ယမန်နှစ်က စက်သုံးဆီဂိုထောင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်

ယမန်နှစ်က စက်သုံးဆီဂိုထောင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်

စက်သုံးဆီ အရောင်းဆိုင်များ တစ်နေ့ထက်တစ်နေ့ တိုးတက်ဖြစ် ထွန်းလာသည့် မန္တလေးမြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း စက်သုံးဆီ အရောင်းဆိုင် တချို့၏ စည်းကမ်းမဲ့ ရောင်းချမှုများကြောင့် လာမည့် နွေရာသီကာလ ငြှိမ်းမရသည့် မီးလောင်မှုမျိုးဖြစ်ပွား လာနိုင်သည်ဟု ဒေသခံများက ဝေဖန်သုံးသပ်သည်။

“တချို့ဆိုင်တွေမှာဆိုရင် အပိုယူလာတဲ့ ပုံးတွေ ဘူးတွေနဲ့ဆို လုံးဝ မရောင်းဘူးလို့ ပြတ်ပြတ် သားသား ရေးထား တာကို တွေ့ရတယ်။ တချို့ ကြတော့ ရောင်းတော့ ဘာဖြစ်လဲ ဆိုပြီး မချေမငံတောင် ပြန်ပြောကြတယ်။ သက်ဆိုင်ရာတွေ အနေနဲ့ ဒါကို ထိထိရောက်ရောက် တားမြစ်ပေး စေလို ပါတယ်။ လောင်ပြီဟေ့ ဆို ပြေးလွတ် မှာတောင် မဟုတ်ဘူး” ဟု ချမ်းအေးသာစံမြို့နယ်၊ စက်သုံးဆီ အရောင်းဆိုင် အနီးနေသူ တစ်ဦးက ဆိုသည်။

တချို့သော အရောင်းဆိုင်များ အနေဖြင့် သက်ဆိုင်ရာ စည်းကမ်းချက် များအား ဖောက်ဖျက်ကျူးလွန်ခြင်း များကို ရဲရဲတင်းတင်း ဗြောင်ကျကျ လုပ်ကိုင် ဆောင် ရွက်နေခြင်းများ ရှိနေသည့် အတွက် ဒေသခံများက စိုးရိမ် မကင်းဖြစ်နေ ကြကြောင်း သိရသည်။

“ဆီဆိုင်ထဲရောက်တော့ တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ဆီပိုက်နဲ့ ခပ်လှမ်းလှမ်းမှာ ဖုန်းသွား ပြောတာ မရဘူး။ အပြင်ကို အတင်းထွက်ခိုင်းတယ်။ ငါ့ဟာက ဒီလောက် အန္တရာယ် မရှိဘူး။ မင်းတို့ လုပ်နေတာက ပိုပြီး အန္တရာယ်ကြီးတယ် လို့ ပြန်ပြောတော့ ဘုကြည့် ကြည့်တယ်” ဟု ပြင်ပ သယ်ယူပုံးများဖြင့် ဆီရောင်း ချနေမှုနှင့် ပတ်သက်ပြီး ဆီထုတ်ခဲ့သူ တစ်ဦးက မကျေမနပ် စကားဆိုသည်။

မန္တလေးမြို့ မီးဘေးအန္တရာယ် ကျရောက်ခဲ့သည့် သမိုင်းတစ်လျှောက် ကြီးမားသော မီးလောင်ဆုံးရှုံးများ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည့် အတွက် လောင်စာဆီ ဆိုသည့် အသံ ကြားလျှင်ပင် ထိတ်လန့် ကြောက်ရွံ့လျက်ရှိ ကြောင်း၊ မြို့သူမြို့သားများက မြို့တွင်း စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ် ခြင်းကို စဉ်ဆက်မပြတ် တားမြစ် ကန့် ကွက်ခဲ့သော်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း၊ များ ပြားလာသည့် စက်သုံးဆီ အရောင်းများ၏ စည်းကမ်း တကျ ရောင်းချစေရန် ဆိုလျှင် သက်ဆိုင်ရာ အာဏာပိုင်တို့ ထံတွင်သာ တာဝန်ရှိကြောင်း၊ ပြည်သူအပေါ် မထီမဲ့မြင်ပြုပြီး စည်း ကမ်းမဲ့ ရောင်းချနေသည့် တချို့သော အရောင်းဆိုင်များနှင့်ပတ်သက်၍ လည်း ခွင့်ပြုမိန့်ပေးခဲ့သည့် တိုင်းဒေသ ကြီး အစိုးရထံတွင်သာ တာဝန်ရှိ ကြောင်း၊ ထိုသို့မဟုတ်ပါက ဒေသခံ ပြည်သူလူထုအနေဖြင့် အဆိုပါ စည်း ကမ်းမဲ့ အရောင်းဆိုင် တချို့တို့အား လုံးဝပိတ်သိမ်းသည်အထိ ဆန္ဒဖော် ထုတ်ခြင်းမျိုးဖြစ်ပေါ်လာနိုင်စရာ အကြောင်း ရှိကြောင်း၊  ပြည်သူလူထု ကန့်ကွက်နေသည့်ကြားက အာဏာပိုင် တို့ဘက်က ခွင့်ပြုမိန့်ပေးခဲ့ခြင်းများ ရှိပါက လည်း ပြည်သူလူထု အသက် အိုးအိမ်စည်းစိမ်လုံခြုံ စိတ်ချစေရေး အတွက် ဆက်လက်တာဝန်ယူ ဆောင် ရွက်သင့်ကြောင်း ချမ်းမြသာစည်မြို့ နယ်အတွင်း နေထိုင်သူ အငြိမ်းစား ကျောင်း ဆရာမတစ်ဦးက အကြံပေး ပြောဆို သည်။

