နိုင်ငံတကာသတင်း — ဂိုအာ၊ အောက်တိုဘာ ၁၇၊ ၂၀၁၆

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် ယမန်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ မိနစ် ၄၀ တွင် ဂိုအာမြို့ရှိ Hotel Leela ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သြဂုတ်လအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဆွေးနွေး သဘောတူညီခဲ့သည် များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အဆင့်အသီးသီးတွင် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် စေလွှတ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်ရေးနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေး တို့ကို ရင်းနှီးစွာ ဆွေးနွေးကြသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရခိုင် ပြည်နယ် မြောက်ပိုင်း ဒေသ နောက်ဆုံးဖြစ်ရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာ တရုတ်သမ္မတ ရှီကျင့်ဖျင် က ကောင်းစွာ နားလည် သဘောပေါက်ကြောင်းနှင့် အပြုသဘော ကူညီဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယ ဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ် သမ္မတနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့် မူဝါဒရေးရာ သုတေသန ရုံး အကြီးအကဲ MR.Wang Huning ၊ ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ပါတီအတွင်းရေးမှူး ရုံးအဖွဲ့ဝင် MR. Li Zhanshu ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် MR. Yang Jiechi နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။

သတင်း၊ ဓါတ်ပုံ – Myanmar State Counsellor Office : Facebook

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*