ရပ်တန့်စေရန် တစ်မိနစ် ငြိမ်သက် ဆုတောင်းခြင်း၊ ဆရာကြီး ဒဂုန်တာရာ၏ စစ်မဲ့ကမ္ဘာ ကဗျာနှင့် ကဗျာဆရာ မောင်နီဦး၏ စစ်ပွဲတွေရပ် ဟူသည့် ငြိမ်းချမ်းရေး ကဗျာကို ရွတ်ဆိုခြင်း၊ ညနေပိုင်းတွင် တောင်သမန် တံတားပေါ်သို့ စုပေါင်းတက်ရောက်ကာ ငြိမ်းချမ်းရေး သင်္ကေတ အပြာရောင် မိုးပျံပူဖောင်း တို့ကို လွှတ်တင်ခြင်း တို့ကို ငြိမ်းချမ်းရေး တောင်းဆိုသူများက ဆောင်ရွက်ကြ သည်။ အမှတ်တရ စကားပြောရာ၌ စာရေးဆရာ ကိုလေး-အင်းဝဂုဏ်ရည် က “စစ်တိုက်ဖို့ ကျည်ဆံတွေ၊ တင့်ကားတွေ၊ လေယာဉ်ပျံတွေ၊ ဗုံးတွေ အကုန်ဝယ်ရတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ဆုံးရပ်ဖို့ ကျွန်တော်တို့ တောင်းဆို တယ်။ ဒီလိုမှ မဟုတ်ရင်လည်း ကျွန်တော်တို့ သိပ်မကြာခင်မှာ ကျွန်ပြန်ဖြစ်ရလိမ့်ဦးမယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့တွင်လည်း ငြိမ်းချမ်းရေးပွဲများ ပြုလုပ်ခဲ့ကြသည်။ လူငယ်အားမာန် လူမှုရေး အဖွဲ့နှင့် သုဂတိ စေတနာ လူမှု ကူညီရေးအဖွဲ့တို့မှ ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းမြို့နယ် အမှတ် ၁ ရပ်ကွက်၊ ကမ်းနားလမ်း ရှိ ဧရာဝတီ မြစ်ကမ်းစပ်၌ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည် ငြိမ်းချမ်းပါစေ စာတန်းပါ အင်္ကျီများကို ဆင်တူဝတ်ဆင်ကာ ဆုတောင်းပွဲ ကျင်းပခဲ့သည်။ ဂျိုးဖြူ ၃ ကောင် လွှတ်ခြင်း၊ ချစ်သော ကမ္ဘာမြေ သီချင်းသီဆိုကာ ငြိမ်းချမ်းရေး ဆုတောင်းပွဲ လုပ်ခဲ့သည်။ ပခုက္ကူ တက္ကသိုလ်က မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှလည်း အမှတ် ၁၄ ရပ်ကွက်၊ ဓမ္မာရုံ ရှေ့မြေကွက်လပ်၌ ဂျိုးငှက် အရုပ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ စစ်ပွဲရပ် စာတန်း ချိတ်ဆွဲကာ ငြိမ်းချမ်းရေး ဆုတောင်းခဲ့ကြသည်။

စစ်ပွဲများ မငြိမ်းအေးသေးသည့် ကချင်ပြည်နယ်၌လည်း ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ကျင်းပခဲ့ကြသည်။ စက်တင်ဘာ ၂၁ ရက်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စီတာပူ ကက်သလစ် အသင်းတော် စိန်ပတ်တရိတ်(စ်) ဘုရားရှိခိုးကျောင်း၊ မြစ်ကြီးနား NLD ရုံး၊ စီတာပူ နှစ်ခြင်း အသင်းတော်ရှိ ဒုက္ခသည် စခန်းများတွင် ငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

“ငြိမ်းချမ်းရေးဆိုတာ နှစ်ဖက်စစ်ဖြစ်တဲ့သူတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ ပြည်သူတွေ အားလုံးနဲ့ သက်ဆိုင်တယ်” ဟု မြစ်ကြီးနားမြို့ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဒေါ်ဂျာဆိုင်းခေါန်က ဆိုသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယခုအချိန်ထိ ငြိမ်းချမ်းရေး မရရှိသေးဘဲ စစ်ဘေးသင့် ပြည်သူများသည် အမိုးအကာ မဲ့စွာဖြင့် နေထိုင်ရပြီး လာရောက်လှူဒါန်းထားသော အစားအစာများကို ချွေတာစားသောက်နေ ရကြောင်း ကချင်တိုင်းရင်းသား မရမ်ထွယ်အောင်က ဆိုသည်။

