ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ယင်းတို့ သဘောအလျောက် နုတ်ထွက်လျှင်ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် များ၏ ကြိုးကုတ် အားထုတ်မှုကြောင့် စွပ်စွဲပြစ်တင်ခြင်း ခံရပြီး ရာထူးတာဝန်မှ ရပ်စဲခဲ့လျှင်ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူတို့ ဝမ်းနည်း ကြေကွဲကြမည် မထင်ပါ။

အဘယ်ကြောင့်ဆိုသော် အဆိုပါ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၉ ဦးတို့အား ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ဖြင့် ခန့်ထားခဲ့ခြင်းသာ ဖြစ်ပြီး ပြည်သူတို့၏ အသည်းကြားက မဲတစ်ပြားစီဖြင့် ရွေးကောက် တင်မြှောက် ထားခြင်း မဟုတ်သောကြောင့် ဖြစ်ပါသည်။

သို့သော် လွှတ်တော် ကိုယ်စားလှယ်အချို့တို့က ပြည်ထောင်စု အဆင့်နှင့် စပ်လျဉ်း၍ ခုံရုံးအဖွဲ့၏ ကြားနာ ဆုံးဖြတ်မှု အပေါ် ကျေနပ်မှု မရှိခဲ့ကြသဖြင့် နိုးနိုးကြားကြား အငြင်းပွားခဲ့ကြလျက် စွပ်စွဲပြစ်တင်ရန် အထိ  အင်တိုက်အားတိုက် ကြိုးကုတ်အားထုတ်နေကြခြင်းမှာ “အများပြည်သူ အကျိုးငှာ ဟုတ်မဟုတ်”ပြန်လည် စိစစ်သင့်ပါသည်။ အများပြည်သူ အကျိုးငှာဟု ဆိုပါက ဝမ်းမြောက်ရမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် တို့၏ အကျိုး အလို့ငှာ ဖြစ်ပါက ဝမ်းနည်းရမည် ဖြစ်ပါသည်။

ပြည်ထောင်စု လွှတ်တော် မြင်ကွင်း

ပြည်ထောင်စု လွှတ်တော် မြင်ကွင်း

အဘယ်ကြောင့်ဆိုသော် လွှတ်တော် အသီးသီးတို့သည် လွှတ်တော် ကိုယ်စားလှယ်တို့၏ ရရှိ ခံစားပိုင်ခွင့်ကို ရှေ့တန်း တင်၍ အတိုက်အခံပြု ပြောဆိုရမည့် နေရာ မဟုတ်သောကြောင့် ဖြစ်ပါသည်။

ပြည်ထောင်စု အဆင့်အဖြစ် သတ်မှတ်ခြင်း မခံရပါက လွှတ်တော် လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက် ရန်နှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို အပြန်အလှန် ထိန်းကျောင်းမှု ပြုရာတွင် ကန့်သတ် ခက်ခဲမှုများ ရှိနိုင်ကြောင်း ပြောဆိုသော ကိုယ်စားလှယ်တို့၏ အသံကို ကြားရပါသည်။

“ကျွန်တော်တို့ရဲ့ ကြယ်ပွင့်ပြ မေးခွန်းတွေကို ဝန်ကြီးကိုယ်တိုင် လာဖြေတာလည်းရှိ၊ ဒုတိယဝန်ကြီး လာဖြေတာ လည်းရှိ၊ ဒုတိယဝန်ကြီး ဆိုတာလည်း ပြည်ထောင်စု အဆင့်ပဲဗျာ”ဟူ၍ ချိန်ဆပြောဆိုသော ကိုယ်စားလှယ် အချို့၏ အသံကိုလည်း ကြားရပါသည်။

“အလုပ်ကို ထိရောက်စေ ချင်လို့ပါ။ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်ရဲ့ ရပိုင်ခွင့်ဆိုတာ မသိပါဘူး။ စိတ်လည်း မဝင်စား ပါဘူး”ဆိုသော ရေးရာကော်မတီ အတွင်းရေးမှူး တာဝန်ယူထားသည့် ကိုယ်စားလှယ်၏ ပြည်ပ အသံလွှင့်ဌာန တစ်ခုသို့ ဖြေဆိုချက်ကိုလည်း ကြားရပါသည်။

