တွေ့ဆုံ​မေးမြန်းခြင်း — အောက်တိုဘာ ၂၇၊ ၂၀၁၆


ပြီးခဲ့သည့် ရက်ပိုင်းက ပြည်ထဲရေး ဝန်ကြီးဌာန၏ ရှုံချည်၊ နှပ်ချည် အလုပ်ဖြစ်သည့် ဌာန ၅ ခုကို ဝန်ကြီးဌာန လက်အောက်သို့ အထုတ်အသွင်း ကိစ္စသည် နိုင်ငံရေး လေ့လာသုံးသပ်သူများ အကြား ဂယက်ရိုက်ခတ်ပြီး ဝေဖန် ဆွေးနွေးရန် ကိစ္စရပ်တစ်ခု ဖြစ်နေသည်။

အဆိုပါ ကိစ္စရပ်နှင့် ပါတ်သက်ပြီး ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးအသင်း အမှုဆောင် ဒါရိုက်တာ နိုင်ငံရေးသိပ္ပံနှင့် စစ်ဘက်၊ အရပဘက် ဆက်ဆံရေး ဘာသာရပ် ကျွမ်းကျင်သူ ဒေါက်တာ တေဇာဆန်းနှင့် ဆက်သွယ် မေးမြန်းသည်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထဲရေးကနေပြီး ဌာန ၅ခု ကို သူတို့ရဲ့ လက်အောက်ကို ပြန်ထည့်လိုက်တယ်။ မူလ ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်တယ် ဆိုတာမျိုးပေါ့။ အဲဒါတွေက ဘာကြောင့် ဖြစ်လာတယ်လို့ ထင်လဲရှင့်။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရင် ကျွန်တော်တို့လည်း လူမှုကွန်ရက်ကပဲ သိရတာပေါ့ဗျာ။ နဂိုအစက အဲ့ဒီပြည်ထဲရေး ဌာနမှာရှိတဲ့ ဦးစီးဌာနတွေကို အချို့ကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးတွေအောက်မှာ လုပ်ခွင့်ပေးလိုက်တယ် လို့ကြားတယ် ကြားတယ် ဆိုပေမယ့် ဌာနတွင်းစာပေါ့ဗျာ။ ဒါပေမယ့် မကြာဘူးရက် သတ္တပတ်အတွင်း မှာပဲ။ အဲ့ဒါတွေပေးတာ မဟုတ်တော့ဘူး ဆိုပြီး မူလအတိုင်းဘဲ ပြည်ထဲရေး ဌာနအောက်ကို ပြန်ရွေ့ပါတယ် ဖြစ်သွားပြန်ရော၊ အဲ့ဒီတော့ကျွန် တော်ထင်တယ်ဗျ၊ ဗဟိုစိုးရအဖွဲ့ အတွင်းမှာ Cabinet အစည်းအဝေးက ဖြစ်စေ သူတို့ရဲ့ဟာတွေ ပေါက်ထွက်တာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။

သို့သော် သေချာတာ ကတော့ ဖြစ်သင့်ဖြစ်ထိုက် တာကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားအရ ဆိုရင် သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ် အစိုးရရဲ့လုပ်ပိုင်ခွင့် အာဏာတွေကို ပိုပြီးပေးရလိမ့်မယ်။ ဒါ့ကြောင့် ခုနက ရဲတပ်ဖွဲ့ အပါအဝင် ဦးစီးဌာနတွေကို တိုင်းနဲ့ပြည်နယ် အစိုးရတွေအောက် ထားခြင်းသည် ပိုပြီးဖြစ်သင့် ဖြစ်ထိုက်တယ်လို့ ယူဆတယ်။

