ခေတ်သစ်သင်ပုန်းကြီး၊ သတင်းမှတ်တမ်းများ


အစိုးရအကြီးအကဲအချို့အကြား
ထွက်တော်မူ နန်းကခွာခန်းများ ခေတ်စားလာကာ
ပြည်တွင်းပြည်ပ အတိုက်အခံများအကြား
ပြည်တော်ဝင် ကြိုဆိုခန်းများ ထွန်းကားလာသည်။
အပြောကောင်းလျှင် ဆော့ဖ်ဝဲလ်ခိုးကူးရောင်းသူပင်
ရွှေထီးဆောင်းလာနိုင်ကာ
အရေးကောင်းလျှင် အဟောင်းဘုတ်အုတ်သမားလည်း
နေရာခြေကုပ်ပြောင်းလာနိုင်၏။ [...]


မြန်မာမှာမူ သနပ်စုံပညာရှင်များ
ခေတ်စားနေကြသည်။
လူရွှင်တော်က စီစဉ်ညွှန်ကြားသူ၊ စုံစမ်းစစ်ဆေးရေးသမား
လက်နက်ပွဲစားက ဘဏ်ထောင်၊ မီဒီယာ ကိုင်
အအေးဒိုင်က ဓာတ်ဆီဆိုင် ထောင်
ဈေးချောင်ပီအိပ်ခ်ျဒီက လယ်သိမ်းပြန်ရောင်း
ခွင်ကောင်းသမျှ သူရို့ချည်းသာဘုရားများ
လက်ဝါးကြီးအုပ် ကိုင်ကြဆဲ
တတ်လည်း တတ်နိုင်ကြပါပေ့။ [...]


ပြည်ပအခြေစိုက်မီဒီယာများကမူ
စတုတ္ထမဏ္ဍိုင်မှူးကြီး၏ အဝိုင်းပတ်မူဝါဒတန်ခိုးကြောင့်
အိမ်ပြင်ထရံပေါက်ချောင်းဇာတ်ရုပ်မှသည်
အိမ်ဦးဘုရားခန်းတက်ပြီး ဆွမ်းတော်စာပင် လွေးလာရကာ
ယုံချင်ယုံ မယုံချင်နေဇာတ်ကားများမှာ
အသုံးတော်ခံလာရလေ၏။ [...]


မိုးတွင်းကြီး သင်္ကြန်ကျတော့မလား ထင်ရသည်။
တရားဥပဒေစိုးမိုးရေးဗြဟ္မာ့ဦးခေါင်းကား
နတ်သမီးလက်သို့ ပြောင်းသွားလေ၏။
သို့ရာတွင် နတ်သမီးမှာ လက်ချမီး မဟုတ်မူ၍
လက်အများကြီး မရှိရကား
မြောက်ဖျားနှင့် အနောက်တံခါးတို့ကို
မည်သို့မည်ပုံများ တည်ငြိမ်အေးချမ်းအောင်
ကြိုးပမ်းနိုင်မည်နည်းဟု ခေါင်းပူသူတွေ ရှိလာသည်။ [...]


ယခုတလော ပုံနှိပ်လောကတွင်
ရောင်းမလောက်ဘက်ဆဲလားသစ်များ
ပေါ်ထွက်လာ၏။
ရောင်းမလောက်ဖော်မြူလာအချို့
မျှဝေလိုက်ပါသည်။
ထောင်ကျဖူးရမည်။
နှစ်ရှည်ရှည်ကျလျှင် ပိုကောင်း၏။ [...]


လွှတ်တော်ကြီးလည်း ဝှဲချီးကျင်းပနေ၏။
ကြိုတင်ပြ မထားလျှင် ဆွေးနွေးခွင့် မရဟု ဆိုသော်လည်း
အရေးကြီးအဆိုအား တင်သွင်းခဲ့သည်။
လျှပ်တစ်ပြက်တုံ့ပြန်ရန်
ခေါင်းပေါင်းသစ်များက ပြင်သော်လည်း
ခလုတ်နှိပ် မကျွမ်းသဖြင့်
မိုက်ကရိုဖုန်း မပွင့်သောကြောင့်
နှစ်ကုန်းတစ်ကွနှင့် ယူကျုံးမရ
ပြန်ထိုင်လိုက်ရကြောင်း သိရသည်။ [...]


ထူးဆန်းသည်မှာ တိုင်း/ပြည်နယ်လွှတ်တော်များပင်။
တေမိဇာတ်များ ခင်းနေလေသလား မသဲကွဲ။
ဗိန်းဗောင်းသံလည်း မကြားရ၊
မောင်းကြေးနင်းလည်း မခတ်ကြ၊
ကြေးစည်ထုပြီး အမျှဝေချိန် ရောက်သွားလေမလား
ပူပန်ရပါသည်။ [...]


ဂုဏ်ထူးဆောင်ဘွဲ့၊ ဆုလက်ခံမိန့်ခွန်း၊
အထိမ်းအမှတ်လက်မှတ်များ၊ လက်ခုပ်ဩဘာသံ၊
ချီးကျူးဂုဏ်ပြုမှု၊ လေးစားကြည်ညိုမှု၊
ဥရောပအနောက်ခြမ်း၌ မြန်မာ့ပုံရိပ်ကား
လန်းချင်တိုင်း လန်းနေ၏။
စမြုံ့ပြန်သံများ၊ ဆန္ဒထုတ်ဖော်သံများ၊
မီးခိုးလုံးများ၊ သွေးညှီနံ့များ၊
ကတိကဝတ်များ၊ ဆွေးနွေးငြင်းခုန်မှုများ၊
မြန်မာ့ရင်ခွင်၌ကား ပုံရိပ်အဖုံဖုံတို့
ကြမ်းမြဲတိုင်း ကြမ်းချေ၏။ [...]


ရင်နာစရာ၊ စိတ်မကောင်းစရာသတင်းများ
ကြားသိနေရသည်။
နယ်စပ်လုံခြုံရေးကိစ္စကို အထင်သေး၍ မရကြောင်း
နိုင်ငံတော်ရော နိုင်ငံသားများပါ
သဘောပေါက်သင့်ကြပေသည်။
သမ္မတကြီးက မိဘပြည်သူများအား မေတ္တာရပ်ခံသည်။
အရေးပေါ် အခြေအနေ ကြေညာလိုက်ရပြီ။
စိတ်မကောင်း ဖြစ်နေပုံရသည်။ [...]