ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၂၂ ၊ ၂ဝ၁၃

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး အတွက် ယင်းဒေသသို့ ငြိမ်းချမ်းရေး အလံ စိုက်ထူရန် ရန်ကုန်မြို့မှ ခြေလျင်လမ်းလျှောက်ခဲ့ကြသော လူငယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပဲခူးမြို့အဝင်၌ အာ ဏာပိုင်များ၏ တားဆီးခြင်းကို ခံခဲ့ရပြီး အပြန်အလှန်ညှိနှိုင်းမှုများရရှိ ကာ ရှေ့ဆက် လမ်းလျှောက်ခဲ့ကြကြောင်း ယင်းလူငယ်အဖွဲ့မှ ကိုဇင်ကိုကိုက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြော ကြားသည်။

“ပဲခူးမြို့အဝင်မှာ အာဏာပိုင် က မင်းလမ်းမကို သံဆူးကြိုးနဲ့ ပိတ်ပြီး လုံထိန်းကား ၁ စီး၊ ရဲတပ်ဖွဲ့ အင်အား ၂ဝဝ ကျော်နဲ့ တားတယ်” ဟု ယင်းက ဆိုသည်။

ရဲမှူး ဇော်မင်းနှင့် မြို့နယ်မှူး ကျော်ဆွေဝင်းတို့က အမိန့်ကြေညာ စာ တစ်စောင်ကို ထုတ်ပေးကြောင်း သိရသည်။ ယင်းကြေညာစာတွင် ပဲခူးမြို့ နယ်နိမိတ်အတွင်း ဥပဒေ နှင့်အညီ စီတန်းသွားလာရန်၊ ဥပဒေ မဲ့ ရမ်းကားမှုများ မဖြစ်ရန်တို့ ပါဝင် ကြောင်း သိရသည်။

ထို့ပြင် အပြန်အလှန် ညှိနှိုင်းမှုများနှင့် ပတ်သက်၍ ကိုဇင်ကိုကိုက “ရဲမှူးနဲ့ မြို့နယ်မှူးက အလံတွေ ထောင် မသွားဖို့ ပြောတယ်။ ကျွန်တော်တို့ ဘက်ကလည်း အလံ တွေ ထောင်မသွားပါဘူး။ ကျောပိုးအိတ်မှာပဲ ချိတ်ဆွဲ သွားဖို့ သဘောတူလိုက်တယ်” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားသည်။ ယင်းသို့ သဘောတူညီချက် ရရှိခဲ့ပြီး ပဲခူးတိုင်း ဒေသကြီး အတွင်း ဖြတ်သန်း သွားလာရန် အာမခံပေးကြောင်း ရဲမှူးဇော်မင်း က ပြောကြား သည်ဟု သိရသည်။

အဆိုပါ လမ်းလျှောက်လူငယ် အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ ဆူးလေရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့မှ စတင်ကာ လမ်းလျှောက် ထွက်ခွာခဲ့သည်။ ယင်းနေ့တွင်ပင် ရွှေညဝါ ဆရာတော်မှ ကချင်စစ်ဘေး ဒုက္ခသည်များအတွက် အလှူငွေ ၄ သိန်း ကို အဆိုပါလူငယ်အဖွဲ့အား လှူဒါန်း ခဲ့ကြောင်းသိရသည်။ လှည်းကူးမြို့ နယ်အဝင်ဝတွင်လည်း မြို့ခံပြည်သူ လူထုက ယင်းအဖွဲ့အား အစား အသောက်နှင့် ဆေးဝါးများ ဝေငှခဲ့ကြောင်း သိရသည်။ ယင်းအဖွဲ့တွင် အဖွဲ့ဝင် ၂၉ ဦးပါဝင်ပြီး မိုင် ၈ဝဝ နီးပါး ဝေးသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးအလံ စိုက်ထူရန် အချိန် တစ်လကျော်ခန့် လမ်းလျှောက်ကြမည် ဖြစ်သည်။

ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*