အဲဒီလိုထားဖို့ ဆိုတာ သူတို့ကိုးကားသွားတဲ့ တချို့ဥပဒေတွေ ရှိတယ်လေ။ ဘယ် ဥပဒေ ဘယ်ဥပဒေအရ အစိုးရအဖွဲ့ ဥပဒေ ဖွဲ့စည်းပုံ အခြေခံဥပဒေ စသဖြင့် ဥပဒေနဲ့မညီဘူး ဆိုတာဘဲ ဥပဒေ ဆိုတာကတော့ ကျွန်တော့်အထင် ဒါလူကလုပ်တာဘဲလေ။ အစိုးရအဖွဲ့ ဥပဒေကလည်း ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ကပြဌာန်း ထားတဲ့ ဥပဒေပဲ။

ဥပဒေနဲ့ တကယ်မညီခဲ့တာ ဆိုရင်လည်း ဒီဥပဒေကိုပြင်ဖို့ မစဉ်းစား ထိုက်ဘူးလားလို့ ကျွန်တော်က တဖက်က ပြန်တွေးချင်တယ်လေ။ ဘာလို့ဆိုတော့ ခင်ဗျားတို့ ကျွန်တော်သိတဲ့ အတိုင်းပဲ ကျွန်တော် တို့နိုင်ငံက တစ်နိုင်ငံလုံးကရော ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပါ ဖက်ဒရယ်စနစ်ကို သွားမယ်လို့ အားလုံး ပြောပြီးသား၊ အခု ၂၁ ရာစုပင်လုံ ညီလာခံလုပ်နေတဲ့ ကာလဘဲ ဒီချိန်မှာ တိုင်းနဲ့ပြည်နယ် အစိုးရတွေက လုပ်ပိုင်ခွင့်အာဏာကို ပို၍ပို၍သာ ပေးသင့်တယ်လေ၊ အဲ့ဒီအတွက် ပြည်ထဲရေး ဝန်ကြီးအောက် မှာရှိတဲ့ ဦးစီးဌာနအချို့ကို ဒီတိုင်းနဲ့ပြည်နယ် အစိုးရအောက် ရှိဖို့ ဆိုတာ ကျွန်တော်ထင်တယ်အခုသူတို့ ကြိုးစားတယ် ဖြစ်မလာဘူးပေါ့ သို့သော် ဒါနဲ့ပြီးမသွားဘဲ ရှေ့ဆက်ပြီး တိုက်တွန်းရမယ့် ကိစ္စ၊ တစ်နည်းပြောရင် လုပ်ကိုလုပ်ရမယ့် ကိစ္စလို့ ယူဆတယ်ဗျ၊ ကျွန်တော်တို့ အပြင်ပိုင်းက ဒီလောက်ဘဲ သိနိုင်တယ် အတွင်းပိုင်းမှာ ဘယ်လို ဘယ်လိုဖြစ် နေလဲဆိုတာ အဲ့ဒီလောက်တော့ မသိဘူးပေါ့ဗျာ။

