တွေ့ဆုံ​မေးမြန်းခြင်း — ရန်ကုန်၊ မတ် ၅၊ ၂ဝ၁၃
ဦးစိုးညွှန့်

ဦးစိုးညွှန့်

၁၉၈၈ လူထု လှုပ်ရှားမှုအပြီး ဒီမိုကရေစီရေး ကိစ္စရပ်များ ဖော်ဆောင်ရန် နောက်ဆက်တွဲ တာဝန်ထမ်းဆောင် လျက်ရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံး ဆိုင်ရာ ညီလာခံ ကို ၂ဝ၁၃ ခုနှစ် မတ် ၈၊ ၉၊ ၁ဝ ရက် များတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးညွန့်ကို မြန်မာအင်ဒီပဲန်ဒင့်မှ တွေ့ဆုံ မေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

မေး- ဒါဟာ ၂၅ နှစ် အတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီလိုမျိုး ကျင်းပတဲ့အခါ အဓိက တွေ့ ကြုံရတဲ့ အခက်အခဲတွေကို သိခွင့်ရပါရစေ။

ဖြေ- အခက်အခဲ ကတော့ အားလုံး မရှိသလောက်ပါပဲ။ တစ်ခုတော့ ရှိတာပေါ့။ အခက်အခဲက ကိုယ်စားလှယ် စာရင်းတွေ အချိန်မီ ရဖို့အတွက် အန်ကယ်တို့ စောင့်ရတာလေ။ ဘာလို့လဲ ဆိုတော့ အန်ကယ်တို့က ဒီညီလာ ခံကြီး အစ၊ အလယ်၊ အဆုံးအောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်အချက်ကတော့ လုံခြုံရေး ပေါ့နော်။ နှစ်အချက် ကတော့ နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးပေါ့။ အဖက်ဖက် ကတော့ အားလုံး ပြည့်စုံအောင် အန်ကယ်တို့ ကြိုတင် လုပ်ထားတယ်။  တိုင်းနဲ့ပြည်နယ်က တက်လာမယ့် ညီလာခံကိုယ်စားလှယ် ၁,ဝဝဝ လောက် အတွက် သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ နာမည်တွေ၊ ပြည်နယ်နဲ့ တိုင်းတွေ အဲဒါတွေရဖို့ အန်ကယ်တို့ အတွက် လိုတယ်။ ဌာနချုပ် ကို ရောက်တော့ရောက်ပါတယ်။ သိပ်ဝေးတဲ့ နေရာတွေကိုတော့ မရောက်ကြဘူး။ ဒီမှာ အန်ကယ်တို့က ဖိတ်စာတွေ အပြင် လုံခြုံရေးအရ ဘားကုဒ်တွေ နဲ့ လုပ်ပေးဖို့ကြတော့ ဘားကုဒ် က ချက်ချင်းလုပ်လို့ မရဘူးလေ။ အန်ကယ်တို့ ဒီနေ့ နောက်ဆုံးထားပြီး စောင့်နေတယ်။ ဒါပေမယ့် အားလုံး မပြည့်စုံသေးဘူး။ ကျန်တဲ့ သူတွေကိုတော့ နောက်ထပ် နည်းလမ်း တစ်မျိုးနဲ့ လုပ်ပေးဖို့ ရှိပါတယ်။ ဒါကတော့ ဘောင်မကျိုးအောင် လုံခြုံရေးရှု ထောင့်က ပေါ့နော်။

မေး- ဗဟို အလုပ်အမှုဆောင် ရွေးချယ်မယ်လို့ သိရပါတယ်။ အဖွဲ့ဝင် ဘယ်နှစ်ဦးလောက် ရွေးချယ်မလဲ သိခွင့် ရပါရစေ။

ဖြေ- တိုင်းနှင့် ပြည်နယ် ၁၄ ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဒေသ၊ အဲဒါက ၆ ခုရှိတယ်။ အဲဒီကနေရွေးမှာ။ ပထမ ၈ ရက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးက ကိုယ့်တိုင်းအလိုက် ညှိနှိုင်းပြီး ကိုယ်စားလှယ်ရွေး၊ ဒုတိယနေ့ ရွေးထားတဲ့ လူတွေထဲက ဗဟို ကော်မတီရွေး၊ ရွေးပြီးမှ ဗဟိုအလုပ် အမှုဆောင် (CEC) ရွေးမှာပေါ့နော်။