“ပြန်လည် သင့်မြတ်ရေးအတွက် ဘယ်အထိပြေးနေရဦးမှာလဲ”

မြေနီ တောင်ပေါ်လမ်းများ ထက်သို့ ကိုယ်ပိုင်ရာ၊ ကိုယ်နိုင်ရာ အသုံးအဆောင် တချို့ကို ဝါးတောင်းများဖြင့် ထည့်လွယ်သူလွယ်၊ စောင်ကြမ်းဖြင့် ထည့်ပိုးသူပိုး၊ မိမိတို့၏ ရင်သွေးငယ်များကို ဆွဲသူဆွဲ၊ ချီသူချီ၊ ခိုလှုံရာ တစ်ခုရရှိရေး အတွက် ကြိုးစားကာ လျှောက်လှမ်းနေရသော စစ်ဘေးရှောင် ပြည်သူတို့၏ မေးလိုက်သော အသံမှာ ကောင်းကင်တွင် ပဲ့တင်ထပ် နေတော့သည်။ သို့သော်ဖြေကြားပေးရန် အဖြေမှာ ရှာမရနိုင်သေး။

“ဘယ်အချိန်ထိဒီလိုစာသင်နေရဦးမှာလဲ”

အခင်းမဲ့သော မြေပြင်ပေါ်၌ သစ်လွင်မှု မရှိတော့သည့် စာအုပ်တချို့ နှင့် စာရေးကိရိယာတချို့၊ အသားအရေက ညစ်ထေး၊ အမည်ဖတ်ရှု၍ မရနိုင်တော့သည့် ကျောင်းတံဆိပ် တပ်ထားသော ဝတ်စုံတို့ဖြင့် စစ်ဘေးသင့် ကလေးငယ် တို့၏ ရင်တွင်းမှ မေးလိုက်သောအသံ ဖြစ်သည်။ ထိုမေးခွန်း၏ အဖြေကို စစ်ရင်ဆိုင်နေသော နှစ်ဖက်တပ် တို့ချည်းသာ မဟုတ်၊ နိုင်ငံတော် အကြီးအကဲချည်းသာ မဟုတ်၊ ပြည်သူလူထု တစ်ရပ် တည်းသာ မဟုတ်ဘဲ တစ်နိုင်ငံလုံး ပူးပေါင်းရှာဖွေပေးမှသာ ရရှိမည် ဖြစ်သည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်လည်း ငြိမ်းချမ်းရေးပွဲများ ပြုလုပ်ခဲ့ကြသည်။ တောင်ကြီးမြို့၊ စိန်လန်းရပ်၊ လောက မာန်အောင် ကျောင်းတိုက်တွင် စက်တင်ဘာ ၂၁ ရက်၊နေ့လယ် ၁၂ နာရီက ဒေသခံစုစုပေါင်း ၁၂ဝ ခန့်နှင့် သံဃာအပါး ၇ဝ ကျော် တက်ရောက် ဆင်နွဲခဲ့ကြသည်။ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ဟိုပုံးမြို့နယ်များမှ ငြိမ်းချမ်းရေး လိုလားသူများ ပါဝင်ခဲ့ကြပြီး ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေ လည်း တက်ရောက်ခဲ့သည်။ NLD ပါတီဝင်များ၊ ရှမ်းပြည်နယ် ၈၈ မျိုးဆက် ကျောင်းသားများ၊ ရှမ်းပြည်မျိုးဆက် အင်အားစုတို့က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး အမှတ်တရ ထင်းရှူး ပဒေသာပင် ကို လောကမာန်အောင် ကျောင်းအတွင်း၌ စုပေါင်းစိုက်ပျိုး ခဲ့ကြပြီး တက်ရောက်လာသူများက စိုင်းထီးဆိုင်၏ သဘာဝရဲ့ရင်သွေးငယ် သီချင်းကို စုပေါင်း သီဆိုခဲ့ကြသည်။ ထို့နောက် လောကမာန်အောင် ကျောင်းမှ တောင်ကြီးမြို့လယ် ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအထိ လူအင်အား ၃၅ ယောက်ကျော် စုပေါင်း လမ်းလျှောက် ခဲ့ကြောင်း သိရသည်။ လမ်းလျှောက်ပွဲကို ပါဝင်ခဲ့သူများမှာ ၈၈ မျိုးဆက် ကျောင်းသားများ ဖြစ်သော ကိုနေမျိုး (မျိုးချစ်ကျောင်း)၊ ကိုဘိုဘိုဟန် (အောင်ပန်း)၊ ကိုမောင်မောင် အောင်သူ (တောင်ကြီး အန်အယ်လ်ဒီ လူငယ်)နှင့် အခြား ကျောင်းသားလူငယ် တို့ဖြစ်သည်။ ဗိုလ်ချုပ်ကြေးရုပ်သို့ ရောက်သောအခါ အလေးပြုခြင်း၊ တစ်မိနစ် ငြိမ်သက်ဆုတောင်းခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ကာ ညနေ ၃း၄၅ နာရီတွင် အေးချမ်းစွာ လူစုခွဲခဲ့ကြသည်။ လမ်းလျှောက် ချီတက်ပွဲမှာ ကြိုတင်ခွင့်ပြုချက် တင်ထားခြင်းမရှိ ဟုဆိုကာ ကိုဘိုဘိုဟန်ကို ချီတက်ရာ နေရာ၌ပင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် တောင်ကြီး အမှတ်(၁) ရဲစခန်းသို့ ခေါ်ဆောင်သွားသည်။ ရဲစခန်းတွင် ကိုယ်ရေး အချက်အလက်များ၊ ခံဝန်များ ရေးထိုးစေခဲ့ပြီး ည ၇ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။