မေး ။ ။ ပြည်ထဲရေးကတော့ ပထမသူတို့ရဲ့ လုပ်ဆောင်ချက်ဟာ အခြေခံဥပဒေနဲ့ မညီညွတ်လို့ ပြန်ပြီးပြင်တယ် ပြောတယ်။ အဲဒီပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ ။ ။ အဲ့ဒါကတော့ ကျွန်တော်ငြင်းချင်တယ် ဘာလို့လဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဝန်ကြီးဌာန တစ်ခုချင်းမှာရှိတဲ့ ဦးစီးဌာနတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဘာမှမပါဘူး၊ ပါတာက ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေက တပ်မတော်က ခန့်အပ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ရမယ်ဘဲ ပါတယ်လို့ မှတ်သားမိတယ်။ အဲ့ဒီဝန်ကြီးဌာန အောက်မှာရှိတဲ့ ဦးစီးဌာနတွေ ထာပါတော့ ထွေအုပ်၊ ပြည်ထဲရေး စသဖြင့် ဒါတွေကိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်လို ရှိရမလဲဆိုတာ မပါဘူး။ ကျွန်တော်မှတ်မိတာ တစ်ခုကတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အလိုက် အထွေထွေ အုပ်ချုပ်ရေးဌာနရဲ့ ခေါင်းဆောင်တွေက သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရရဲ့ အတွင်းရေးမှူးတေ ဖြစ်ရမယ်ဒါဘဲပါတယ်ဗျ။ ဆိုလိုတာက ထွေအုပ်တွေက ဗဟိုအစိုးရ လက်အောက်မှာဘဲ ရှိရမယ်။ ဒါမျိုးတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုက်ရိုက် ရေးသားသုံးနှုန်းထားတာ မတွေ့ဘူး။ အဲ့ဒီလိုဘဲ လေ့လာဖူးပါတယ် ခင်ဗျ။ ဒါကတော့ ဖွဲ့စည်းပုံဥပဒေပေါ့နော်၊ ခုန သူတို့ကိုးကားသွားတဲ့ဟာက အစိုးရအဖွဲ့ ဥပဒေနဲ့ ကိုးကားသွားတာ။ အဲ့ဒီ အစိုးရအဖွဲ့ ဥပဒေတွေက အတားအဆီး ဖြစ်နေတယ် ဆိုရင် ဒါတွေဘယ်လို ပြင်ကြမလဲ ဘယ်လိုပြောင်းကြမလဲ ဒီလိုဘဲ စဉ်းစားသင့်တယ်လို့ ယူဆပါတယ်။

မေး ။ ။ ဒီဌာနတွေကို တပ်က ထိန်းချုပ်ထားတာက ဒီမိုကရေစီစနစ်ကို အခက်အခဲ ဖြစ်စေနိုင်တယ်လို့ ပြောကြတယ်။ ဆရာ့အမြင်ရောရှင့်။

ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှု စနစ်ယန္တရားကို လေ့လာကြည့်မယ် ဆိုရင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တကယ့် ကျောရိုးမဏ္ဏိုင်ကြီးဘဲ ခင်ဗျ၊ အဲ့ဒါ ကြောင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာန အောက်မှာ ရောက်နေတယ် အဲ့တော့ အားလုံးသိတဲ့အတိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ တပ်မတော်သား ပေါ့ဗျာ အဲ့လိုဖြစ်နေတယ် အသွင်သဏ္ဏန်အရရော အနှစ်သာရအားဖြင့် ပြောမယ်ဆို တစ်နိုင်ငံလုံးရဲ့ အုပ်ချုပ်ရေး ကျောရိုးမဏ္ဏိုင်ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက် ရောက်နေတယ် ဆိုတဲ့မေးတဲ့မေးခွန်းရဲ့ သဘောအတိုင်း ဆောင်နေတာပေါ့။

ကျွန်တော်တို့ ဖြစ်စေချင်တာလည်းဘဲ အထွေထွေ အုပ်ချုပ်ရေးရော ဦးစီးဌာနကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရအောက် မှာ ထားမှာလား ဒါမှမဟုတ် သမ္မတရုံးအောက်မှာဘဲ ထားမှာလား ဒါမျိုးပေါ့ တချို့ ဥပဒေပညာရှင်တေ သုံးသပ်တာ ဖတ်ရမယ်ဆိုရင် အထွေထွေ အုပ်ချုပ်ရေး ဌာနကို အသွင်သဏ္ဏန် ပြောင်းသင့်တယ်လို့ သုံးသပ် ဝေဖန်ကြတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ဒီလက်ရှိ ပုံသဏ္ဏန်မျိုးနဲ့ အုပ်ချုပ်နေတာ။ ဟုတ်တယ် ဒီမိုကရေစီ သွားတဲ့နေရာ တစ်နည်းပြောရင် ကျွန်တော်ကတော့ ဖက်ဒရယ် စနစ်ကိုသွားတဲ့ နေရာမှာ အခက်အခဲ အတားအဆီး ဖြစ်နေတယ် အဲ့လိုဘဲ ယူဆပါတယ။် အဲ့လိုဘဲယုံကြည်ပါတယ်။ သူတို့ကို လုပ်ပိုင်ခွင့် ပေးလိုက်တဲ့ ကာလ သိပ်မကြာလိုက်ဘူးလေ ဒီတစ်လလောက်ဘဲ ရှိမယ်။ တစ်လကျော်ကျော် နှစ်လပေါ့ အဲ့ဒီအတွင်းမှာ ပြန်ပြီး တော့ ယူသွားတယ်။ ကျွန်တော်ထင်တယ် ဒီကိစ္စက ဒီလောက်နဲ့ပြီးမှာ မဟုတ်ဘူး။ ပြည်ထောင်စု အစိုးရတွင်းရော တိုင်းဒေသကြီး အစိုးရအတွင်းရော ပြန်လည်ချိတ်ဆက် ညှိနှိုင်းနေမယ်လို့ အဲ့လိုဘဲ ယူဆတယ်။