၂ဝ.၈.၂ဝ၁၂ Street View ဂျာနယ်၊ စာမျက်နှာ ၃ တွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ဖွဲ့စည်း ထားသည့် ရေးရာ ကော်မတီနှင့် ကော်မရှင် အဖွဲ့ပေါင်း ၄၆ ခုရှိသည်ဟု ဖော်ပြထားပါသည်။ ရေးရာ ကော်မတီ တစ်ခုတွင် ဥက္ကဋ္ဌ အတွင်းရေးမှူး အပါအဝင် ၁၅ ဦးခန့် ရှိရာ ကော်မတီ အားလုံးတွင် ကိုယ်စား လှယ် အဖွဲ့ဝင်ပေါင်း ၆ဝဝ ဦးခန့် ရှိနိုင်ပါသည်။ အဆိုပါ Street View ဂျာနယ်စာမျက်နှာ ၄ နှင့် ၅ တွင် “အယ်ဒီတာ” ဆိုသူ ရေးသော ဆောင်းပါး တစ်ပုဒ် ပါရှိပြီး “ပြည်ထောင်စု အဆင့် ဆိုရာ၌ သတ်မှတ်ချက် တစ်ရပ် အဖြစ်သာ လိုအပ်၊ အခြားခံစားခွင့်များ မပါဝင်” ဟူ၍ ခေါင်းစဉ်တပ် ထားပါသည်။

အပြန်အလှန် ထိန်းကျောင်းသည့် စနစ် အသက်ဝင်စေရေးနှင့် ဥပဒေပြု လုပ်ငန်းစဉ် မြန်ဆန်သွက်လက်ရေး အတွက်သာ ဖြစ်ပြီး ဘဏ္ဍာရေး အကုန်အကျနှင့် အထူးအခွင့်အရေး ပေးရန် မလိုသည်ကို သတိပြုရန် လိုပါသည် ဟူ၍လည်း ခပ်တင်းတင်း ရေးတာ ဖတ်ရပါသည်။

ကိုယ်စားလှယ် တစ်ဦးကတော့ဖြင့် “ကိုယ့်ပြည်သူ့လွှတ်တော် ဥပဒေလေးတောင် မကာကွယ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ ကျမ်းကျိန်ထားတဲ့ဟာ ကျမ်းစူးသေရုံပဲ ရှိတော့မပေါ့”ဟူ၍ နာနာကျင်ကျင် ပြောပါသည်။ အများ ပြည်သူအကျိုး အလို့ငှာ ဖြစ်ပါက မည်သူတစ်စုံတစ်ဦးကိုမှ ကျမ်းမစူး စေလိုပါ။ အသက်အန္တရာယ်လည်း မရှိစေလိုပါ။

မကြာသေးမီက ၂ဝ၁၁ ခုနှစ် ဥပဒေများ စာအုပ်ကို စာပေဗိမာန် အရောင်းဆိုင်တစ်ခုမှ ဝယ်ယူရရှိခဲ့ပါသည်။ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေကို စိတ် ဝင်စားသဖြင့် အသေအချာ ဖတ်ပါသည်။

ထို့နောက် မိတ်ဆွေ လွှတ်တော် အမတ်တစ်ဦးထံသို့ ဆက်သွယ်လျက် “ခင်ဗျားတို့ လွှတ်တော်ရေးရာ ကော်မတီတွေ ဖွဲ့စည်းတဲ့ အမိန့်ရှိလား၊ ရှိရင် ကျွန်တော် ကြည့်လို့ရမလား”မေးပါသည်။ မိတ်ဆွေက “ဘာဖြစ်လို့လဲ”ဟု မေးပါသည်။

“ဪ.. အဲဒီကော်မတီတွေ ဖွဲ့စည်းတဲ့ အမိန့်ကြော်ငြာစာမှာ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များရဲ့ ခံစား ရရှိပိုင်ခွင့်တွေကို မခံစားရပါဘူးလို့ ပါ မပါ သိချင်လို့ပါ”။