မေး- မြန်မာပြည်တစ်ပြည်လုံးက ကိုယ်စားလှယ်တော်တော်များများ တက်ရောက်မယ်လို့ သိရပါတယ်။ ဒီညီလာခံမှာလည်း လွန်ခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်က ပေါ်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း လို စာတမ်းတစ်ခု ထွက်လာဖို့ ရှိပါသလား။

ဖြေ- အဲဒါက ဒီလိုရှိတယ်လေ။ ပါတီတစ်ခုရဲ့ မူဝါဒအရ ရှေ့သွားမယ့် လမ်းစဉ်တွေ၊ နိုင်ငံရေး အစီရင်ခံစာတွေ တင်မှာပဲလေ။ ပြီးခဲ့တဲ့ ရွှေဂုံတိုင် ကိစ္စနဲ့တော့ မတူဘူးပေါ့။ အခွင့်အာဏာ ချင်းရော၊ ကျင်းပပုံ ကျင်းပနည်းရော၊ အခုက အောက်ခြေကနေ ရွေးပြီး တင်ကြတာ။ အောက်ခြေကနေ မြို့နယ်၊ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ တိုင်း၊ တိုင်းကနေ ဗဟို ဆိုပြီး ကိုယ်စားလှယ် အဆင့်ဆင့် ရွေးတင်တာပေါ့။ ဒါက စနစ်တကျ လုပ်တာ။ ရွှေဂုံတိုင် ညီလာခံကတော့ ကိစ္စတစ်ခုပေါ်လာလို့ အရေးပေါ် ရှိတဲ့လူနဲ့ ဆုံးဖြတ်တာ၊ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ကလည်း နေအိမ်အကျယ်ချုပ် ဘဝရောက် နေတယ်။ အနှစ်သာရချင်းလည်း မတူ၊ အဓိပ္ပာယ်ချင်းလည်း မတူပါဘူး။ ရွှေဂုံတိုင် ညီလာခံတုန်းက ရှင်းရှင်းပြောရရင် ပြဿနာတစ်ခုနဲ့ လုပ်တဲ့ကိစ္စ ပေါ့။ အခုဟာကတော့ တိုင်းပြည်ပြန်လည်ထူထောင်ဖို့ အင် အားစုတာပဲ၊ တိုင်းပြည် ပြန်လည် ထူထောင်ဖို့ လူတော် လူကောင်းတွေ၊ ပညာတတ်တွေနဲ့ လုပ်ကြမယ်၊ လူမျိုး ကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး အတွက် လုပ်တဲ့အခါ အောက်ခြေက ရွေးမှ မှန်တာလေ။ ဒီမိုကရေစီနိုင်ငံမှာ အောက်ခြေက လုပ်မှ မှန်တာ၊ အပေါ်က မိုးကျရွှေကိုယ်တွေ နဲ့တော့ မတူဘူးလေ၊ အများကြီး ကွာပါတယ်။

မေး- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီညီလာခံမှာ နိုင်ငံရေး၊ စီးပွား ရေး မူဝါဒတွေ ချမှတ်ဦးမှာလား။

ဖြေ- ရှိပါတယ်။ နိုင်ငံရေးအစီရင်ခံ စာတင်မှာပါ။ အလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်လိုက်တဲ့ အဖွဲ့သစ်ကနေ နိုင်ငံရေး အစီရင်ခံစာတွေ တင်မယ်။ ဒါက လမ်းစဉ်မှာ ရှိရမယ့် မူဝါဒတွေပါ။

မေး- ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မူဝါဒ၊ စည်းရုံးရေး လုပ်ငန်းစဉ်တွေကော ချမှတ်ဖို့ ရှိပါသလား။