အဲ့လိုသတင်းတွေ ကြားနေရတယ်ပေါ့နော်။ ဒါ့ကြောင့် ဒီကိစ္စကတော့ဖြင့် သူတို့ပြန်ပြီး ညွှန်ကြားစာနဲ့ဘဲ အမိန့်ထုတ်လိုက်တယ် ဒီလောက်နဲ့ဘဲ ပြီးမသွားနိုင်ဘူး။ ရှေ့ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက် နေကြလိမ့်မယ်လို့ ဒီလိုဘဲ ယူဆပါတယ်ဗျ။

မေး ။ ။ တပ်မတော် အနေနဲ့ အစိုးရသစ်ကို မယုံကြည်သေးတဲ့ သဘောလို့ ယူဆရမလား။

ဖြေ ။ ။ အခုလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် ဟုတ်တယ် ပြည်ထဲရေး ဝန်ကြီးဌာန တစ်နည်းပြောရရင် တပ်မတော် ပေါ့ဗျာ တပ်မတော်အနေနဲ့ လက်ရှိ ဒီမိုကရေစီ နည်းအရ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရအပေါ်မှာ ရာနှုန်းပြည့် ပူးပေါင်းဆောင်ရွက်မှု ပိုင်းမှာ အားနည်းနေသေးတယ်။ အပြန်အလှန် ယုံကြည်မှု ရာနှုန်းပြည့် မရသေးဘူး ဆိုတာကိုတော့ ကောက်ချက်ချလို့ ရနိုင်တာပေါ့။ သို့သော်လည်း သေချာတာက ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး ကလည်းရှိ နေတယ်။

၂၁ရာစု ပင်လုံညီလာခံ အဲ့လိုသွားနေတယ်။ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အပြန်အလှန် စေ့စပ် ညှိနှိုင်း ဆွေးနွေးတဲ့ နည်းနဲ့ဘဲ သွားမယ်ဆိုတော့ ကျွန်တော်တို့ တချိန်မှာတော့ဖြင့် အပြန်အလှန် ယုံကြည်မှု နားလည်မှု ရလာရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီ ပန်းတိုင် ဖက်ဒရယ် ပန်းတိုင်ကတော့ဖြင့် ရလာမယ် လို့ ယုံကြည်ပါတယ်ဗျ။

မေး ။ ။ NLD အနေနဲ့ရော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဘာစိန်ခေါ်မှုတွေ ကြုံရဦးမလဲ။