သို့သော် နောက်တစ်နေ့ မနက်ပိုင်းတွင် ကိုဘိုဘိုဟန်၊ ကိုနေမျိုးနှင့် ကိုအောင်သူတို့ကို တောင်ကြီး အမှတ်(၁) ရဲစခန်းမှ စခန်းမှူးက တရားလိုပြု ဥပဒေအကြံပေး ထံ ရာဇဝတ်မှု ပုဒ်မ ၁၈ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုကာ စွဲချက် တင်လိုက်သည်။ အဆိုပါပြစ်မှုကို တရားခံ တစ်ဦး ၁ဝ သိန်း အာမခံ ပေးထားသည်ဖြစ်ရာ အာမခံနှစ်ဦးစီက လက်မှတ်ထိုးပြီး နေ့လယ် ၁၁ နာရီခန့် တွင် ပြန်လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့ စွဲချက်တင်ခြင်း သည် ဥပဒေအကြံပေးက ရာဇဝတ်မှု မြောက်သည်ဟု ဆုံးဖြတ်လျှင် တရားရင်ဆိုင်ရမည် ဖြစ်ပြီး ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ် ငွေ ၃ သောင်း ပေးဆောင်ရမည်ဟု ရဲစခန်းမှ ပြောကြား လိုက်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သုမေဓာရာမကြားတောရ ဘုန်းတော်ကြီးကျောင်းတွင်လည်း စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်တို့တွင် ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ကျင်းပခဲ့သည်။ ဘားအံမြို့ပေါ်ရှိ လူငယ် အဖွဲ့များ စုပေါင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါပွဲသို့ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ သမိုင်းနှင့် ဘာသာရေး အခြေပြု ငြိမ်းချမ်းရေး အကြောင်း ဟောပြောခြင်း၊ ငြိမ်းချမ်းရေး သဘော သဘာဝ နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး သမိုင်းကြောင်းများကို ဟောပြောခဲ့ကြသည်။

“ပဲ့တင်သံများ”

