ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၂၆၊ ၂၀၁၂

နှစ်ပေါင်း ၂ဝကျော်အတွင်း ၂ဝ၁၂ မတ်လ ၃ဝ  တွင်ကျင်းပမည့် ပထမဦးဆုံးအကြိမ် သံချပ်တိုင်ပွဲသည် တိုင်းအဆင့်တွင်အကျပ်အတည်းဖြစ်နေသည်ဟု ပွဲစီစဉ်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။ယင်းသံချပ်တိုင်ပွဲကို တစ်ခါက မဟာရန်ကုန်သင်္ကြန်ညများ ရန်ပုံငွေအဖြစ် ဒါရိုက်တာမောင်သီနှင့် Regent Business Academy  ကကျောင်းသား၊ကျောင်းသူများ ပူးပေါင်းစီစဉ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းသံချပ်တိုင်ပွဲ၏ ခွင့်ပြုချက်ကို မြို့နယ်၊ ခရိုင်၊ အထွေထွေအုပ်ချုပ်ရေး နှင့် ဂီတအစည်းအရုံးတို့မှ ခွင့်ပြုချက်ရထားပြီး တိုင်းအဆင့်တွင် အခက်အခဲရှိနေ သည်ဟု ယင်းပွဲကို စီစဉ်သူကပြောခဲ့သည်။ ယင်းအခက် အခဲနှင့်ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့် က မေးရာ ““သံချပ်ဆိုတဲ့ဟာမျိုး ကို နည်းနည်းလေး point (ထောက်ပြ)လုပ်ချင်တာပေါ့။ သံချပ်နဲ့နိုင်ငံရေးတွဲနေမယ် ဆိုတဲ့ဟာမျိုးဖြစ်မယ်ထင်တယ်”” ဟု ယင်းပွဲစီစဉ်သူက​ဆက်လက်ပြောခဲ့သည်။ ထို့အပြင်ခွင့်ပြုအမိန့်နှင့်ပတ်သက်၍ တိုင်းအဆင့်တွင် ပွဲလုပ်ခွင့်ပါမစ်မရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းရာ​​ ပြောပိုင်ခွင့်မရှိဟုသာ​ပြန်၍ပြောခဲ့ကြောင်း ပွဲစီစဉ်သူကထပ်မံပြောကြားသည်။

မကြာသေးခင်ကမြန်မာနိုင်ငံအတွင်းမှ ရုပ်သံလွှင့်ဌာနတစ်ခုက တိုက်ရိုက်ပြသသော ရွှေဂန္တဝင်ပွဲတွင် အရိုင်းနှင့်ကုသိုလ်က မတ် ၃ဝနေ့တွင်​ ဖျော်ဖြေမည့် သံ ချပ်အနည်းငယ်ကိုရွတ်ပြသောအခါ ပရိတ်သတ်များသာမက နေပြည်တော်မှကြည့်နေကြသော သက်ဆိုင်ရာမှ ပုဂ္ဂိုလ်တစ်ချို့က သဘောကျကြောင်း၊ နိုင်ငံရေးနှင့် ညှိစွန်းခြင်းမရှိပါက ခွင့်ပြုနိုင်ကြောင်းပြောခဲ့၍ သံချပ်တိုက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးစားခဲ့ကြသည်ဟု ပွဲစီစဉ်သူတစ်ဦးက ထပ်လောင်းပြောခဲ့သည်။ ထို့အပြင် ပွဲတွင်ကပြဖျော်ဖြေမည့်ကျောင်းသူ ““နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး၊ မိဘမဲ့ကလေးတွေကို လှူချင်လို့ပါ””ဟု ယင်း၏ခံစားချက်ကိုထုတ်ဖော်ပြောပြခဲ့သည်။

တစ်ချိန်က သင်္ကြန်မင်းသားဟုပင် တင်စားခေါ်ဝေါ်ခံခဲ့ရသော ကုသိုလ်ကလည်း ယင်းပွဲကို ““မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်သွားမယ်””​ဟု ပြောခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ကိုယ်စားပြုတစ်သီးပုဂ္ဂလက အမတ်လောင်း ဦးဝင်းချိုကလည်း ““သင်္ကြန်ရောက်ရင် သံချပ်တွေကို လွှတ်တော်က တရားဝင်ခွင့်ပြုချက်ရဖို့ ပြန်တောင်းဆိုမယ်၊ ကြိုးစားမယ်””ဟု လွှတ်တော်တွင်းသို့​ ရောက်ရှိခဲ့ပါက ထိုကဲ့သို့အဆိုတင်သွင်းမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ပွဲစီစဉ်ကြီးကြပ်သူတစ်ဦးမှ ပြောခဲ့သည်။

တစ်ခါက မဟာရန်ကုန်သင်္ကြန်ညများ၊ ရန်ပုံငွေ သံချပ်တိုင်ပွဲတွင် သံချပ်အဖွဲ့ ၄ ဖွဲ့ပါဝင်မည်ဖြစ်သည် ဟုသိရသည်။  မောင်မောင်မြင့်သိန်း(ခေါ်)​ကုသိုလ်က ““ပြီးပါပြီ””အဖွဲ့၊ ခင်မောင်မြင့်(ခေါ်)မေတ္တာက ““ပြည်သူ့တရားရှင်””အဖွဲ့၊ မောင်မောင်မြင့်အောင်(ခေါ်) ဒိုးဒိုးဒေါက်ဒေါက်အဖွဲ့၊​​  အောင်သန်းဦး(ခေါ်)အရိုင်း၊  ​““မကောင်းသူထိပ် ကောင်းသူထိပ်””အဖွဲ့တို့ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ တစ်ဖွဲ့ကို ၄၅ မိနစ်ခန့်​ကြာမြင့်ပြီး ​အဖွဲ့တစ်ဖွဲ့တွင်အဖွဲ့ဝင်၂ဝ ဝန်းကျင်ခန့် ပါဝင်သွားမည်ဟု သိရသည်။ အဆိုပါပွဲတွင်ဦးကြေးမုံ၏ တပည့်တစ်ဦးပါ ပါဝင်ပူးပေါင်း​ တင်ဆက်သွားမည်ဟု သိရသည်။

ယင်းဖျော်ဖြေပွဲမှ ရရှိသောငွေများကို AIDSရောဂါဝေဒနာရှင်များ၊ မိဘမဲ့ကျောင်းများ၊ စိတ်ဝေဒနာရှင်များ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ ကျန်းမာရေး စောင့်ရှောက်မှုဂေဟာများ၊ ပညာရေးဆိုင်ရာကိစ္စရပ်များတွင် ပေးအပ်လှူဒါန်းသွားမည်ဟု သိရသည်။

ရန်ပုံငွေပွဲမှာ တစ်ခါကမဟာရန်ကုန်သင်္ကြန်ညများ Regent Business Academy မှ ကျောင်းသားအားလုံးအပြင်၊ အခြား​သင်တန်း​  ကျောင်းသူ/သားများ ပါဝင်ဆင်နွဲသောဒုတိယပွဲဖြစ်သည်ဟု သိရသည်။ ၂ဝ၁၁ မတ်လတွင် ကျိုက်ထိုမြို့၊ ဆိတ်ဖူးတောင် ပရဟိတဂေဟာတွင် ပထမအကြိမ်ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

၀၀၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.