ဖြေ။ ။ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆိုရင် ပြီးခဲ့တဲ့ NLD ပါတီအနေနဲ့ အတိုက်အခံ ဘဝတည်းက ၄၃၆ ကမ်ပိန်းဆိုပြီး လွှတ်တော်ပြင်ပ လူထုလက်မှတ်ထိုး ထောက်ခံတဲ့ လူထုလှုပ်ရှားမှုနဲ့ ကြိုးပမ်းကြည့်ခဲ့တယ် အဲ့တော့ လက်မှတ်ပေါင်း များစွာ ရခဲ့တယ်။ ဒါဟာ ကမ္ဘာပေါ်မှာ စံချိန်တင်ပါတယ်အဲ့လောက် လက်မှတ်ရခဲ့တာ ၄၃၆ ပြင် ဖို့ ဒါလဲ မအောင်မြင်ခဲ့ဘူးပေါ့။

အဲ့တော့ လွှတ်တော်ထဲမှာ ပြင်ဖို့ဆိုပြီး အဲ့ကာလတွေက အဆိုတွေ တင်တယ် မအောင်မြင်ခဲ့ဘူး သို့သော် ကျွန် တော်တို့ ဘယ်လို စဉ်းစားမိလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ကို ငြိမ်းချမ်းရေးဖြစ်စဉ် ၂၁ ရာစုပင်လုံညီလာခံဆိုတဲ့ငြိမ်းချမ်းရေးဖြစ်စဉ် NCA ပေါ့ဗျာ သွားမယ်ဆို တချိန်မဟုတ် တချိန်လုပ်ကိုလုပ်ရမှာဘဲ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ရင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဘယ် လိုမှ မရနိုင်ဘူးလို့ ယုံကြည်တယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ငြိမ်းချမ်းရေး တစ်နေရာ ရောက်ပြီဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တာ လုပ်ကိုလုပ်ရမယ့် ကိစ္စ။ အဲ့တော့ အဲ့အချိန်ရောက်ရင် တပ်မတော် ခေါင်းဆောင်တွေရော ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်တဲ့ ပြည်နယ်ခေါင်းဆောင်၊ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေ အားလုံး ဖွဲ့စည်းပုံ ဥပဒေ ဆွေးနွေးတာ မလွှဲသာမရှောင်သာ လုပ်ရမယ့်ကိစ္စလို့ ယုံကြည်ပါတယ်။ အဲ့တော့ လွှတ်တော်ထဲက ဆွေးနွေးမှုက ၇၆% ရဖို့က မဖြစ်နိုင်ဘူးလေ။ ရွေးကောက်ပွဲလုပ်တာ တောင် ၇၅% ဘဲ လုပ်တာ တပ်မတော်က သဘောမတူဘဲ လွှတ်တော် လမ်းကြောင်းက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမှာ ငြိမ်းချမ်းရေးဖြစ်စဉ်က ပြင်ဆင်ဖို့ အလားအလာရှိတယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဖြစ်ချိန်နဲ့ တိုက်ဆိုင်သွားတဲ့ ဒီလုပ်ရပ်ကို အချို့က သံသယ ဖြစ်နေတယ်။ ဆရာ့အမြင်ကရောရှင့်။

ဖြေ ။ ။ အဲ့ဒါကလည်း တိုက်ဆိုင်မှုက အဲ့လိုဖြစ်သွားတယ်။ ဒါကလည်း စဉ်းစားစရာဘဲ ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို ခရီးထွက်နေတဲ့ အချိန်မှာ အဲ့လိုမျိုးထွက်လာတာ တိုက်ဆိုင်မှုလား ကြုံကြိုက်မှုလား ဒါကလည်း စဉ်းစားစရာဘဲပေါ့ သူတို့အတွင်း ကြားမှာတော့ အာဏာကို အနည်းငယ် ပွတ်တိုက်မှုကိစ္စ အနည်းငယ် ရှိကောင်းရှိနိုင်ပါတယ်။

မေး ။ ။ အရပ်သား စင်စစ် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ဖြစ်ဖို့ ဘာတွေ ပြုပြင်ပြောင်းလဲရမလဲ။