ဖြေ- တစ်ပြိုင်နက်တည်း အကုန်လုပ် သွားမှာ။ ၂ဝ၁၅ အတွက် ရည်စူးပြီး လုပ်တာတော့မဟုတ်ဘူး။ ၂ဝ၁၃ မှာ လည်း အန်ကယ်တို့ ပါတီအလုပ်တွေ  ရှိတာပဲ။ နိုင်ငံရေး အလုပ်တွေ၊ စည်းရုံးရေး အလုပ်တွေ လည်း ရှိတယ်။ ၂ဝ၁၄ မှာလည်း ရှိတယ်။ ၂ဝ၁၅ မှာလည်း ရှိတယ်။ သူ့အပိုင်းနဲ့ သူလုပ်သွားမယ့် ဆန္ဒတွေရှိတယ်။ အန်ကယ် တို့ ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့သလိုပဲ နိုင်ငံရေးဆိုတာ လုပ်ပိုင်ခွင့် အာဏာရဖို့ လုပ်တာ၊ နိုင်ငံရေး အာဏာ၊ လုပ်ပိုင်ခွင့်ရမှ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးခွင့်ရမယ်။ တိုင်း ပြည်ရဲ့ ကံကြမ္မာကို ဒီမိုကရေစီ စည်းမျဉ်းနဲ့ ဖော်ဆောင်ရမယ်။ အဲဒီတော့  နိုင်ငံရေး လမ်းကြောင်း မှန်ဖို့ လိုတယ်။ လူတော်လူကောင်း ပါဖို့ လိုတယ်။ ပြည်သူလူထုထောက်ခံဖို့လဲ လိုတယ်။ အဲဒါဆို ၂ဝ၁၅ ရွေးကောက်ပွဲမှာ ၁၉၉ဝ ခုနှစ်ကလို အလွယ်တကူ အောင်မြင်ဖို့ ယုံတယ်။

မေး- ညီလာခံရဲ့ ထူးခြားမှုကို ပြောပြပါဦး။

ဖြေ- နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ ပထမဆုံး အန်အယ်လ်ဒီက အဆင့် တန်းမီမီ လုပ်နိုင်တဲ့ ညီလာခံတစ်ခု။ အန်ကယ်တို့ လုပ်နေတဲ့ ပါတီဝင်တွေ လည်း အားလုံးညီညီညွတ်ညွတ်နဲ့ ကျွမ်းကျင်ရာ လိမ္မာ ဆိုတဲ့ အံဝင်ခွင်ကျတဲ့သူတွေ လုပ်နေတယ်။ ပြည်သူလူထု ဘက်ကလည်း ကူညီကြပါတယ်။

မေး- ဝမ်းသာ အားရစရာ သတင်းတွေ  ကြားရဦးမှာပေါ့နော်။

ဖြေ- ကြားရမှာပါ။ ကျွန်တော်တို့လည်း မီဒီယာကို အားကိုးပါတယ်။ တတ်နိုင်သလောက် မီဒီယာတွေကို ဖိတ်ထား ပါတယ်။ နေရာအခက်အခဲ ကြောင့် အများကြီး မဖိတ်နိုင်တာပါ။ တစ်ခုပြောချင် တာတော့ အရေးကြီးရင်  ကြီးသလို ကြားဖြတ် ဖိတ်ပေးပါ့မယ်။ သတင်းစာ ရှင်းလင်းပွဲတွေ သတင်း ထုတ်ပြန်မှုတွေ လုပ်ပေး ပါ့မယ်။

မေး- ဦးစိုးညွှန့် အနေနဲ့ ဘာပြောချင်တာများ ရှိပါသေးလဲ။

ဖြေ- ဒီလောက် ကြီးကျယ် ခမ်းနားတဲ့  သမိုင်းဝင် အခမ်းအနားကြီးကို လုပ်ခွင့် ရတဲ့အတွက် ဒေါ်အောင်ဆန်း စုကြည်ကို အများကြီး ကျေးဇူးတင်ပါတယ်။ အစ်မက ယုံကြည်လို့ တာဝန်ပေးတာကို ပြည့်ပြည့်စုံစုံ ခမ်းခမ်း နားနား လုပ်ပေးပါ့မယ်။

ဝ၈၆

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*