ခေါင်းကြီးသတင်း နိုင်ငံတကာသတင်း — ဂိုအာ၊ အောက်တိုဘာ ၁၆၊ ၂၀၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံ တော်ချိန် ညနေ ၄ နာရီတွင် Hotel Leela ၌ ကျင်းပသည့် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေး (BIMSTEC Retreat) သို့ တက်ရောက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ အကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် အစည်းအဝေးသို့ တက်ရောက် လာကြသည့် အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံ အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အစည်းအဝေးကို ကျင်းပသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Hotel Leela Lawns ၌ ကျင်းပသည့် BRICS and BIMSTEC Leader’s Outreach Summit သို့ တက်ရောက်သည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်က တည်ခင်း ဧည့်ခံသည့် BRICS and BIMSTEC Leader’s Outreach Summit ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

ယခုကျင်းပသည့် BRICS and BIMSTEC Leader’s Outreach Summit အစည်းအဝေးသည် BRICS အဖွဲ့ဝင်နိုင်ငံများနှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း၍ ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေး ဖြစ်သည်။ BRICS အဖွဲ့ကို ၂၀၀၉ ခုနှစ် ဇွန် ၁၆ ရက်တွင် ရုရှားနိုင်ငံ၌ စတင် ဖွဲ့စည်းခဲ့ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံတို့ ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဘင်းမ်စတက် အဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန် ၆ ရက်တွင် ဗန်ကောက် ကြေညာ စာတမ်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (BISTEC)အဖြစ် စတင် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့သို့ ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံက လည်းကောင်း၊ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်ထိ ထိုင်းနိုင်ငံ ဖူးခက်မြို့၌ ကျင်းပသည့် ဆဋ္ဌမအကြိမ် ဘင်းမ်စတက် ဝန်ကြီးအဆင့် အစည်းအဝေးတွင် ဘူတန်နိုင်ငံနှင့် နီပေါနိုင်ငံတို့က လည်းကောင်း အဖွဲ့ဝင်နိုင်ငံများ အဖြစ် ပါဝင်ခဲ့ကြသည်။

၂၀၀၄ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ထိပ်သီး အစည်းအဝေးတွင် အဖွဲ့၏ အမည်ကို ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက် ပြုမှု အစီအစဉ် (Bay of Bengal Initiatives for Multi-Sectoral Technical and Economic Cooperation – BIMSTEC) ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ အဖွဲ့ စတင်ဖွဲ့စည်းသည့် ဇွန် ၆ ရက်ကို ဘင်းမ်စတက်နေ့အဖြစ် သတ်မှတ်ထားရှိသည်။

သတင်း၊ ဓါတ်ပုံ – Myanmar State Counsellor Office : Facebook

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*