ခေတ်သစ်သင်ပုန်းကြီး၊ သတင်းမှတ်တမ်းများ


အလယ်ပိုင်းမှာ ငလျင် လှုပ်၊ ရထားတွဲ မှောက်၊ မီးလောင်
အနောက်ပိုင်းမှာ လူစုလူဝေးပဋိပက္ခကနေ လက်နက်ကိုင်ခုခံမှုထိ ဖြစ်လာ
မြောက်ပိုင်းမှာလည်း ကျည်သံရော၊ ဆက်ကြေးသံပါ ဆူဆူညံနေ
သေသူတွေ သေကြ၊ ကြေသူတွေ ကြေကြ
အဆုံးမတော့ နိုင်ငံသားများဘဝကား ဒုံရင်းဒုံရင်း
မြို့ကြီးပြကြီးမှာ အနံကြီးကွင်းကျယ်များက ဖွဲ့စည်းသည့်
သဘာဝဘေးဒဏ်ကြုံရသူများ
ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဆိုသည်မှာလည်း
ဘယ်ချောင်မှာ အိပ်ပျော်နေသည် မသိ
ကပ်ဘေးတစ်ခု ဖြစ်လျှင် တစ်ဖွဲ့ ပေါ်
နောက်တစ်ခုဖြစ်လျှင် ထိုတစ်ဖွဲ့ ပျောက်
နောက်တစ်ဖွဲ့ ရောက်ဆိုသလို
အကူအညီပေးရေးအဖွဲ့အချို့လည်း ခါတော်မီ၊ ပေါက္ခရဝဿ [...]


ကမ္ဘာ့ရာဇဝတ်ဂိုဏ်းများ၏ အပြုအမူအတိုင်း
ခေတ်မီသော မြန်မာနိုင်ငံသားအချို့က
ပြုမူကျင့်ကြံလာကြသည်မှာ
မင်းမဲ့စရိုက်အလား လက်ဖျားခါ ကြက်သီးထစရာ
ငတ်သူတွေ ငတ်နေချိန်မှာ
ကားပြိုင်မောင်းကြ၊ လူသတ်ကြ
တရားခံများက ရာဇဝင် လူဆိုးများ မဟုတ်ဘဲ
မိ မဆုံးမ ဖ မဆုံးမ လူ့မလိုင် မျိုးဆက်များ ဖြစ်နေရကား
အုပ်ချုပ်ရေး မဏ္ဍိုင်သမားများလည်း
ထိုကားပေါ်က ကလေကချေများအား
အရေးယူရေး အခက်ကြုံ
ပြောမယုံ ကြုံဖူးမှ သိ
ထူးထွေတည့် အံ့ရာသော်။ [...]


ဝါလကင်းလွတ် သီတင်းကျွတ်ချေပြီ။
ဆီမီးကား မမြိုင်၊ လျှပ်စစ်မီးကား ဖျောက်ဆိပ်
သို့သော် ဟုန်းဟုန်းတောက်နေသော မီးများ ရှိနေ၏။
ဗြဟ္မစိုရ်တရားလေးပါး ပြာကျသွားသည်။
လူသားချင်းစာနာထောက်ထားမှု မီးသွေးခဲဖြစ်သွားသည်။
မီးမွှေးသူများလည်း မရှား
လောင်စာများလည်း အဆင်သင့်
မြေပေါ်မြေအောက် အဆင်းချောက်တွန်းမည့်သူများ
ပြည်တွင်းပြည်ပ အတင်းလျှောက်ဝေသူများလည်း
မနည်းမနော၊ အံ့ကြီးပင်ဩရ၏။ [...]


ကွန်နက်ရှင်မကောင်းသဖြင့် တမလွန်မပြောင်းမီမှာ
ဒေါင်းထားတာလေး ဆက်သိမ်းပေးရန် မှာရမတတ်
အင်တာနက်ခက်သည့်အရပ်မှ
မြန်မာနိုင်ငံသားများက
စည်းလုံးခြင်းသည် အင်အား ဆိုစကားအတိုင်း
အွန်လိုင်းမဲကို တဒိုင်းဒိုင်း ကလစ်ခေါက်ကြသဖြင့်
မြန်မာ့လုံမလည်း ဆုမလွဲတော့ပေ။
ကမ္ဘာ့လူထုလည်း မြန်မာ့ဇွဲကို အံ့လောက်၏။
အာဂ မျိုးချစ်စိတ်ပါပေ။
မအံ့ဩနိုင်ပါတော့အံ့။ [...]