မိတ်ဆွေသည် ခဏ အသံတိတ် သွားခဲ့ပြီး “အဲဒီလိုတော့ မပါဘူးဗျ။ ခင်ဗျား သိချင်ရင် မြန်မာနိုင်ငံ ပြန်တမ်း တွေမှာ ပါလိမ့်မယ်။ ရှာကြည့်ပါလား” ဟု ဆိုပါသည်။ “လောလောဆယ် ပြန်တမ်းရှာဖို့ မလွယ်လို့ပါ”ဟု ပြောတော့မှ မိတ္တူကူး၍ ပေးရန် သဘောတူခဲ့ပါသည်။ “တစ်ခုတော့ ရှိတယ်ဗျ၊ ကျွန်တော်တို့ ကော်မတီတွေ ပြည်ထောင်စု အဆင့် ဟုတ်မဟုတ် အငြင်းပွားကြတာက ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးတွေကို လိုချင်လို့ မဟုတ်ဘူးနော် ဟု ပြောလိုက်ပါသေးသည်။ ကျွန်တော် ယုံပါသည်။ ကျွန်တော့် မိတ်ဆွေသည် လောဘ သက္ကာယ အလွန်နည်းသည့် လွှတ်တော်အမတ် တစ်ဦး ဖြစ်သောကြောင့် ဖြစ်ပါသည်။

မိတ်ဆွေထံမှ ရရှိသော လွှတ်တော်က ကော်မတီဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာ ၇ ခုခန့်ကို ဖတ်ကြည့် ပါသည်။ အပိုဒ် ၁ တွင် လွှတ်တော် ဆိုင်ရာ ဥပဒေအရ ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း၊ အပိုဒ် ၂ တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း သတ်မှတ်ကြောင်း တွေ့ ရပါသည်။

အမိန့်ကြော်ငြာစာများ၏ အပိုဒ် ၁ဝ တိုင်းတွင် အောက်ပါ အတိုင်း ဖော်ပြထားပါသည်။

ကော်မတီ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ

ကော်မတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် အားလျော်စွာ ကော်မတီ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံး စိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားရာ၌ လည်းကောင်း၊ ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များ ဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များ ကိုလည်း ခံစားခွင့် ရှိသည်။

အပိုဒ် ၁ဝ က ရည်ညွှန်းသည့် “ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ”ဆိုသည်မှာ အထက်တွင် ဆိုခဲ့သည့် “ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များ ဆိုင်ရာ ဥပဒေ”ပင် ဖြစ်နိုင်သည်ဟု ယူဆရပါသည်။

အဆိုပါ ဥပဒေအခန်း ၂ တွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် လွှတ်တော်နှစ်ရပ်၏ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ အပါအဝင် ပြည်ထောင်စု အဆင့်တွင် အငယ်ဆုံး ပုဂ္ဂိုလ်များ ဖြစ်သော ဒုတိယဝန်ကြီး အဆင့်အတန်း အထိရှိ ပုဂ္ဂိုလ်တို့၏ ချီးမြှင့်ငွေများကို ဖော်ပြထားပါသည်။ လစဉ် အများဆုံး ချီးမြှင့်ငွေမှာ ကျပ်သိန်း ၅ဝ ဖြစ်ပြီး အနည်းဆုံး ချီးမြှင့်ငွေမှာ ကျပ်သိန်း ၂ဝ ဖြစ်ပါသည်။

သို့သော် အဆိုပါ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များသည် အဆိုပါ ဥပဒေပါ ချီးမြှင့်ငွေများကို ခံစားရယူခြင်း မပြုဘဲ ယခင်အတိုင်းသာ ခံစားရယူမည် ဖြစ်ကြောင်း၊ သမ္မတကြီး ကိုယ်တိုင် တိုင်းပြည်သို့ အသိပေး ကြေညာခဲ့သည်ကို မှတ်မိနေပါသည်။ ရရှိခံစားပိုင်ခွင့်ကို မချမ်းသာနိုင်သေးသော နိုင်ငံတော်၏ မျက်နှာကို ငဲ့လျက် “လျော့နည်း ခံစား”ခဲ့သည့်အတွက် ကျွန်တော်တို့က ကျေးဇူးတင်ပါသည်။  ထိုဥပဒေကို မလိုက်နာခဲ့ခြင်း အတွက် ကျမ်းစူးလိမ့်မည် ဟုလည်း မထင်မြင်ပါ။ ကျန်းမာရေးပင် ပို၍ ကောင်းမွန် နိုင်ပါသည်။