မြန်မာနိုင်ငံ အရပ်ရပ်တွင် ငြိမ်းချမ်းရေး အတွက် ဆန္ဒထုတ်ဖော်မှုများ အသီးသီး ပြုလုပ်ခဲ့ကြသည့် အပေါ် စာရေးဆရာကြီး ဒဂုန်တာရာက “ဒီလိုနေ့မျိုးကို သတိတရနဲ့ လုပ်တာမို့ ကောင်းတဲ့ အလုပ်ပါ။ လူတိုင်း ဒီလိုလုပ်ခွင့် ရှိရမှာပေါ့”ဟု သုံးသပ် ပြောကြားသည်။ ငြိမ်းချမ်းရေး စိတ်ဓာတ် ရှိသူတိုင်း ကိုယ့်ဆန္ဒကို တရားသဖြင့် ယနေ့တွင် ဖော်ထုတ် သင့်ကြောင်းလည်း ဆရာကြီးက ဆိုသည်။ ဆန္ဒထုတ်ဖော်ခြင်းများ၏ နောက်ဆက်တွဲ အရ အရေးယူခြင်းများ ရှိသည့်အပေါ်၌လည်း ဆရာကြီး ဒဂုန်တာရာက “တရားမစွဲသင့်ပါဘူး၊ စွဲရင်တော့ မတရားဘူးပေါ့” ဟု မုဒိတာစကား ဆိုသည်။ သို့သော် ဆန္ဒဖော်ထုတ်သူများက တစ်ဖက်ပြော၊ အရေးယူမည့်သူများ ဘက်ကလည်း ပြန်လည်ချေပ ပြောနှင့် မိမိမှာ ဘာမှ မတတ်နိုင် ပါကြောင်းကိုလည်း ဆရာကြီးက ပြောကြားခဲ့သည်။

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်း အပေါ် ဒီမိုကရေစီ အလေ့အထများကို အစိုးရ အနေဖြင့် ကျင့်ယူနေရသည့် အခြေအနေတွင် ဆန္ဒထုတ်ဖော်သူ များကလည်း အုပ်ချုပ်သူများ သွေးလန့်လောက်သည့် အခြေအနေများ အပေါ်တွင် စဉ်းစားပေးရန် သင့်ကြောင်း သုံးသပ်ပြောကြား ခဲ့သည်။

ငြိမ်းချမ်းရေး အတွက် ဆန္ဒထုတ်ဖော်မှုများ အပြီးတွင် ပါဝင်ခဲ့ကြသော အဖွဲ့အစည်း ပေါင်းစုံမှ လူများကို သက်ဆိုင်ရာ က ခေါ်ယူစစ်ဆေးခြင်း အပေါ် ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးက “နိုင်ငံသား တစ်ယောက် ရဲ့ အခွင့်အရေး၊ တရား ဥပဒေအရ ချိုးဖောက်ခံရတယ် ဆိုရင် ကျွန်တော်တို့က ဘယ်နိုင်ငံသား အတွက် ဖြစ် ဖြစ် ရပ်တည်ပေးမှာပါ။ ဒါပေမယ့် တည်ဆဲဥပဒေကို ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါ တယ်”ဟု ဆိုသည်။

