ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၁၂၊ ၂ဝ၁၃
Myanmar Link တည်ထောင်သူ ကိုစိုးသီဟနောင်

Myanmar Link တည်ထောင်သူ ကိုစိုးသီဟနောင်

“e-Government ကအမြန်ဆုံး ဖြစ်သင့်ပါတယ်။ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားလည်း တက်လာမယ်။ ပွင့်လင်း မြင်သာမှု ပိုကောင်းလာမယ်။  အကျိုးအမြတ်တွေ အများကြီး ရှိပါတယ်။ ဒီနေ့ဖြစ်ရင် ဒီနေ့စပြီး အကျိုး ခံစား ရမယ်။ အမြန်ဆုံး လုပ်သင့်တာ ကြာလှပြီ။ သူတို့ ပြောနေတာလည်း တော်တော်ကြာနေပြီ။ အခုထက်ထိ ဘာမှ မလုပ်သေးဘူး” ဟု အိုင်တီ ပညာရှင် တစ်ဦးဖြစ်သူ ကိုစိုးသီဟနောင်က မြန်မာအင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ကိုစိုးသီဟနောင်သည် Myanmar Link ၏ CEO တစ်ဦးဖြစ်ပြီး အိုင်စီတီ တိုးတက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

e-Government လုပ်ရခြင်းသည် ပွင့်လင်းမြင်သာမှုနှင့် Dynamic ဖြစ်စေချင်၍ ဖြစ်ကြောင်း သိရသည်။ ပွင့်လင်း မြင်သာမှုသည် အတိုင်းအတာ တစ်ခုအထိ ရှိရမည်ဖြစ်ပြီး ယင်းပွင့်လင်း မြင်သာမှုကြောင့် အဂတိ လိုက်စားမှုနှင့် လာဘ်စားမှုများသည် ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် e-Government  အကောင်အထည်ဖော်မှု ကို ဌာနဆိုင်ရာ အချင်းချင်း ဆက်သွယ်မှုများ အကောင်အထည် ဖော်သည်ထက် ပြည်သူလူထုနှင့် ထိတွေ့သည့် နေရာများတွင် Dynamic ဖြစ်ရန် ပိုမိုလိုအပ်ကြောင်း သိရသည်။

ယင်းနှင့် တ်သက်၍ “ပြည်သူလူထုနဲ့ ထိတွေ့တဲ့နေရာမှာ Dynamic ဖြစ်အောင် လုပ်ရင်တော့ ပိုအဆင်ပြေ လိမ့်မယ် ထင်တယ်။ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ နေရာတွေမှာ e-Government စနစ်ကိုပိုပြီးတော့ သုံးစေချင်တယ်။ ဥပမာအနေနဲ့ မွေးစာရင်း မှတ်ပုံတင်တာ၊ ကုမ္ပဏီ မှတ်ပုံတင်တာတွေကို အွန်လိုင်းကနေလုပ် လို့ရရမယ်။ ဒါမျိုးတွေ ဖြစ်လာ ရင် ကောင်းပါတယ်”ဟု ကိုစိုးသီဟနောင်က ပြောကြားခဲ့သည်။

e-Government လုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် နည်းပညာအရ ခက်ခဲမှု မရှိကြောင်း၊ နည်းပညာ အခက်အခဲကြောင့် ယင်းလုပ်ငန်းများကို အကောင်အထည်ဖော်မှုနှောင့် နှေးနေသည်ဟု မယူဆနိုင်ကြောင်း သိရသည်။ e-Government လုပ်ငန်းများကို အကောင်အထည် ဖော်သည့်အတွက် ရှိရင်းစွဲ အဖွဲ့အစည်း အတွင်းမှ ဝန်ထမ်း အရေအတွက် လျော့ချရန် လိုအပ်လာမည် ဖြစ်ကြောင်း သိရသည်။ ယင်းအချက်သည် အစိုးရအတွက် အခက်အခဲ တစ်ခု ဖြစ်နိုင်ပြီး e-Government စနစ် အကောင်အထည် ဖော်ခြင်း၏ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ “အစိုးရလုပ်ငန်းဘက် ကြည့်တဲ့အခါ Dynamic ဖြစ်တဲ့အတွက် ဆိုးကျိုး ဖြစ်နိုင်တာတွေ ရှိတယ်။ ဒီလိုပြဿနာတွေ အားလုံးကို လက်ခံနိုင်ပြီလား။ အဖွဲ့အစည်းတစ်ခုထဲက လူတွေဟာ e-Government လုပ်လိုက်တဲ့ အတွက် တစ်ဝက်ပဲ ကျန်မယ်။ ကျန်တဲ့ တစ်ဝက်ကို ဘယ်နားမှာ သွားသုံးမှာလဲ။ အစိုးရ ကရော အဲဒီလောက် ပြောင်းလဲနိုင်စွမ်း ရှိသလား။ ဒါတွေအပေါ်ပဲ မူတည်မယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် အစိုးရက လွှင့်တင်ထားသည့် နိုင်ငံတော်သမ္မတ ရုံးဝက်ဘ်ဆိုဒ်နှင့် ပြန်ကြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ် တို့သည် သတင်း အချက်အလက် ပေးသော အခြေအနေ တွင်သာ ရှိနေသေးကြောင်း သိရသည်။ ယင်းနှင့် စပ်လျဉ်း၍ “သတင်း အချက်အလက် ဖြန့်ဝေတဲ့ စနစ်တစ်ခုပဲ ဖြစ်ဦးမှာပါ။တကယ့် e-Government က အဲလို မဟုတ်ဘူး။ ပြည်သူတွေနဲ့ ထိတွေ့တဲ့နေရာတွေကို ကွန်ပျူတာ အခြေပြုလုပ်ငန်းတွေ လုပ်ကိုင် နိုင်တာ ကမှ တကယ့် e-Government အစစ် ဖြစ်ပါတယ်” ဟု ကိုစိုးသီဟနောင်က ပြောသည်။