ထိုဥပဒေအခန်း ၃ တွင် ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ တည်းခိုနေထိုင်စရိတ်၊ စားသောက် စရိတ်နှင့် ခရီးစရိတ်များကို မည်သို့ ခံစားနိုင်ကြောင်း ဖော်ပြထားပြီး အခန်း ၄ တွင်မူ “အဆောင်အယောင်” များကို ဖော်ပြထားပါသည်။

အဆောင်အယောင်များ(Facilities) ပြဋ္ဌာန်းချက် ပါ။ ပြည်ထောင်စုအဆင့်တွင် အငယ်ဆုံးဟု ဆိုနိုင်သည့် ပုဂ္ဂိုလ် တစ်ဦးသည် နေအိမ် အခမဲ့၊ လျှပ်စစ်မီး၊ ရေ၊ တယ်လီဖုန်း သုံးစွဲခွင့်-ပြည်တွင်း ဆေးကုသခွင့် အခမဲ့၊ ကိုယ်ရေး အရာရှိ၊ အိမ်အကူ၊ ဥယျာဉ်မှူး၊ မော်တော်ကား ၃ စီးနှင့် တစ်လလျှင် စက်သုံး ဆီဂါလန် ၁၈ဝ စသော ခံစားခွင့် အဆောင်အယောင် ၁၃ မျိုး ရရှိနိုင်ပါမည်။ စက်သုံးဆီ တစ်မျိုးတည်း အတွက်ပင်လျှင်၊ တစ်ဂါလန် ၃၅ဝဝ ကျပ် ဖြစ်သဖြင့် ဆီဂါလန် ၁၈ဝ အတွက် တစ်လလျှင် ငွေကျပ် ၆၃ဝ,ဝဝဝ ကို နိုင်ငံတော်က ပေးရပါ မည်။

ဒုတိယဝန်ကြီးအဆင့်မှ နိုင်ငံတော် သမ္မတအထိ၊ ပြည်ထောင်စု အဆင့်အဖြစ် အငြင်းမပွားခဲ့သော ပုဂ္ဂိုလ် ၁ဝဝ ခန့်ရှိမည် ဆိုလျှင် တစ်လလျှင် နိုင်ငံတော်မှ ကျခံရမည့် ဆီဖိုးချည်း ကျပ်သိန်းပေါင်း ၆၃ဝ ရှိပါလိမ့်မည်။ အဆိုပါ ပုဂ္ဂိုလ် ၁ဝဝ တို့ လုပ်ငန်းဆောင်တာများကို အပြန် အလှန်ထိန်းကျောင်းမှု(check & balance) ပြုနိုင်ရန် အတွက် လွှတ်တော် ကိုယ်စားလှယ် ၆ဝဝ ခန့်တို့ကို ပြည်ထောင်စု အဆင့်သတ်မှတ်၍ “ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်” ထပ်မံပေးရဦးမည် ဆိုလျှင် လစဉ် ဆီဖိုးချည်း ကျပ်သိန်းပေါင်း ၃၇၈ဝ ထပ်မံကုန်ကျ နိုင်ပါသည်။

ပြည်သူ့လွတ်တော် ဥက္ကဋ္ဌထံသို့ နိုင်ငံတော်သမ္မတ ပေးပို့ခဲ့သည့် ဩဂုတ် ၂ဝ ရက်သဝဏ်လွှာတွင် “အဆိုပါ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင် စုအဆင့်နှင့် လျော်ညီသည့် ငွေကြေး ကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် စီမံဆောင်ရွက်ပေးရန် တာဝန်ရှိလာမည် ဖြစ်ပါသည်”ဟူ၍ ပါရှိသည်ကို သတိပြု မိပါသည်။