၈၈ မျိုးဆက် ကျောင်သား ကိုဋ္ဌေးကြွယ်က ငြိမ်းချမ်းရေးနေ့ ဆန္ဒ ဖော်ထုတ်မှုအပေါ် “ဒါဟာ တိုင်းပြည်ရဲ့ အသံပါ။ လူထုရဲ့အသံပါ။ ဒါကို ဒီကနေ့ တာဝန်ရှိတဲ့သူတွေ အလေးထားဖို့ အထူးလိုပါတယ်” ဟု ဆိုသည်။ စစ်ပွဲများ အဘယ်ကြောင့် မရပ်တန့်နိုင်သေးတာလဲဟူသော မေးခွန်းကို ကိုဌေးကြွယ်က “ယုံကြည်မှု မရှိကြ သေးလို့ပါ။ အချင်းချင်း ယုံကြည်မှုကို မဖန်တီးနိုင်ရင် ငြိမ်းချမ်းရေး ရဖို့က မလွယ်ကူနိုင်ဘူး”ဟု ပြန်လည် ဖြေကြားခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ဆန္ဒ ထုတ်ဖော်ပွဲပေါင်း ၂ဝဝ ကျော်ကို ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန် လည် ရောက်ရှိနေသူ ကိုရင်အေးက ငြိမ်းချမ်းရေးနေ့ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော သူများကို ခေါ်ယူ စစ်ဆေးခဲ့ခြင်းအပေါ် “ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုတာ လုပ်ခွင့်သီးသန့်စီ ရှိရမယ်။ အပြန်အလှန် ထိန်းညှိထားမှု ရှိရမယ်။ အဲဒီစနစ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီထက်ပိုစနစ်ကျ အောင် လုပ်ဖို့ လိုသေးတယ်”ဟု ထင်ကြောင်း ပြောကြားသည်။ ဝါရှင်တန်မြို့တွင် ဆန္ဒပြပွဲများ ပြုလုပ်ရန် ကြိုတင် စာတင်ရကြောင်း၊ အရေးပေါ် အခြေအနေ အရ ဆန္ဒပြမည် ဆိုပါက ပွဲမစမီ ၁ နာရီ ၂ နာရီ ကြိုတင်၍ အကြောင်းကြားလျှင် ရကြောင်း၊ အကြောင်း ကြားရခြင်းမှာ လုံခြုံရေး အတွက် အာဏာပိုင်များက တာ ဝန်ယူ ပေးနိုင်ရန် ဖြစ်ကြောင်း၊ သတ်မှတ်ထားသော စည်းကမ်းချက်များကို အာဏာပိုင်နှင့် ဆန္ဒပြ ခေါင်းဆောင်တို့ ညှိနှိုင်း၍ အဆင်ပြေ လွယ်ကူစွာ ဆန္ဒပြနိုင်ကြောင်း၊ တစ်စုံတစ်ရာ ဥပဒေ ချိုးဖောက်ပါကလည်း တရားရုံးမှ တရားဆွဲ၍ ဆန္ဒပြသူကလည်း ဥပဒေကြောင်း အရ ပြန်လည်ချေပ ခွင့် ရှိကြောင်းတို့ကို လည်း ယင်း၏ အတွေ့အကြုံများနှင့် ယှဉ်ကာ ပြောကြားသွားသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒထုတ်ဖော်သူများ၏ အဓိက တောင်းဆိုချင်သော အချက်မှာ ၅ ချက်သာ ရှိသည်။ ယင်း ၅ ချက်မှာ (၁) ပြည်တွင်း စစ်ပွဲများ အားလုံးကို ချွင်းချက်မရှိ ချက်ချင်း ရပ်တန့်ပေးရန်၊ (၂) နိုင်ငံတော် သမ္မတမှ စစ်ပွဲများ ချက်ချင်း ရပ်တန့်စေရေးအတွက် လက်တွေ့တာဝန်ခံ ဆောင်ရွက်ရန်၊ (၃) လွှတ်တော် အရပ်ရပ်မှ စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ရေးအတွက် သဘောထား ကြေညာချက်များကို ထုတ်ပြန် ပေးရန်၊ (၄) အစိုးရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ စတင်၍ စစ်ပွဲများ ရပ်တန့်စေရေး အတွက် ချက်ချင်း အမိန့်ထုတ်ပြန် ပေးရန်နှင့် သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင် ခေါင်းဆောင်များမှလည်း စစ်ပွဲရပ် အမိန့်များ ထုတ်ပြန်ပေးရန်၊ (၅) တရားရေးမဏ္ဍိုင်မှ စစ်ပွဲဒေသများတွင် တရားဥပဒေ စိုးမိုးရေးအတွက် ပါဝင်ဆောင်ရွက် ပေးရန်တို့ ဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ၁၉၈၁ ခုနှစ်က ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှစတင်ကာ သတ်မှတ် ပေး ခဲ့ခြင်း ဖြစ်သည်။ ၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သော ကမ္ဘာ့ လူ့အဖွဲ့အစည်း ညီလာခံ၏ ပင်မ အစည်းအဝေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့၌ ယင်းနှင့် သက်ဆိုင်သော ပညာပေးခြင်းများ တင်ဆက်ရန် လူမှုရေး အဖွဲ့အစည်း များမှလည်း ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ချီတက် လမ်းလျှောက်ခြင်းများ ပြုလုပ်ရန် အဆိုပြု ထောက်ခံ သဘောတူခဲ့ကြသည်။

ထိုသို့သော ထောက်ခံသဘော တူညီချက်များနှင့်အညီ မြန်မာပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခများ ငြိမ်းချမ်းစေရေး အတွက် လူမှုအဖွဲ့အစည်း ပေါင်းစုံ၊ ပြည်သူလူထု မျိုးစုံက ပူးပေါင်းကာ ငြိမ်းချမ်းရေးဟု တောင်းဆိုခဲ့ကြသော်လည်း—-။   ။

မြန်မာအင်ဒီပဲန်ဒင့်သတင်းအဖွဲ့

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*