တစ်ခါက ဘဝရှင်မင်းတြားကြီးကား
ယခုတိုင် ကျန်းမာရေးလည်း ကောင်း၊ သြဇာရေးလည်း ညောင်းဆဲဟု
တပ်မိသားစုဝင် ကိုယ်စားလှယ်တော်ကြီးက ဆို၏။
အရေခွံပြောင်းခဲ့သူများလည်း
မျက်နှာဖုံးကို အသာလှပ်၊ အရပ်ရပ် ဇာတ်တော်များကို ရှုစား
သုံးနှစ်ခံဦးမည့် ဉာဏ်များမြေပုံကို ပြင်
၂ဝ၁၅ ကို အဝင်ဖြောင့်နိုင်ရေး
ဘေးလေးဆပ် ဘေးလေးဆပ် ကြိုးစားလေသတတ်။
မအံ့သြနိုင်ပါတော့အံ့။ [...]


အရေးကြီးလျှင် သွေးစည်းရမည်ဆိုသည့်အတိုင်း
နိုင်ငံသားများ သွေးစည်းပြကြသည်မှာ
အခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲများ
ရွေးကောက်ပွဲများ၊ ငြိမ်းချမ်းရေးပွဲများ မဟုတ်မူဘဲ
မယ်ရွေးပွဲ၊ ဘောလုံးပွဲများ ဖြစ်နေသည်ကလည်း
အံ့ဖွယ်သရဲ ထူးကဲလှပါပေ့
သည်နှယ်ရွေ့လျှင်ဖြင့်
ဝေလေလေ့ ဝေလေလေ့၊ ကျောချမ်းပါသဟေ့ဟုသာ
ဗျိုးဟစ်ကာ ညည်းချင်းချပါရစေတော့
အံ့ဩကုန်နိုင်ရပါအံ့။ [...]


အဝေးနေရာများတွင်ကား ခရိုနီ အစားစားရှိနေ
လက်နက်နှင့် ယူနီဖောင်း လဲစားသည့် ငြိမ်းချမ်းရေးခရိုနီ
သယံဇာတနှင့် နယ်မြေ လဲပစ်သည့် တော်လှန်ရေးခရိုနီ
ထိုထိုခရိုနီများကား ကျည်ဒဏ်၊ ထောင်ဒဏ်ကို
ကြံ့ကြံ့ခံနိုင်သလောက်
ဒေါ်လာအမြှောက်၊ လုပ်ပိုင်ခွင့်ကျည်ဆံ ရှပ်မှန်ရုံ ရှိသေး
အတုံးအရုံး ကျဆုံးကုန်ကြသတဲ့။ [...]


ဦးသျှောင်ကြယ်သူကြီးကို ကန်ကြီးနှင့် မတွေ့မီ
ပေါက်ဖော်ကြီးတွေက တင်ကြိုတံဆိပ်ကပ်၏။
ကမ္ဘာပတ်လာသည့် ကြယ်မေမေကိုလည်း
စတားကြိုနည်းနှင့် ကြိုသူက ကြို
“ငြိမ်း”မလိုသူအဖြစ် စွပ်စွဲသူက စွဲကြသည်။
ရှစ်စဉ်ကြယ်စုထဲမလည်း
ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို လက်ရှောင်သူက ရှောင်
ပြေလည်စ “ခုံ”ကလေးအတွက် ကြောင်သူက ကြောင်
နိုင်ငံရေး ရသ သမားလိုလို ယောင်သူက ယောင်လာ၏။ [...]


စာနယ်ဇင်းကောင်စီစာရင်းသစ်
ထွက်ပေါ်လာပြန်ချေပြီ။
သည်တစ်ခါဖြင့် လောက်ကလောင်၊ ဂေါက်ကလောင်စသည့်
ဇော်ကလောင်များ ပါမလာတော့ဘဲ
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များဖြင့်
ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ ပါလာသည်။
အချို့ကျော်ကလောင်များကား ပြတ်သား၏။
ရွှေလက်နှင့်ခေါ်လည်း မလာ၊ ငွေလက်နှင့်ခေါ်လည်း မလာ၊
ကိုယ့်မူနှင့်သာ ကိုယ် ရပ်ကြ၏။ [...]


တရုတ်ပြည်မှာ မြစ်ရေနီလာသဖြင့် ပြည်သူများက
စိတ်ပူနေကြသည်ဟု ဆို၏။
မြန်မာပြည်မှာတော့ လူတွေ နီလာသည်။
အထဲနှင့် အထဲ၊ အထဲနှင့် အပြင်
အပြင်နှင့် အပြင်၊ အပြင်နှင့် အထဲ
ထစ်ခနဲဆို အပြစ်ဖို့ရမည့် တရားခံကို ရှာ၊
တိုင်းထွာပြီး ဆဲ၊ စာလုံးပေါင်း ပြောင်းပြီး ဆဲ၊
အဆဲဝဲဩဃမှာ ဒေါမနဿမီးများ ချင်းချင်းနီကြ၏။ [...]