“ဓာတ်ဆီဆိုင်နောက်ကျောက ရပ်ကွက်တွေ ကြည့်လိုက်တိုင်း သွပ်မိုး၊ ပျဉ်ကာတွေကများတယ်။  မန္တလေး မှာက အခုအချိန် အထိ ဓနိမိုးထရံကာနဲ့ နေနေရတဲ့ အိမ်တွေ ရှိနေတုန်းပဲ။ အပြင်ဘက်မှာသာ တိုက်ကြီးတာ ကြီးတွေ ဟီးနေအောင် ဆောက်ထားကြတာ၊ အတွင်းထဲမှာ တချို့ရပ်ကွက်တွေဆို လမ်းတောင် ကောင်းကောင်း ရှိတာ မဟုတ်ဘူး။ မီးဟေ့ ဆိုရင် မီးသတ်ကား ဝင်စရာလမ်း မရှိဘူး။ ရပ်ကွက်ထိပ်က ဓာတ်ဆီဆိုင် တွေအနေနဲ့ စည်းကမ်း ရှိရှိ ရောင်းချပေးစေလိုတယ်” ဟု ပြင်ပ သယ်ယူပုံးဖြင့် ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင် အနီးနေသူ တစ်ဦးက ပြောသည်။

“၇၈ လမ်း ဓာတ်ဆီဆိုင်တုန်းက မီးသတ်ကား သွားဖို့လာဖို့ လမ်းလည်း ကောင်းတယ်။ ဆိုင်နေရာ အကျယ် အဝန်း ကလည်း လွတ်လွတ်လပ်လပ် မီးငြိမ်းခွင့် ရှိတယ်။ ကျွန်တော်တို့ ရပ်ကွက်နားက ဆိုင်လောင်ကြည့် ပါလား။ မျက်စောင်း ထိုးမှာကို ၂ ဆိုင် တောင် ရှိတယ်။ အပြင်လမ်းကတော့ ကောင်းပါတယ်။ ရပ်ကွက်ထဲတော့ မီးသတ် ကားတောင် ကောင်းကောင်း ဝင်နိုင်မယ် မထင်ပါဘူး” ဟု အဆိုပါ စက်သုံးဆီအရောင်းဆိုင် တည်ရှိရာ ရပ်ကွက်နေသူ တစ်ဦးကဆိုသည်။

မန္တလေးမြို့တွင် ယခုနှစ် ဇန်နဝါရီလအတွင်း မီးလောင်မှု ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် ဂိုထောင် တစ်လုံးအပါအဝင် အိမ်ခြေ ၅ လုံးခန့်နှင့် ဖေဖော်ဝါရီလအတွင်း မီးလောင်မှု ၁၃ ကြိမ်ကြောင့် အိမ်ခြေ ၁၉ လုံး ဆုံးရှုံးခဲ့ရာ မီးလောင်မှုကြောင့် အသေအပျောက် မရှိသော်လည်း ဒဏ်ရာရသူ ၄ ဦးရှိခဲ့ကြောင်း ခရိုင်မီး သတ်ဦးစီးဌာန မှတစ်ဆင့် သိရသည်။

နှစ်လအတွင်း မီးလောင်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုမှာ ကာလ တန်ဖိုး ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၂ဝဝ ခန့် ရှိကြောင်းဖြင့် ဒုက္ခသည် စုစုပေါင်း ၁၆၆ ဦး ရှိကြောင်း သိရပါသေးသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*