ထိုသဝဏ်လွှာပါ “ငွေကြေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ” ဆိုသည်မှာ လစဉ် ဆီဖိုးချည်း ကျပ်သိန်း ပေါင်း ၃၇၈ဝ ပါဝင်သော ငွေကုန်ကြေးကျ ကိစ္စရပ်များကို ဆိုလိုသလောဟု စဉ်းစားရန် ရှိပါသည်။ ဤအချက်ကြောင့် ပင်လျှင် ပြည်ထောင်စု အဆင့်နှင့် စပ်လျဉ်းသည့် တင်သွင်းလွှာကိစ္စ ပေါ်ပေါက်ခဲ့ လေသလောဟု စဉ်းစားရန် ရှိပါသည်။

နိုးကြားတက်ကြွလျက် ရှိကြသော လွှတ်တော် ကိုယ်စားလှယ် (အချို့)တို့ အနေဖြင့် ဂျာနယ် အယ်ဒီတာ၏ ခေါင်းစီးတွင် ပါရှိသကဲ့သို့ “ပြည်ထောင်စုအဆင့် သတ်မှတ်ချက် တစ်ရပ်အဖြစ်သာ လိုအပ်၊ အခြားခံစား ခွင့်များမပါဝင်”ဟူ၍ ယခုအထိ ပြည်သူသို့ အတိအလင်း ကြေညာခြင်း မပြုသေးသည်ကိုလည်း သတိပြုမိ ပါသည်။

ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်ခြင်း ပြုလိုက ပြုနိုင်ပါသည်။ ယင်းတို့သည် မဲဆန္ဒရှင်များက တိုက်ရိုက် ရွေးကောက် တင်မြှောက်ထားသော ပုဂ္ဂိုလ်များ မဟုတ်ဘဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သော ပုဂ္ဂိုလ်များသာ ဖြစ်ပါသည်။

နုတ်ထွက်စေသည် ဖြစ်စေ၊ စွပ်စွဲ ပြစ်တင်ခြင်း ပြု၍ တာဝန်မှ ရပ်စဲသည် ဖြစ်စေ၊ အများပြည်သူ အကျိုးငှာ ဖြစ်ရန်သာ လိုပါသည်။ အများပြည်သူ အကျိုးငှာ ဆိုပါက မည်သည့်ကိစ္စမဆို ဝမ်းမြောက်ရမည်သာ ဖြစ်ပါသည်။

ပြည်သူတို့၏ တိုက်ရိုက်ဆန္ဒမဲ ဖြင့် ရွေးကောက် တင်မြှောက်ခဲ့သူများမှာ လွှတ်တော် အသီးသီးမှ ကိုယ်စား လှယ်များပဲ ဖြစ်ပါသည်။ လွှတ်တော် ကိုယ်စားလှယ် အသီးသီးသည် မဲဆန္ဒရှင်ပြည်သူတို့က တိုက်ရိုက်ရွေး ကောက် တင်မြှောက်ခဲ့သူများ ဖြစ်သည့် အားလျော်စွာ မေးခွန်းမေးခြင်း၊ အဆို တင်ခြင်း ဆွေးနွေးအဖြေရှာခြင်း ကန့်ကွက်ခြင်း၊ စွပ်စွဲပြစ်တင်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဥပဒေပြုခြင်း ဟူသမျှ တို့သည် “အများပြည်သူအကျိုးငှာ” သာ ဖြစ်သင့်ပါသည်။ နိုင်ငံတော် အကျိုးငှာသာ ဖြစ်သင့်ပါသည်။ နိုင်ငံတော်၏ မျက်နှာကိုသာ ကြည့်ရပါမည်။

လူကြီးမင်းများ အနေဖြင့်၊ ခမ်းနားသော ဤလွှတ်တော်ကြီး အတွင်းသို့ ရောက်ရှိလျက် လွတ်လပ်စွာ ပြောဆိုခွင့် ဆွေးနွေးခွင့် တို့ကို ရရှိနိုင်ရန်အတွက် နိုင်ငံနှင့် ပြည်သူတို့သည် အဘယ်မျှ ခက်ခဲပင်ပန်းသော ခရီးကြမ်းကြီးကို ဖြတ်သန်း လျှောက်ခဲ့ရကြောင်း မမေ့မလျော့ ရှိကြလိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါသည်။

ဇေယျာမိုးမြင့်စံ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*