USAID အဖွဲ့ဦးဆောင်သော Cisco, Google, Hewlett-Packard, Intel နှင့် Microsoft ကုမ္ပဏီတို့မှ ကိုယ်စားလှယ် အဖွဲ့သည် အင်တာနက် သုံးစွဲမှု မြှင့်တင်ရန် ပွင့်လင်းသော အစိုးရ တစ်ရပ် ဖြစ်ပေါ်ရေး အင်အား ဖြည့်ဆည်းရန်နှင့် အင်တာနက် သုံးစွဲမှု တတ်မြောက်ရေး တိုးချဲ့ဆောင်ရွက်ရန် စသည့် စီမံကိန်း များကို မြန်မာနိုင်ငံတွင် လုပ်ဆောင်ရန် လာရောက် လေ့လာခဲ့ကြပြီး ဖြစ်ကြောင်းလည်း USAID က ကြေညာခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ “အိုင်တီလုပ်ငန်း တိုးတက်ဖို့နေရာမှာ US ကုမ္ပဏီတွေ အလုပ်လုပ်တဲ့ပုံစံနဲ့ တရုတ် ကုမ္ပဏီတွေ အလုပ်လုပ်တဲ့ ပုံစံမတူဘူး။ US က အလုပ် စလုပ်ကတည်းက win win plan နဲ့ လုပ်လေ့ ရှိတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စကို လုပ်လေ့ ရှိတယ်။

သူတို့ဆီက နည်းပညာ ကုမ္ပဏီ တစ်ခုစပြီဆိုရင် သူတို့ဆီက နည်း ပညာတွေကော၊ လူသား အရင်းအမြစ် တွေကော ပံ့ပိုးပေးတယ်။ အမေရိကန်တွေက ဒီနိုင်ငံလည်း တိုးတက်၊ သူတို့ လုပ်ငန်းလည်း တိုးတက်ဆိုတဲ့ ပုံ စံနဲ့ ချဉ်းကပ်ကြတာ များတယ်” ဟု  ကိုစိုးသီဟနောင်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ထို့အပြင် ဆစ္စကို ကုမ္ပဏီက မြန်မာနိုင်ငံတွင် ကွန်ရက် သင်တန်းကျောင်းနှစ်ခု တည်ထောင်ရန် စီစဉ် ထားကြောင်းနှင့် မြန်မာ လူငယ်များကို နည်းပညာ စွမ်းရည်များ သင်ကြားပေးရန် ရည်ရွယ်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်သည့် သဘောထားကို မေးမြန်းရာ “Cisco က Networking အပိုင်းပါ။ Cisco စာမေးပွဲ ဖြေပြီးလို့ ရလာမယ့် အပိုင်းကလည်း နဂိုကတည်းက ကြီးတယ်။ ဒီမှာ လာဖွင့်မယ်ဆိုတော့  ကျွန်တော်တို့ အနေနဲ့ တိုက်ရိုက် သင်ခွင့်ရမယ်။ ဒီလိုလာ ဖွင့်တဲ့အခါမှာ ဘယ်လိုဈေးနှုန်းမျိုးနဲ့ သင်တန်းဖွင့်မလဲ ဆိုတာကိုတော့ ကြည့်ရမယ်။ ဒီကလိုက်မီတဲ့ ဈေးနှုန်း မဟုတ်ဘူးဆိုရင်တော့ ပြဿနာ ရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်း အရ ကြည့်ရင်တော့ Cisco ရဲ့အလုပ်အကိုင် အခွင့်အလှမ်းက နဂိုကတည်း က ကောင်းပြီးသားပါ။ နိုင်ငံတကာ ဈေးနှုန်းနဲ့ သင်တန်းပေး ရင်တော့ ကျောင်းသားတွေ အခက်အခဲ ရှိနိုင်တယ်။ ပြည်တွင်း ဈေးနှုန်းနဲ့ သင်ပေးနိုင်ရင်တော့ ကောင်းပါတယ်”ဟု ကိုစိုးသီဟနောင်က သုံးသပ်ပြောကြားခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ အစီအစဉ် များကို ကိုယ်တိုင် သီးသန့်သင်တန်း ဖွင့်သည်ထက် ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်များနှင့် တွဲဖက်၍ ဖွင့်လှစ်လျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားခဲ့ပြီး အစိုးရ အနေဖြင့်လည်း တက္ကသိုလ်များကို ပံ့ပိုးပေးနိုင်ရန် ပိုမိုအားပေးသင့်ကြောင်း ပြော ကြားခဲ့သည်။

ကိုစိုးသီဟနောင်သည် အိုင်စီတီ လုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အိုင်စီတီ နည်းပညာ ဆိုင်ရာ သင်တန်းကျောင်း တစ်ခုဖြစ်သည့် Myanmar Link ကိုလည်း ဖွင့်လှစ်ထားသူဖြစ်သည်။

ထို့အပြင် နည်းပညာဆိုင်ရာ သင်ခန်းစာများကို အခမဲ့ လေ့လာနိုင်သည့် www.myanmartutorials.com ကို တည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး echo အီလက်ထရောနစ် မဂ္ဂဇင်းကို အီလက်ထရောနစ် ပုံစံဖြင့် လစဉ် ထုတ်ဝေ နေသူ ဖြစ်သည်။

ဝ၃၃

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*