ဖြေ ။ ။ အဓိကကပြောရရင်ဖွဲ့စည်းပုံ အခြေခံဥပဒေပါဘဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကတော့ ဘယ်လိုမှ အရပ်သားစစ်စစ် အုပ်ချုပ်ရေးစနစ် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အားလုံးလည်း သိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေါင်ပြင်နိုင် မှသာ၊ ကျွန်တော်တို့ အိမ်မက်မက် နေတဲ့ အရပ်သား စစ်စစ် ဒီမိုကရေစီ ဖက်ဒရယ်စံနှုန်းက ရမယ်။ နောက်တစ်ခုက ပြည်တွင်းစစ်ပေါ့။

စစ်ရှိနေသ၍ လက်နက်ကိုင် အင်အားစုတွေက အင်အားကြီးနေမှာဘဲလေ။ လက်နက်ရှိတဲ့ သူက အသာရ လက် နက်ရှိတဲ့သူက အစိုးရ ဆိုရင် ဒါကလည်း အရပ်သား စစ်စစ် ဒီမိုကရေစီ အုပ်ချုပ်ရေး မဖြစ်နိုင်ဘူးလေ။

မေး ။ ။ တိုင်းရင်းသား အချို့က ပြည်နယ်တောင်းတာတွေ ကရော အစိုးရသစ်ကို ဘာတွေ အကျပ်ရိုက်စေမလဲ။

ဖြေ ။ ။ ကျွန်တော်တို့လည်း အားလုံး သတိထားမိလိုက်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ တချို့တိုင်းရင်းသား ညီကိုမောင်နှမ အချို့က နေရာသစ် ပြည်နယ်သစ် တောင်းဆိုကြတယ်။ ဒါလည်းဘဲ သူတို့ရဲ့လိုလားချက်ပေါ့။ အရင်တုန်းကဆို ပြောခွင့်တောင် မရှိပါဘူး၊ တောင်းဆိုတာကိုလည်း သေချာတာကတော့ ရော့အင့်ဆိုပြီးပေးပိုင်ခွင့် ဘယ်သူမှာမှ မရှိဘူး။ ငြင်းပိုင်ခွင့်လဲ မရှိဘူးပေါ့။

တချို့အရာတွေဆို ဘယ်သူမှာမှ မရှိဘဲ တနိုင်ငံလုံးရဲ့ သဘောထား ဆန္ဒခံယူပွဲ လုပ်ပြီးမှသာ ပေးလို့ရတဲ့ ကိစ္စတွေပါ။ ဒီကိစ္စကြီးက အင်မတန် ကြီးမားကျယ်ပြန့်တဲ့ ကိစ္စပါ။ ပေးနိုင်မပေးနိုင်ကို ချက်ချင်းပြောလို့ ရကောင်းတဲ့ အရာတွေ မဟုတ်ဘူး။ သက်ဆိုင်ရာ ပါဝင်တဲ့သူအားလုံး ဆွေးနွေးကြရမယ်၊ လိုအပ်ရင် ပြည်သူတွေရဲ့ ဆန္ဒခံယူရမယ့်ကိစ္စ။

မေး ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပါဦးရှင့်။

ဖြေ ။ ။ အရေးကြီးတဲ့ ပြဿနာ နှစ်ခု ကျွန်တော်တို့ ဖြေရှင်းရဖို့ ရှိနေတယ်။ ကျွန်တော်တို့ နိုင်င ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်နေတယ်။ နှစ်ပေါင်း ၆၀ ပြည်တွင်းစစ်၊ လောလောဆယ်လည်း ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်က တော်တော် ခေါင်းထောင်လာနေပြီ။

အဲဒီလိုပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ဆိုတဲ့ ဘယ်လိုမှ ဒီမိုကရေစီနဲ့ မပြည့်မှီတဲ့အတွက် အဓိက ဖြေရှင်းရမယ့် ပြဿ နာပါလို့ ပြောချင်တယ်။

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*